အပူဒဏ်နဲ့ ဖျက်ပိုးကြောင့် ပြောင်းအထွက်နှုန်း ထက်ဝက်နီးပါးကျဆင်းလို့ တောင်သူတွေအရှုံးပေါ်နေ

အပူဒဏ်နဲ့ ဖျက်ပိုးကြောင့် ပြောင်းအထွက်နှုန်း ထက်ဝက်နီးပါးကျဆင်းလို့ တောင်သူတွေအရှုံးပေါ်နေ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ထဲမှာ အခုနှစ် ဆောင်းသီးနှံစိုက်ခင်းရာသီမှာ အပူဒဏ်နဲ့ ဖျက်ပိုးကြောင့် ပြောင်းအထွက်နှုန်းထွက်ဝက်နီးပါးကျဆင်းခဲ့လို့ တောင်သူတွေအရှုံးပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

အပူဒဏ်များလို့ အဖူးတွေ ပိန်လှီကာ အစေ့အဆံမအောင်တာ၊ ဖျက်ပိုးတွေက အဖူးနဲ့ အရွက်နုတွေကို စားပစ်တာတွေကြောင့် အခုနှစ်မှာ အထွက်နှုန်း ထက်ဝက်နီးပါးကျဆင်းသွားတယ်လို့ ဆိုပါတယ်။

"ပုံမှန်ဆို တဧက တင်း ၁၀၀ ကျော်ထွက်တယ်။ ဒီနှစ်က တင်း ၆၀ လောက်ပဲထွက်တာရှိတယ်။ ယခင် တဧက တင်း ၁၀၀ လောက်ထွက်နေတာတောင် တွက်ခြေမကိုက်တာ။ ခုလို အထွက်နှုန်းခေါက်ချိူးကျသွားတော့ ပိုဆိုးကုန်တာပေါ့" လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

ပြောင်းအထွက်နှုန်းကျပြီး အရှုံးပေါ်တာကြောင့် တောင်သူတွေအတွက် စားဝတ်နေရေးခက်ခဲလာသလို အကြွေးတွေလည်း တင်ကျန်ရစ်ကြတယ်လို့ဆိုပါတယ်။

အခုနှစ်မှာ ပြောင်းတဧကစိုက်ပျိုးဖို့ လုပ်သားစရိတ်၊ မြေဩဇာ၊ စက်သုံးဆီ၊ ထွန်ယက်ခ၊ ပြောင်းမျိုးတွေ အတွက် စုစုပေါင်း ကုန်ကျစရိတ် ကျပ် ၁၅ သိန်းခန့်ရှိတယ်လို့ဆိုပါတယ်။ 

လက်ရှိမှာ ပြောင်းစေ့တတင်းပေါက်စျေးက ကျပ် ၁၈,၀၀၀ ခန့်သာစျေးရနေတာကြောင့် အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။

အပူဒဏ်မြင့်တာကြောင့် ပြောင်းချိုးတာ၊ ချွေလှေ့တဲ့လုပ်ငန်းတွေကို နေခင်းပိုင်းတွေမှာ မလုပ်နိုင်ကြဘဲ မနက် အစောပိုင်းနဲ့ ညပိုင်းတွေမှာ ပြောင်းလဲလုပ်ကိုင်နေကြရပါတယ်။

သာယာဝတီမြို့နယ်အတွင်းမှာ နှစ်စဥ် အစေ့ထုတ်ပြောင်းနဲ့ အဖူးစားပြောင်း စိုက်ဧက ၅,၀၀၀ ကျော် စိုက်ပျိုးကြ သလို နွေစပါး၊ ပဲအမျိုးမျိုးကိုလည်း စိုက်ပျိုးလေ့ရှိကြတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါ တယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #သာယာဝတီမြို့ #ဆောင်းသီးနှံ #ပြောင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10