အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရပြီးနောက် အထက်မင်းလှနဲ့မင်းတုန်းနယ်က အုပ်ချုပ်ရေးမှူးတွေ မိသားစုလိုက်ထွက်ပြေး

အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရပြီးနောက် အထက်မင်းလှနဲ့မင်းတုန်းနယ်က အုပ်ချုပ်ရေးမှူးတွေ မိသားစုလိုက်ထွက်ပြေး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ကအုပ်ချုပ်ရေးမှူးတချို့ နေအိမ်တွေကနေ မိသားစုလိုက်ထွက်ပြေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် ညပိုင်းက မင်းလှမြို့နယ် လင်းကယ်၊ မီးလောင်ကုန်း၊ ပေတောကုန်း၊ ကဒေါင်းစောက်၊ ကံ(အလယ်) ရွာတွေနဲ့ မင်းတုန်းမြို့နယ် တောင်ယံကျေးရွားက အုပ်ချုပ်ရေးမှူးတွေ တပြိုင်တည်း အသတ်ခံရပြီးတဲ့နောက် အဲ့ဒီရွာတွေနဲ့ အနီးတဝိုက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နေအိမ်တွေမှာ မနေရဲတော့ဘဲ ထွက်ပြေးနေတာလို့ ဆိုပါတယ်။

“အဲ့ဒီညကတည်းက ခုအသတ်ခံရတဲ့ရွာတွေအပြင် ရခိုင်ရိုးအစပ်က တခြားရွာတွေကိုလည်း ဝင်တယ်လို့သိရတယ်။ တခြားရွာတွေက အုပ်ကြီးတွေက အသိစောပြီး ထွက်ပြေးချိန်ရလို့လွတ်သွားကြတယ်လို့သိရတယ်။" လို့ မင်းလှဒေသခံတဦးက မြေလတ်အသံ ကို ပြောပါတယ်။

မင်းလှနယ် ကြက်လောင်း၊ မင်းတုန်းနယ်က ကံကျောအပြင် ရခိုင်ရိုးအစပ်ရွာတွေက အုပ်ကြီးတွေ မိသားစုလိုက်ထွက်ပြေးကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် မင်းလှမြို့နဲ့ အနီးမှာရှိတဲ့ မလွန်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ မန်းသံပုရာကန်စတဲ့ ရွာတွေအပါအဝင် မြို့အနီးတဝိုက်ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေကိုတော့ မြို့မရဲစခန်းမှာ လာရောက်နေထိုင်ဖို့ စစ်ကောင်စီဘက်က ပြောဆိုထားတယ်လို့လည်း မြို့နယ်စစ်ကောင်စီနဲ့နီးစပ်တဲ့ မြို့ခံတချို့ကတဆင့် သိရပါတယ်။

လက်ရှိမှာ အုပ်ချုပ်ရေးမှူးတွေသေဆုံးခဲ့တဲ့ လင်းကယ်တိုက်နယ်နဲ့အနီးတဝိုက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကား ၄ စီးနဲ့လှည့်ပတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ အထက်မင်းလှမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူး ၇၆ ဦး စစ်ကောင်စီလက်အောက်ကနေ နှုတ်ထွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေးတယ်လို့ အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

#မကွေး #မင်းလှ #မင်းတုန်း #အုပ်ချုပ်ရေးမှူး #အသတ်ခံရမှု #ထွက်ပြေးတိမ်းရှောင် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10