အရပ်သားတွေအပါအဝင် နှစ်ဘက်သေဆုံးမှုများခဲ့တဲ့ ဇရပ်ကြီးတိုက်ပွဲ (သတင်းဆောင်းပါး)

အရပ်သားတွေအပါအဝင် နှစ်ဘက်သေဆုံးမှုများခဲ့တဲ့ ဇရပ်ကြီးတိုက်ပွဲ (သတင်းဆောင်းပါး)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ ဖေဖော်ဝါရီ ၇ ရက် နဲ့ ၈ ရက်တွေက KNLA ပူးပေါင်းတပ်တွေဟာ ဇရပ်ကြီးမြို့ပြင်ရှိ မြို့စောင့်တပ်လို့ခေါ်တဲ့ စစ်ကောင်စီတပ် ခလရ ၇၃ အပါအဝင် တပ်စခန်း၊ ရဲစခန်းနေရာ ၅ ခု ထက်မနည်းကို တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

အဲဒီလိုတိုက်ခိုက်တာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ခလရ ၇၃ တခုကလွဲရင် တမြို့လုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ခလရ ၇၃ တပ်ရင်း မကျရေးအတွက် လေကြောင်းပစ်ကူ အများအပြားအသုံးပြုခဲ့သလို မြေပြင်စစ်ကူတွေလည်း အများအပြား ပို့ဆောင်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရော တော်လှန်ရေးတပ်တွေပါ သေဆုံးမှုများခဲ့ကာ လက်နက်၊ ခဲယမ်း ဆုံးရှုံးမှုလည်း အပြန်အလှန်ရှိခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအကြား အရပ်သားတွေလည်း အများအပြား သေဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

 

တိုက်ပွဲအစ

ဖေဖော်ဝါရီ ၇ ရက် မနက် ၂ နာရီ ၄၀ ခန့်ကစတင်ကာ KNLA နဲ့ ပူးပေါင်းတပ်တွေက ဇရပ်ကြီးမြို့ရဲစခန်း၊ မြို့အနောက်ဘက်ရှိ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ မြို့အရှေ့တောင်ဘက်ရှိ ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုစခန်းတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တာပါ။ 

ဇရပ်ကြီးရဲစခန်းနဲ့ မြို့ဆိုးစစ်ဆေးရေးဂိတ်ကို နာရီပိုင်းသာတိုက်ခိုက်ခဲ့ရပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ စခန်းတွေကိုစွန့်ခွာကာ ခလရ ၇၃ အတွင်း ဝင်ရောက်ပူးပေါင်းသွားလို့ မနက်အစောပိုင်းမှာပဲ အဲ့ဒီနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ ဇရပ်ကြီးရဲစခန်းကို တိုက်တာ ၁ နာရီနဲ့ မြို့ဆိုးဂိတ်က ၂ နာရီကျော်လောက်ပဲ ကြာတယ်။ အကုန်ထွက်ပြေးကြတာ” လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံစာ - တော်ဝင်ဒေါင်းစစ်ကြောင်းမှ PDF များ စစ်ရေးလေ့ကျင့်နေစဉ်။
ပုံစာ - တော်ဝင်ဒေါင်းစစ်ကြောင်းမှ PDF များ စစ်ရေးလေ့ကျင့်နေစဉ်။

အစောပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ခလရ ၇၃ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း တော်လှန်ရေးတပ်တွေကသာ ဖိအားပေးပြီးတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

 

တင့်ကားစစ်ကူလာလို့ တံတားချိုးချ

အထိနာနေတဲ့ စစ်ကောင်စီတပ်က မြေပြင်စစ်ကူပို့ဆောင်နိုင်ရေး လုပ်ဆောင်ခဲ့ပြီး အုတ်တွင်းနယ်ဘက်ကနေ တင့်ကား၊ သံချပ်ကာ ၃ စီးအပါ အင်အား ၁၀၀ ခန့် ဇရပ်ကြီးကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်တွေက မြေပြင်စစ်ကူဖြတ်တောက်နိုင်ရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်ကူး မြို့ဆိုးတံတားစစ်ဆေးရေးဂိတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲရွာနဲ့  မြို့ဆိုးကို ဆက်သွယ်ထားတဲ့ အဆိုပါ မြို့ဆိုးတံတားကို တော်လှန်ရေးတပ်တွေက မိုင်းခွဲဖြိုချပြီး မြေပြင်စစ်ကူကို ဖြတ်တောက်တားဆီးခဲ့တာပါ။

ပုံစာ - မြေပြင်စစ်ကူတားဆီးရန် မြို့ဆိုးတံတားအား မိုင်းခွဲဖြိုချထားစဉ်။
ပုံစာ - မြေပြင်စစ်ကူတားဆီးရန် မြို့ဆိုးတံတားအား မိုင်းခွဲဖြိုချထားစဉ်။

