အထက်မင်းလှနဲ့ မင်းတုန်းနယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦး တပြိုင်နက် အသတ်ခံရ

အထက်မင်းလှနဲ့ မင်းတုန်းနယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦး တပြိုင်နက် အသတ်ခံရ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှနဲ့ မင်းတုန်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦး နိုဝင်ဘာ ၂၆ ရက် မနေ့ညဦးပိုင်းက အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေဟာ အထက်မင်းလှမြို့နယ် လင်းကယ်၊ မီးလောင်ကုန်း၊ ပေတောကုန်း၊ ကဒေါင်းစောက်၊ ကံ(အလယ်)ရွာနဲ့ မင်းတုန်းမြို့နယ် တောင်ယံကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး မနေ့ည ၇ နာရီဝန်းကျင်မှာ သူတို့ရဲ့နေအိမ်တွေထဲကို အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ မင်းလှနဲ့ မင်းတုန်းအစပ်က ရွာတွေရဲ့အုပ်ချုပ်ရေးမှူးတွေပါ၊ ၆ ယောက်သေပါတယ်။  အဲ့ဒီရွာတွေက အုပ်ကြီးတွေကို ဝင်ပစ်ခံရတဲ့အချိန်မှာ ဘေးနီးစပ်တဲ့ရွာတွေက အုပ်ကြီးတွေထွက်ပြေးကြတယ်လို့လည်း သိရတယ်” လို့ မင်းလှမြို့နယ်ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

မင်းလှနဲ့မင်းတုန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြား အသတ်ခံရကြောင်း မင်းလှမြို့နယ်က နောက်ထပ်ဒေသသတင်းရင်းမြစ် ၂ ဦးကလည်း အတည်ပြုပြောပါတယ်။

“ ကြားတာက ဒီမနက်အစောမှာသိရတာ။ ၅ ယောက်၊ ၆ ယောက်တပြိုင်တည်းအသတ်ခံရတယ် ဆိုတာ။ မင်းလှဆိုပေမယ့် မင်းတုန်းနယ်အစပ် ရခိုင်ရိုးအခြေကရွာတွေလို့ ပြောရမယ်” လို့ နောက်ထပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစုံ တရာထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

ဒီကနေ့မှာ အခင်းဖြစ်ပွားတဲ့ရွာတွေနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်ထားပြီး ဒီနေ့လယ်ပိုင်းမှာ မီးလောင်ကုန်းရွာနဲ့ ပေတောကုန်းရွာတွေကို စစ်ကား ၄ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတယ်လို့လည်း သိရပါတယ်။

#မကွေး #အထက်မင်းလှ #မင်းတုန်း #အုပ်ချုပ်ရေးမှူး #၆ဦး #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10