အမြန်လမ်းတိုက်ခိုက်ခံရမှု စစ်ကောင်စီဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ယာဉ်တန်းဖြစ်နိုင်ဖွယ်ရှိ

အမြန်လမ်းတိုက်ခိုက်ခံရမှု စစ်ကောင်စီဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ယာဉ်တန်းဖြစ်နိုင်ဖွယ်ရှိ

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီမှ အဆင့်မြင့်အရာရှိကြီးတဦး လိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းမည်ဟု သတင်းရရှိ၍သာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ထောက်ချုပ်ပါဝင်မှု ရှိ၊မရှိကို သီးခြားအတည်မပြုနိုင်သေးကြောင်း တောင်ငူခရိုင် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

 

အဆိုပါ စစ်ကောင်စီအရာရှိကြီးယာဉ်တန်း နေပြည်တော်မှရန်ကုန်ဘက်သို့ အမြန်လမ်းအတိုင်း‌ မောင်းနှင်လာစဉ် ဇူလိုင် ၇ ရက် ယမန်နေ့ မနက် ၉ နာရီခန့်တွင် မိုင်တိုင် ၁၆၉ မိုင် ၄ ဖာလုံတွင် ကင်းပုန်းဝပ်စောင့်ဆိုင်း မိုင်းဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

“ ကျနော်တို့ ဖရဲသီးရဲ့သတင်းပေးချက်အရ ဒီအမြန်လမ်းအတိုင်း စစ်ကောင်စီဘက်က အကောင်ကြီးကြီးတကောင် ယာဉ်တန်းလာဖို့ရှိတယ်။ အကောင်ကြီးကြီးက စစ်ထောက်ချုပ်ပါမယ်လို့ သတင်းပေးလာတာပေါ့။  စစ်ထောက်ချုပ် ဟုတ်၊မဟုတ်တော့ အတည်ပြုနေတုန်းပဲ” ဟု ၎င်းက မြေလတ်အသံကို ပြောသည်။

 

အဆိုပါ ယာဉ်တန်းတွင် ကား ၁၀ စီးပါဝင်ပြီး မိုင်း ၃ လုံးဆွဲ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှကား ၂ စီး ထိုးရပ်သွားကာ လူထိခိုက်မှုအခြေအနေကိုတော့ လက်ရှိအထိ အတည်ပြုစုံစမ်းနေဆဲဖြစ် သည်ဟုဆိုသည်။  မိုင်းဆွဲမှုကြောင့်ထိခိုက်မှုအခြေအနေတွေကိုလည်း မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါ။

 

ယမန်နေ့ညပိုင်းထုတ်ပြန်သည့် စစ်ကောင်စီထိန်းချုပ်မီဒီယာမြဝတီတွင် စစ်ကောင်စီအဖွဲ့ဝင် ဒုဝန်ကြီးချုပ်နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယမန်နေ့မနက်ပိုင်းက နေပြည်တော်နှင့် တောင်ငူအကြားရှိ အမြန်လမ်းမကြီးတလျှောက် လမ်းညွှန်အမှတ်အသားများကို စစ်ဆေးခဲ့သည်ဟု ဖော်ပြသည်။

 

စစ်ကောင်စီ၏သတင်းဖော်ပြချက်အရ အမြန်လမ်း ၁၆၇ မိုင်အနီးတွင် စစ်ကောင်စီလမ်းဦးစီးဌာနမှ  ဗိုလ်ချုပ်ကြီး တင်အောင်စန်းထံ နေပြည်တော်-တောင်ငူ ကားလမ်းပိုင်း ၊ ရထားလမ်းပိုင်းနှင့်ပတ်သက်သည့် ရှင်းလင်းတင်ပြမှုများကို လုပ်ဆောင်ခဲ့သည်ဟုလည်းဆိုသည်။

 

အဆိုပါနေရာသည် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် မိုင်တိုင်နှင့် ၂ မိုင်ခန့်သာကွာဝေးပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် လမ်းကြောင်း၊ အချိန်နှင့်နေရာများအရ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ယာဉ်တန်းဟု ယူဆလို့ရနိုင်သည်ဟု ဆိုသည်။

 

“ သူ့ယာဉ်တန်းလို့ ယူဆလို့တော့ ရနိုင်တယ်ပေါ့။ ကျနော်တို့ဘက်ကတော့ အတည်ပြုနိုင်တာမျိုးတော့မရှိသေးဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု တောင်ငူခရိုင် PDF တာဝန်ရှိသူက ဆိုသည်။

 

ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ စစ်အာဏာမသိမ်းမီက ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး၊ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာကာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်ပူးတွဲရယူထားသလို ပြီးခဲ့တဲ့အာဏာသိမ်း ၂ နှစ်ပြည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှုမှာ ဒုဝန်ကြီးချုပ်အဖြစ်ပါ ခန့်အပ်ခံထားရသူဖြစ်သည်။

 

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ မနေ့မနက်ပိုင်းမှာ အမြန်လမ်း ၁၆၉ မိုင်အနီး မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပြီး လူပစ္စည်းထိခိုက်မှုမရှိဟု ဖော်ပြကြသည်။ ထို့အပြင် အဆိုပါ မိုင်းဖောက်ခွဲခံရသည့်မိုင်တိုင်အနီးတွင် မည်သည့်စစ်ယာဉ်တန်းမှ ဖြတ်သန်းသွားခြင်းမရှိဟုလည်း အသံဖိုင်တခုထုတ်ပြန်ကာ သတင်းဖုံးဖိရန် လုပ်ဆောင်နေသည်။

 

စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည်လည်း ယမန်နေ့က နေပြည်တော်တွင်ရှိနေပြီး မာရဝိဇယဘုရားကြီး တည်ဆောက်ရေးလုပ်ငန်းတွင် အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီဘက်က ၎င်းတို့ဘက်ကရပ်တည်ရေးသားသည့် မီဒီယာများကို ဖြေကြားထားသည်။

 

ပဲခူးတိုင်းအတွင်း တန်ပြန်ထိုးစစ်အရှိန်မြှင့်တင်မည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ပြောဆိုထားပြီး ပဲခူးတိုင်းအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်း  ၂ ခုအပါအဝင် လမ်းပိုင်း ၄ ခုထက်မနည်းကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းမသွားဖို့လည်း ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ထားသည်။

 

ပုံစာ - စစ်ကောင်စီဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းအား မိုခါမုန်တိုင်းကာလ ရခိုင်ပြည်နယ်အစည်းအဝေးတခုတွင်တွေ့ရစဉ်။

 

#မြေလတ်အသံ

#စစ်ကောင်စီ #ဒုဝန်ကြီးချုပ် #ယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက် #အမြန်လမ်း #တောင်ငူခရိုင် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10