အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သေနတ်နဲ့ စစ်သုံးပစ္စည်းတွေသိမ်းဆည်း

အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သေနတ်နဲ့ စစ်သုံးပစ္စည်းတွေသိမ်းဆည်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ပျူစောထီးခေါင်းဆောင် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို ဧပြီ ၁၇ ရက် ညနေက သေနတ်နဲ့ပစ်သတ်ကာ သေနတ်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းခဲ့တယ်လို့ ကျားသစ်နက်တပ်ဖွဲ့က ပြောပါတယ်။

နတ်မောက်မြို့နယ်အရှေ့ခြမ်း၊ ဂွေးချိုအုပ်စု၊  ဖုန်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၆၀ နှစ် ဝန်းကျင်လောက်ရှိတဲ့ ကိုခင်မောင်အေးကို မနေ့ ညနေ ၄ နာရီလောက်က  ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“သူ(အုပ်ကြီး)နေတဲ့ ရွာထဲဝင်သွားပြီး အုပ်ကြီးကိုလိုက်ရှာတာမှာ အုပ်ကြီးက အရင်သေနတ်နဲ့ပစ်လို့ ကျနော်တို့လည်း ပြန်ပစ်တာမှာ ပွဲချင်းပြီး သေသွားတာ” လို့ ကျားသစ်နက်တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ကိုခင်မောင်အေးဆီက ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့် သိမ်းဆည်းနိုင်ခဲ့သလို သူ့ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာက ပစ္စတိုအတု ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ၉ မမကျည် ၄ တောင့်၊ စစ်ဝတ်စုံ ၁၁ စုံ၊ အီကွေးမန့် ၇ စုံ၊ စစ်ဖိနပ် ၅ ရံနဲ့ ကျောပိုးအိတ် ၁ လုံးတို့ သိမ်းဆည်းနိုင်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ၁ နာရီလောက်အကြာမှာ စစ်ကောင်စီဘက်က လာရောက်ကာ အလောင်းကို နတ်မောက်ဘက် သယ်သွားတယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊  ကြိုးကြာနီတပ်ဖွဲ့နဲ့ နတ်မောက် ပကဖ၊ မြို့သစ်ပကဖ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ နဲ့  Aung San’s Land တပ်ရင်း ၉၀၂ တို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့  သိရပါတယ်။ 

အဲဒီတပ်ဖွဲ့တွေဟာ  ဧပြီ ၁၄ ရက် ညက နတ်‌မောက်မြို့နယ် လက္ခုပင်အုပ်ချုပ်ရေးမှူး ကိုဘိုထွန်းကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပြီး  ပွိုင့်တူးတူး လက်လုပ်သေနတ်တလက်နဲ့ ကျည်အချို့ သိမ်းဆည်းခဲ့ပါသေးတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် သေနတ်နှင့် စစ်အသုံးဆောင်များ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #နတ်မောက်မြို့ #ပျူစောထီး #အုပ်ချုပ်ရေးမှူး #သေနတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10