အသံတိတ်သပိတ်နေ့မှာ မဖွင့်ခဲ့တဲ့ ပခုက္ကူမြို့မဈေးကြီးက ဆိုင်တွေကို ခြိမ်းခြောက်ပြီး ပိတ်ခိုင်း

အသံတိတ်သပိတ်နေ့မှာ မဖွင့်ခဲ့တဲ့ ပခုက္ကူမြို့မဈေးကြီးက ဆိုင်တွေကို ခြိမ်းခြောက်ပြီး ပိတ်ခိုင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြို့မဈေးကြီးထဲက ဆိုင်တွေကို ယမန်နေ့က မဖွင့်ဘဲ ဒီနေ့မှ ပြန်ဖွင့်တယ်ဆိုပြီး ခြိမ်းခြောက်ကာ ဆိုင်အတင်း ပိတ်ခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ  ၂ ရက် ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီအဖွဲ့ဟာ ကားနဲ့အရင်ပတ်ကြည့်ပြီးမှ ဈေးထဲကိုအင်အားအလုံးရင်းနဲ့ ဝင်ကာ မနေ့က ပိတ်တဲ့ဆိုင်တွေကို ခြိမ်းခြောက်ဆဲဆိုနေတာ ဖြစ်တယ်လို့ ဆိုင်ပိတ်လိုက်ရတဲ့ ဈေးသည်တဦးက ပြောပါတယ်။ 

“အုပ်စုလိုက်ရောက်လာပီး ဖာ** တွေ မနေ့ကကျ မထွက်ဘူး။ ဒီနေ့လည်း ထွက်စရာမလိုဘူးလို့ ပြောသွားတယ်။ အခုသိမ်း နောက်တခေါက် ပြန်လာလို့တွေ့ရင် ခြေလွန်လက်လွန် မဖြစ်ချင်ဘူးတဲ့။ စျေးလမ်းတလျှောက် အကုန်လိုက် ဆူဆဲသွားတာ၊ မနေ့က မဖွင့်တဲ့ ဆိုင်တွေတော့ ချက်ချင်းသိမ်းခိုင်းတာ။" လို့ ပြောပါတယ်။

ဈေးသည်တချို့ကတော့ ဆိုင်ပိတ်ကာ ပြန်သွားကြပြီး၊ တချို့ဈေးသည်တွေကလည်း စစ်ကောင်စီအဖွဲ့ ထပ်ရောက်လာရင် ပြေးလို့ရအောင် အသင့်ပြင်ဆင်ထားပြီး အထိတ်တလန့်နဲ့ ရောင်းချနေကြရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနေ့က အာဏာသိမ်း ၂ နှစ်ပြည့်အဖြစ် တနိုင်ငံလုံးအတိုင်းတာနဲ့ အသံတိတ်သပိတ် ကျင်းပခဲ့ကြကာ ပခုက္ကူမြို့မဈေးကြီးလည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်က ထောက်ခံတဲ့ ဈေးဆိုင်အနည်းငယ်သာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10