“ကျွဲပွဲကနေ တင့်ကား၊ စစ်ကြောင်းတွေ ဇရပ်ကြီးကို စစ်ကူလာဖို့ သတင်းရထားလို့ တံတားဂိတ်ကို ရရချင်း တံတားကို ချိုးပစ်လိုက်တာ“ လို့ အဆိုပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

 

ပိတ်မိနေတဲ့မြို့ခံတွေ လေကြောင်းဗုံးကြဲမှုအတွင်း သေဆုံး

တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ဇရပ်ကြီးမြို့ပေါ်  မြို့ဆိုးရွာအပါအဝင် အနီး ကျေးရွာတွေက ဒေသခံအများစု ပိတ်မိနေခဲ့ပြီး ပိတ်မိနေတဲ့အထဲက အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကာ  ၅၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်သားသေဆုံးသူ ၁၀ ဦးထက်မနည်းရှိပေမယ့် ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းအထိ သေဆုံးရုပ်အလောင်း ၅ ခုသာ ကောက်ယူထားနိုင်ပြီး မြို့အတွင်း လက်နက်ကြီးနဲ့ ဗုံးသီးအန္တရာယ်တွေကြောင့် အကုန် မကောက်ယူနိုင်သေးဘဲ ဒဏ်ရာရရှိသူတွေကိုတော့ တောင်ငူဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံစာ - စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် အဆောက်အဦများ။
ပုံစာ - စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် အဆောက်အဦများ။

တိုက်ပွဲတွေ ပြင်းထန်နေချိန် ဇရပ်ကြီးမြို့တွင်းနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက် မနည်းလုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီ ၁၀ နာရီအကြားမှာတော့ ဆက်တိုက် မရပ်မနား ဗုံးကြဲခဲ့တာပါ။

လေကြောင်းဗုံးကြဲခံရလို့ ဇရပ်ကြီးမြို့တွင်းရှိ နေအိမ်အလုံး ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရကာ အရပ်သား သေဆုံးသူတွေဟာ ဇရပ်ကြီးမြို့၊ ကျုံပါရပ်ကွက်အတွင်း ပိတ်မိနေသူတွေထဲကဖြစ်ပြီး အများစုမှာ စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရတာလို့  ဒေသခံတွေကဆိုပါတယ်။

ပုံစာ - ဒေသခံများ စစ်ဘေးရှောင်နေစဉ်။
ပုံစာ - ဒေသခံများ စစ်ဘေးရှောင်နေစဉ်။

“ လေယာဉ်က မနားဘူး။ လာကြဲလိုက် ပြန်သွားလိုက်နဲ့ ၁ ရက်နဲ့ ၁ မနက်ပဲ ။ နှစ်ဖက်ပစ်ခတ်မှုတွေကြား သေတဲ့သူတွေလည်းရှိတယ်” လို့ ဇရပ်ကြီးဒေသခံတဦးက ပြောပါတယ်။

 

ခဲယမ်းကုန်တဲ့အထိ အလူးအလဲခုခံခဲ့ရတဲ့ ခလရ ၇၃

တော်လှန်ရေးပူးပေါင်းတပ်တွေက ခလရ ၇၃ ကိုတိုက်ခိုက်နေချိန် ဖေဖော်ဝါရီ ၇ ရက် ညပိုင်းမှာ ခလရ ၇၃ ထဲက စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကူစစ်ကြောင်းတွေမှာ ခဲယမ်းကုန်တဲ့အထိဖြစ်ပေါ်ခဲ့တယ်လို့ ခလရ ၇၃ ကွပ်ကဲမှု တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးထံက သိရပါတယ်။

အဲ့ဒီအချိန်မှာ ခလရ ၇၃ အတွင်း ပြင်းထန်ဒဏ်ရာနဲ့ သာမာန်ဒဏ်ရာရရှိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးရှိနေပြီး ခဲယမ်းပို့ဆောင်ပေးဖို့နဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ဖို့ ရဟတ်ယာဉ်တောင်းခံပေမယ့် စစ်တပ်ခေါင်းဆောင်တွေက မပို့ပေးခဲ့ဘူးလို့ ဆိုပါတယ်။

“ အဲ့ဒီညက ခလရ ၇၃ ထဲမှာ အဲ့ဒီတပ်ကရော စစ်ကူစစ်ကြောင်းတွေကရော ဒဏ်ရာရတွေအများကြီး၊ မြေပြင်တပ်မှူးတွေက ညတွင်းချင်း ခဲယမ်းပေးပို့ဖို့နဲ့ ဒဏ်ရာရတွေခေါ်ပေးဖို့ ရဟတ်ယာဉ်တောင်းတာ။ မနက်မှ ပို့ပေးမယ်ဆိုပြီး ခွင့်မပြုဘူး။ ညဘက်ဆိုတော့ ရဟတ်ယာဉ်ဆင်းရမှာ ကြောက်လို့နေမယ်“ လို့ အဆိုပါ တပ်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

 

