KIA၊ PDF ၁၀ ဦး လက်နက်တွေနဲ့ အလင်းဝင်တယ်ဆိုတာ မသိရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ တုံ့ပြန်

KIA၊ PDF ၁၀ ဦး လက်နက်တွေနဲ့ အလင်းဝင်တယ်ဆိုတာ မသိရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ တုံ့ပြန်

KIA နဲ့ PDF တပ်ဖွဲ့၀င်တွေ စစ်ကောင်စီထံ လက်နက်နဲ့တကွ အလင်း၀င်ရောက်လာတယ်ဆိုတာ ၎င်းအနေနဲ့မသိရှိဘူးလို့ ကချင်လွတ်မြောက်ရေးတပ် - KIA သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက မြေလတ်အသံကို ပြောပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ KIA/PDF ၁၀ ဦး အလင်းဝင်ရောက်လာတယ်လို့ နို၀င်ဘာ ၂ ရက်နေ့ မနေ့ညပိုင်းက စစ်တပ်ပိုင်မြဝတီသတင်းမှာ ဖော်ပြလာမှုအပေါ် ဗိုလ်မှူးကြီး နော်ဘူက အခုလိုတုံ့ပြန်ပြောဆိုလာတာပါ။ 

"အဲဒီလိုသတင်းမျိုး ဒီဘက်မှာ မကြားမိဘူး။ အဲဒီဟာတွေက ဘယ်တုန်းက ဓာတ်ပုံတွေ၊ မှတ်တမ်းတွေ လည်း မသိဘူး။ ကျနော်တို့ဘက်ကတော့ အဲဒီလိုမျိုးလုပ်တယ်လို့ သတင်းတက်မလာဘူး"လို့ KIA သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စစ်ကောင်စီ မြဝတီသတင်းရုပ်သံမှာ ပြစ်မှုကျူးလွန်မှုမရှိတဲ့ KIA၊ PDF အဖွဲ့ဝင် ၁၀ ဦးဟုဆိုကာ  မျက်နှာကိုကာထားတဲ့ ပြောက်ကျားယူနီဖောင်းဝတ်အမျိုးသားတွေကိုလည်း ဖော်ပြပါတယ်။

ဒါ့အပြင် ၎င်းတို့နဲ့အတူ ပါလာတဲ့ AK 47 ၄ လက်၊ KO လက်နက်ငယ် ၂ လက်၊ AK 47 ၄၀ တွဲ ၁ လက်၊ M 79 ၂ လက်၊ စနိုက်ဘာ ၁ လက်နဲ့ ၅.၅၆ ကျည် ၄၅၀၊ ၇.၆၂ စနိုက်ဘာကျည် ၁၅၀၊ ၄၀ မမ ဗုံးသီး ၂၉ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၆ လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုနဲ့ အလင်းဝင်ရောက်လာလို့ ထောက်ပံ့ငွေ ၁၆၅ သိန်းပေးအပ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းအထက်ပိုင်းဒေသနဲ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ စစ်ရေးအရအရေးပါတဲ့ အဓိကတပ်စခန်းတွေဖြစ်တဲ့ အောင်ဂျာ၊ ကန်တောင်ယန်၊ နမ့်ဟိုင်းစတဲ့ စစ်စခန်းတွေကို KIA တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KIA၊ PDF တွေ အလင်းဝင်လာတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ကချင် #စစ်ကိုင်း #KIA #PDF #အလင်းဝင် #စစ်တပ် #ဝါဒဖြန့် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10