အောင်လံကစစ်တပ်ဂိတ်တခုမှာ လမ်းသွားကားတွေတားပြီး လူငယ်တွေကိုဖမ်းဆီးနေ၊ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရ

အောင်လံကစစ်တပ်ဂိတ်တခုမှာ လမ်းသွားကားတွေတားပြီး လူငယ်တွေကိုဖမ်းဆီးနေ၊ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရ

မကွေးတိုင်း၊ အောင်လံမြို့အရှေ့ဘက်၊ စမ်းကလေးရွာနားက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စစ်သားတွေက လမ်းသွားလမ်းလာ ကားတွေကိုတားပြီး ကားပေါ်ပါလာတဲ့ လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၅ ရက် ဒီနေ့မနက် ၇နာရီဝန်းကျင်က စတင်ဖမ်းဆီးနေတာဖြစ်ပြီး သန်သန်မာမာနဲ့ ထောင်ထောင်မောင်းမောင်းရှိတဲ့ လူငယ်တွေကို ရွေးပြီးဖမ်းနေတာလို့ ဆိုပါတယ်။

“အရှေ့တောဘက်ကလာတဲ့ တောကားတွေပေါ်မှာ ပါလာတဲ့ လူငယ်တွေကို ဆွဲခေါ်ထားပါတယ်။ ကားတိုင်းကို ကားပေါ်တက်ကြည့်တယ်။ လူငယ် ၃ ယောက်လောက်ပါရင် သန်သန်မာမာ ၂ ယောက်လောက်ဆွဲတယ်။ ၂ ယောက်ပါရင် တယောက်ရွေးပြီးဆွဲတယ်။ ‘မင်းတို့ခဏနေခဲ့ဦး’ပြောပြီး အကုန်ဆွဲချထားတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီမနက် ၁၀ နာရီလောက်အထိ အသက် ၁၈ ကနေ ၃၅ နှစ်ကြားရှိ အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံထားရပြီး ဒေသခံပြည်သူတွေအနေနဲ့ အဆိုပါလမ်းပိုင်းကို သတိထားသွားကြဖို့ အထက်ပါဒေသခံကပြောပါတယ်။  

အောင်လံမြို့မှာ အရှေ့ဘက်ဂိတ်၊ တောင်ဘက်ဂိတ်၊ မြောက်ဘက်ဂိတ် ဆိုပြီး စစ်ကောင်စီဂိတ် ၃ ခုရှိကာ အရှေ့ဘက်ဂိတ်ဖြစ်တဲ့ စမ်းကလေးရွာအနီးက ဂိတ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၇ ဦး ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - စလင်း ကံပြားလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #စမ်းကလေးကျေးရွာ #စစ်ကောင်စီဂိတ် #လမ်းသွားလမ်းလာ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10