ဦးပိုင်အမြတ်ငွေမရသေးလို့ တပ်မိသားစုဝင်တွေစိတ်ပျက်၊ အများပိုင်ဖြစ်လို့ လုပ်ငန်းစဉ်တွေအရ ကြန့်ကြာနေတာလို့ စစ်ကောင်စီပြော

ဦးပိုင်အမြတ်ငွေမရသေးလို့ တပ်မိသားစုဝင်တွေစိတ်ပျက်၊ အများပိုင်ဖြစ်လို့ လုပ်ငန်းစဉ်တွေအရ ကြန့်ကြာနေတာလို့ စစ်ကောင်စီပြော

အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထုတ်ပေးရမယ့် ဦးပိုင်အစုရှယ်ယာ ထည့်ဝင်အမြတ်ငွေတွေ ဩဂုတ်လ နောက်ဆုံးအပတ်အထိ မရရှိသေးတာကြောင့် တပ်တွင်းမိသားစုဝင်တွေအကြား ဝေဖန်မှုတွေရှိနေတယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

၂၀၂၂၊ ဇွန်လ ကနေ ၂၀၂၃ ဇွန်လ အထိ ၁ နှစ်စာအတွက် ရရှိမယ့် စစ်ကောင်စီ အောက်ခြေတပ်ဖွဲ့ ဝင်တွေရဲ့  ဦးပိုင်အမြတ်ငွေတွေကို ဇွန်လကုန်မှာ ထုတ်ပေးရမှာဖြစ်ပေမယ့် ယခု ဩဂုတ်လ နောက် ဆုံးအပတ်ရောက်ရှိတဲ့အထိ မရရှိသေးတာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ဇွန်လထဲက မျှော်ရတာပေါ့၊ ၂ လကျော်လောက်ရှိနေပြီ။ လဆန်းကနေ လလယ်၊ လလယ် ကနေ လကုန် အမျိုးမျိုးတော့ပြောနေကြတာဘဲ။ စိတ်ကတော့ ပျက်တာပေ့ါလေ။ ပျက်လို့သာ ပျက်ရတာ အရင်ကလည်း ဒီထက်မက နောက်ကျတာဘဲဆိုတော့” လို့ လုံခြုံရေးအရ တပ်အမည် မဖော်လိုတဲ့ မကွေးမြို့အခြေစိုက် တပ်ရင်းတခုရဲ့ တပ်မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ ဆိုရှယ်မီဒီယာဂရုတွေအပါအဝင် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဦးပိုင် အမြတ်ငွေမရရှိသေးတာနဲ့ပတ်သတ်ပြီး ဝေဖန်ပြောဆိုမှုအချို့ကို တွေ့ရပါတယ်။

ဦးပိုင်အမြတ်ငွေပြန်လည်ထုတ်ပေးမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး မနေ့ကပြုလုပ်တဲ့ စစ် ကောင်စီသတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ဦးပိုင်ဟာ အများပိုင်ကုမ္ပဏီဖြစ်တာကြောင့် လုပ်ထုံးလုပ်နည်းတွေအရ ကြန့်ကြာနေတာလို့ ပြောပါတယ်။

“ဦးပိုင်က အများပိုင်ဖြစ်တော့ တဦးတည်းဆုံးဖြတ်လို့မရဘူး၊ သူ့ရဲ့လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ စာရင်းစစ်ခံရတယ်၊ စာရင်းစစ်ခံပြီး စာရင်းစစ်လွှာထွက်လာမှ အားလုံးအတည်ပြုပြီးမှ ပေးရတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြောဆိုမှုဟာ  ဆင်ခြေတခုသာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဦးပိုင်ကုမ္ပဏီလုပ်ငန်းစုအပါအဝင် စစ်တပ်ပိုင်လုပ်ငန်းထုတ်ကုန်တွေကို ဆန်ကျင်ကြဖို့နဲ့ မသုံးစွဲကြဖို့ ပြည်သူတွေက boycott လုပ်ထားကြပြီး၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် အကြပ်အတည်းတွေဖြစ်နေကာ အခုလိုမျိုုး သတ်မှတ်ကာလတွေမှာ ပြန်လည် မထုတ်ပေးနိုင်တာမျိုးတွေ ဖြစ်ပေါ်နေတာလို့ CDM တပ်မတော်သားအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

စစ်ကောင်စီတပ်ဘက် ဦးပိုင်အမြတ်ငွေ ပြန်လည်ထုတ်ပေးနိုင်မှုအခြေအနေတွေဟာ စစ်အာဏာသိမ်းပြီးနောက် ယခင်ထက်နောက်ကျလာတာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း နောက်ဆုံးရရှိတဲ့ အမြတ်ငွေထုတ်ပေးမှုမှာလည်း သတ်မှတ်ကာလထက် ၄ လကျော် နောက်ကျပြီးမှ ထုတ်ပေးနိုင်ခဲ့တာလို့ သူကဆိုပါတယ်။ 

စစ်ကောင်စီတပ်ဟာ ၎င်းတို့အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းကို အခြားအဆင့်စစ်သည် ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်ကြီးအထိ ကျပ်သိန်း ၃၀၊ ဗိုလ်မှူးနဲ့အထက်ကို ကျပ်သိန်း ၅၀ ဦးပိုင်အစု ရှယ်ယာထည့်ဝင်ဖို့ သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ငွေပမာဏပြည့်မီတဲ့အထိ မဖြစ်မနေထည့် ဝင်ရကာ အောက်ခြေစစ်သားအများစုကတော့ လစာကနေ ဖြတ်တောက်ခံရပြီး ထည့်ဝင်ရတယ်လို့ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

သတင်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကောင်စီတပ် #ဦးပိုင် #အမြတ်ငွေ #မရရှိမှု #တပ်တွင်းဝေဖန် #boycott #စစ်တပ်ထုတ်ကုန် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10