၂ ရက်တိုက်ပွဲ စစ်သား ၅၀ နီးပါး သေဆုံး

၂ ရက်တာတိုက်ပွဲအတွင်း ခလရ ၇၃ တပ်ရင်းအပါအဝင် ဇရပ်ကြီးစစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အသာစီးရယူ တိုက်ခိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်သားသေဆုံးမှုလည်းများပြားတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ တပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ခလရ ၇၃ နဲ့ နယ်မြေခံစစ်အုပ်စုတပ်ဖွဲ့ဝင်တွေအပြင် ဇရပ်ကြီးကို စစ်ကူလာတဲ့ စကခ ၂၀ လက်အောက်ခံတပ်က စစ်ကောင်စီတပ်သားတွေလည်း သေဆုံးခဲ့တာလို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ အထက်ပါ တပ်သတင်းရင်းမြစ်က ပြောပါတယ်။

“ စစ်ကူသွားတဲ့ စကခ ၂၀ တပ်တွေလည်း ကြားဖြတ်တိုက်ခံရပြီး သေတယ်။ ခလရ ၇၃ ထဲက ဒဏ်ရာရတွေထဲက သွေးလွန်ပြီးသေတဲ့သူတွေလည်း ရှိတယ်” လို့ သူက ဆိုပါတယ်။

ထန်းတပင်မြို့နယ်အတွင်းက မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကလည်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ နီးပါးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ပြောပါတယ်။

“ စကစ ၅၀ နီးပါးသေတယ်။ ဒီဘက်(တော်လှန်ရေးတပ်)က ကျတာလည်း များတယ်။ လက်နက်၊ ခဲယမ်း သိမ်းဆည်းရမိတွေလည်း ရှိတယ်။ ပါသွားတာတွေလည်း ရှိတယ်။ အသေးစိတ်တော့ မပြောနိုင်သေးဘူး “ လို့ ပြောပါတယ်။

 

လေကြောင်းပစ်ကူကြောင့် ခလရ ၇၃ ကို မသိမ်းနိုင်ခဲ့

ဇရပ်ကြီးမြို့က တခုတည်းသော လက်ကျန်စစ်တပ် ခလရ ၇၃ ကို တော်လှန်ရေးတပ်တွေက ၂ ရက်ကြာ နေ့ရောညပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ခလရ ၇၃ တပ်ရင်းအတွင်းအထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပေမယ့် လေယာဉ် ၃ စီးနဲ့ ဗုံးလာကြဲလို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဘက်က သေဆုံးမှုလည်း များပြားခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

"  ခလရ ၇၃ ကို တိုက်တဲ့နေရာမှာ တပ်ဝန်းထဲအထိရောက်ကြပြီး ဗဟိုကင်းတခုပဲ ကျန်တော့တာ။ အဲဒီအချိန်မှာ  လေယာဥ် ၃ စီးသုံးပြီး လာပစ်တာမှာ ဒီဘက်ကအဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ် " လို့ သူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်အပါအဝင် တိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရထားတယ်လို့ အဆိုပါမြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ ခလရ ၇၃ တပ်ရင်းကို လာရောက်တိုက်ခိုက်တဲ့ KNLA၊ PDF တပ်တွေဆီက လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံတွေနဲ့ရေးသားဖော်ပြကြပါတယ်။

KNLA ပူးပေါင်းတပ်များထံမှ​ လက်နက်များသိမ်းဆည်းရရှိကြောင်း စစ်ကောင်စီတယ်လီဂရမ်များမှ ထုတ်ပြန်ထားစဉ်။
ပုံစာ - KNLA ပူးပေါင်းတပ်များထံမှ​ လက်နက်များသိမ်းဆည်းရရှိကြောင်း စစ်ကောင်စီတယ်လီဂရမ်များမှ ထုတ်ပြန်ထားစဉ်။

တိုက်ပွဲအခြေအနေ အသေးစိတ်တွေကိုတော့ သက်ဆိုင်ရာစစ်ကြောင်းတွေနဲ့ KNLA ဘက်ကနေ သတင်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

လတ်တလောမှာ ဇရပ်ကြီးမြို့လုံးကျွတ်နီးပါး၊ ကင်မွန်းခြုံ၊ မင်းကြိုင်းရွာ၊ မြို့ဆိုး၊ တောင်ကုန်းရွာတွေအပါအဝင် အနီးအနားကျေးရွာတွေက လူ ၁၀,၀၀၀ ကျော်ထွက်ပြေးနေကြရပြီး စစ်ရှောင်တွေဟာ တောင်ငူမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေထိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လက်ရှိမှာ ဇရပ်ကြီးမြို့တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေမရှိတော့သလို ဇရပ်ကြီးမြို့နဲ့ ခလရ ၇၃ ဝန်းကျင်မှာတော့  နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေသေးပေမယ့် တိုက်ပွဲတွေကတော့ ခေတ္တငြိမ်သက်နေပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #ဇရပ်ကြီး #တိုက်ပွဲ #ခလရ၇၃

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10