၂ ရက်အတွင်း ကျွန်းလှနယ်က ရွာ ၄ ရွာကို စစ်တပ်ကမီးရှို့ လို့ ဆေးခန်း ၁ ခုအပါ နေအိမ် ၂၅ လုံးပျက်စီး

၂ ရက်အတွင်း ကျွန်းလှနယ်က ရွာ ၄ ရွာကို စစ်တပ်ကမီးရှို့ လို့ ဆေးခန်း ၁ ခုအပါ နေအိမ် ၂၅ လုံးပျက်စီး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက ရွာ ၄ ရွာကို စစ်ကောင်စီတပ်သားတွေက ၂ ရက်အတွင်း စစ်ကြောင်းထိုး မီးရှို့ခဲ့လို့ စုစုပေါင်းနေအိမ် ၂၅ လုံး၊ စပါးတိုက် ၃ လုံးနဲ့ ဆေးပေးခန်းတခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ကလေးအခြေစိုက် ခမရ (၃၆၁) တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၇၀ လောက်က မေလ ၂၉ ရက် မနက် ၇ နာရီလောက်မှာ ကျွန်းလှမြို့နယ်၊ သံပုရာပင်စုကျေးရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

အဲ့ဒီနောက် မနက် ၇ နာရီ ၅၀ မိနစ်လောက်မှာတော့ သံပုရာပင်စုကျေးရွာနဲ့ တမိုင်ခွဲလောက်ဝေးတဲ့ လွှတ်တိုက်ကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးပြီး အဲ့ဒီရွာက နေအိမ် ၇ လုံးနဲ့ ဆေးပေးခန်းတခုကို မီးရှို့ခဲ့ကာ ညနေ ၃ နာရီလောက်မှာတော့ ဆွဲလှဲကျေးရွာက နေအိမ် ၈ လုံးနဲ့ စပါးတိုက် ၂ ခုကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ 

၂၉ ရက်ညမှာတော့ အဆိုပါစစ်ကြောင်းဟာ ဆွဲလှဲကျေးရွာမှာပဲ ညအိပ်စခန်းချခဲ့ကာ မေလ ၃၀ ရက်မနက် ၇ နာရီဝန်းကျင်မှ မဒေါင်းကျေးရွာကိုဝင်ကာ နေအိမ် ၈ လုံးနဲ့စပါးတိုက် ၁ တိုက်ကို မီးရှို့ခဲ့တာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။ 

“ဖမ်းဆီးခံရတဲ့ ရွာသားတွေတော့ မရှိပါဘူး၊ အခုချိန်ထိ ရွာသားအကုန်လုံးက ရွာထဲမဝင်ကြသေးဘူး။ တချို့တဝက်တွေပဲ ပြန်ဝင်နေကြတယ်။ တချို့ကတော့ တောထဲမှာ ပုန်းခိုနေကြတုန်းပဲ။ နောက်ထပ် စစ်ကြောင်းဝင်လာမှာစိုးလို့။ မီးရှို့ခံရတဲ့ကျေးရွာတွေက တရွာနဲ့တရွာ တမိုင်ခွဲလောက်ပဲ ဝေးကြတယ်”လို့ ဆိုပါတယ်။

အလားတူ ကျွန်းလှမြို့နယ်ထဲက ဖိုလ်ကုန်း၊ သရက္ကံကြီး၊ ထောက်ရှာအိုင်၊ ချင်းမြင်းကျင်း၊ သိုးဘိုး၊ ညောင်ပေါင်းရင်း၊ သရက်ခေါင်း၊ ဖလံချိုင်၊ ခအုံးတာ၊ ဉာဏ်အင်း၊ မန်ကျည်းကုန်း၊ ဆူးတပ်နဲ့ ဖုတ်ကုန်း စတဲ့ကျေးရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်တွေက ခုမေလအတွင်းမှာပဲ မီးရှို့ခဲ့ပါသေးတယ်။ 

အခုလို ကျွန်းလှမြို့နယ်ထဲကနေအိမ်တွေကို စစ်အုပ်စုက လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့အတွက် အထက်ပါကျေးရွာတွေအပြင် တောင်ယာဆိပ်၊ တကုန်းရွာ၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ အောင်သာယာ၊ မဒေါင်၊ ဆွဲလှဲ၊ တင်ငုတ်ကြီး၊ မြင်သာဦး၊ သရက်တော၊ အောင်ရန်ကင်း စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် မေလ ၂၀ ရက်ကလည်း ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာက ဒေသခံတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ပျူသင်တန်းတက်ဖို့အတွက်  ရွာသားတွေကိုမဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့ ရွာသား ၃၀ ကိုလည်း မဖြစ်မနေ ပျူသင်တန်းတက်ရမယ်လို့ ဖိအားပေးခိုင်းစေတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့  ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန််ရေးသားထာပါသေးတယ်။

ပုံစာ - မေလ ၁၉ ရက်တွင် စစ်တပ်ကမီးရှို့ခဲ့သည့် ကျွန်းလှမြို့နယ်တွင်းက ကျေးရွာတရွာ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #ကျွန်းလှ #စစ်ကောင်စီ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10