အိမ်စီးကားသုံး ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး ပိတ်ဆို့ပစ်လို့ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ

အိမ်စီးကားသုံး ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး ပိတ်ဆို့ပစ်လို့ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အရပ်သားအိမ်စီးကားအသုံးပြု ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲပြီး ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်လို့ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်လို့ ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပုဝါနီစစ်ကြောင်းထံက သိရပါတယ်။

ဇန်နဝါရီလ ၅ ရက် မနေ့ ညနေ ၃ နာရီကျော်မှာ စစ်ကောင်စီတပ်သား ၇ ဦးခန့်ဟာ ကွမ်းအုံကျေးရွာကနေ  အိမ်စီးကား ၁ စီးနဲ့ထွက်လာချိန် ကွမ်းအုံနဲ့တခွဲကြဲကျေးရွာအကြားမှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့တွေက ရေတာရှည်ဘက်သွားမယ်လို့ သတင်းရလို့ စောင့်နေတာ။ စစ်ကားမသုံးရဲတော့ ရွာထဲက အရပ်သားကားကိုယူပြီး ထွက်လာကြတာ။ မိုင်းဆွဲခံရပြီးတော့ကားကရပ်သွားပြီးမှ မောင်းပြေးသွားတယ်" လို့ ပုဝါနီစစ်ကြောင်းတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ချိန် ကားကိုထိမှန်တာကြောင့် ကားမှန်နဲ့တံခါးပေါက်တွေပျက်စီးသွားကာ ခေတ္တထိုးရပ်ချိန် ဝိုင်းဝန်းပစ်ခတ်တာကြောင့် ကားပေါ်ပါ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတာကို မြေပြင်သတင်းပေးတွေထံက သတင်းပေးပို့ချက်အရ ပြန်လည်သိရတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီအဖွဲ့ဟာ ဇန်နဝါရီလ ၂ ရက်နေ့လောက်ကတည်းကအင်အား ၄၀ လောက် နဲ့ကွမ်းအုံကျေးရွာထဲကို ခြေလျင်စစ်ကြောင်းအနေနဲ့ရောက်လာပြီး တပ်စွဲထားတာလို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် မနေ့ညပိုင်းမှာတော့ ကွမ်းအုံကျေးရွာနဲ့ရွှေကဇောင်းကျေးရွာတွေမှာဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကနေ PDF တွေရှိမယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့မှာ ရေတာရှည်မြို့နယ်၊ သဇန်းဇင်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို ပုဝါနီစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

 

စာတည်း- ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #တိုက်ပွဲသတင်း #စစ်ကောင်စီတပ် #PDF #ပုဝါနီစစ်ကြောင်း #မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10