"MG6 ခေါင်းဆောင်သေဆုံးခဲ့မှုနှင့် စစ်ရေးဖြင့်ဖြေရှင်းမှု ဘယ်သူ့မှာတာဝန်ရှိလဲ"

"MG6 ခေါင်းဆောင်သေဆုံးခဲ့မှုနှင့် စစ်ရေးဖြင့်ဖြေရှင်းမှု ဘယ်သူ့မှာတာဝန်ရှိလဲ"

စစ်အာဏာရှင်တော်လှန်နေကြသည့် အဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ရသည်အထိ မကျေလည်မှု အရှုပ်အထွေးများ ဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှုများတွင် MG6 ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်း သေဆုံးသည်အထိ ဖြစ်ခဲ့ရပြီး ယခု ၄ ရက်ကြာသည်အထိ ဖြစ်ရပ်မှန်နှင့် နောက်ဆက်တွဲ သတင်းများက တိတ်ဆိတ်ပျောက်ကွယ်လျှက် ရှိသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နှစ်ဖက်အဖွဲ့အစည်းများအကြား အပြန်အလှန်ပြောဆို စွပ်စွဲမှုများသာ ရှိနေပြီး တာဝန်ရှိသော အထက်အဖွဲ့အစည်းများအနေဖြင့် ကြားဝင်ဆောင်ရွက်ညှိနှိုင်းပေးတာမျိုး မရှိသေးဘဲ ဖမ်းဆီးမှုကိုတော့ ပြုလုပ်ထားသည်။

ထိုအခြေအနေသည် တော်လှန်ရေးအဖွဲ့များအကြား သံသယစိတ်ပိုကြီးစေသည်။ ပါဝင်ပတ်သတ်သော တချို့အဖွဲ့များအနေဖြင့်လည်း တိမ်းရှောင်နေကြရသည်များရှိသလို တချို့အဖွဲ့အစည်းများကလည်း ဖြစ်စဉ်ကို ပြောပြဖို့ လက်ရှောင်နေကြသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်တော့ စစ်ရေးဖြင့် ဖြေရှင်းခြင်းထက် ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းစေလိုကြသည်။ အထူးသဖြင့် MOD-NUG (Ministry of Defence-National Unity Government)၏ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှု နှောင့်နှေးခဲ့သည်ဟု မှတ်ချက်ပြုကြသည်။

 

"MG6 လာရာလမ်းနှင့် သူတို့အမြင်"

MG6 ခေါင်းဆောင်ဗိုလ်ကျော်လင်းထွန်း(ဖိုးချမ်း)သည် အသက် ၂၇ နှစ်အရွယ် လူငယ်တဦးဖြစ်သည်။ မြင်းခြံမြို့သား တယောက်ဖြစ်ပြီး စစ်အာဏာသိမ်းမှုစတင်ခဲ့ကတည်းက ဆန္ဒပြခဲ့သည်။ ဆန္ဒပြမှုများ ဖြိုခွင်းခံရသည့်နောက် ကိုကျော်လင်းထွန်းနေထိုင်ရာ အမှတ် ၆ ရပ်ကွက်မှာ မြိုရဲ့ပထမဆုံးသော ခံတပ်ကိုဆောက်လုပ်ကာ Air gun, Gas gun များဖြင့် တိုက်ခိုက်ခဲ့သည်။ ခံတပ်ဖြိုခွင်းခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရကာ ကိုကျော်လင်းထွန်းမိဘများက သူတို့ပိုင်ဆိုင်ထားသည့်ကားဖြင့် သားကိုလဲကာ ရွေးထုတ်ခဲ့ရသည်။

နောက်ပိုင်းမှာတော့ MG6 ပြောက်ကျားတပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကင်းများကို ဝင်ရောက်ပစ်ခတ်တာများ ပြုလုပ်သည်။ ကိုကျော်လင်းထွန်း၏ မိဘများ ပိုင်ဆိုင်မှုအားလုံးကိုတော့ စစ်ကောင်စီက ချိပ်ပိတ်ထားလိုက်ကြသည်။

“ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တယ်။ အဲ့အတွက် နောင်တ မရဘူး။ အဲ့တော့ လက်နက်ကိုင် လမ်းစဉ်ကို ဆက်လျှောက်မယ်။ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်မရောက်မချင်း ဆက်သွားမယ်။ ကျနော်တို့ လုံခြုံရေးအနေနဲ့ကတော့ ကျနော်တို့နေရာတဲ့နေရာမှာ အတတ်နိုင်ဆုံး လုံခြုံအောင်နေတယ်။ စားရေးသောက်ရေးအတွက်ကတော့ မရှိရှိတာနဲ့ စားပြီးကြိုးစားလို့ရတယ်။” ဟု ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ဖော်ပြထားသော မြေလတ်အသံနှင့် သီးသန့်အင်တာဗျူးတွင် ဗိုလ်ကျော်လင်းထွန်းက ဖြေဆိုခဲ့ဖူးသည်။

MG6 အနေဖြင့် မြင်းခြံတွင် အခြေစိုက်စဉ်ကနှင့် ရေစကြို၊ ရေလယ်ကျွန်းတွင် လှုပ်ရှားမှုများ၌ စစ်ကောင်စီတပ်ကို တိုက်ပွဲပေါင်းများစွာ ဖော်ဆောင်ခဲ့သလို မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင် မှုများလည်း ရှိခဲ့သည်။

နောက်ပိုင်ကာလများတွင် ထောက်ပံ့မှုခိုင်မာလာခြင်းနှင့်အတူ လက်နက်အင်အား ကောင်းမွန်လာကြောင်း ဆိုကြသည်။ 

“ဖိုးချမ်းလေးက ဒေသခံ မဟုတ်ဘူး။ ထောက်ပံ့သူ အားကောင်းတယ်။ လက်နက်အင်အား တောင့်တင်းတယ်။ ဆိုတဲ့အခါကျတော့ တိုက်ပွဲလည်းဖော်ဆောင်တယ်။ အလုပ်ကတော့ အတော်လုပ်တယ်။ တခြားသော ဆက်ဆံရေး မပြေလည်တာတွေရှိတယ်။ သင်္ဘောခွန်ကောက်တာတို့ ဘာတို့တော့ ကြမ်းကြမ်းတမ်းတမ်း ကောက်တာရှိတယ်။” ဟု ပကဖအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သူ သက်ကြီးပိုင်း တော်လှန်ရေးသမားတဦးက မြေလတ်အသံကို ဖြေဆိုထားသည်။ 

လက်ရှိတွင် အထက်ပါ ပုဂ္ဂိုလ်က အခြားတော်လှန်ရေးအဖွဲ့အစည်းတခုတွင် တာဝန်ထမ်းဆောင်နေပြီး လုံခြုံရေးအရ အဖွဲ့အစည်းနှင့် သူ၏ နာမည်ကို  မဖော်ပြရန်တောင်းဆိုထားသည်။ 

လွန်ခဲ့သော တနှစ်ခန့်က ပကဖ အဖွဲ့အစည်းအတွင်းသာ ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုသို့ မကြေညာခဲ့သော ဖြစ်စဉ်တခုရှိခဲ့သည်။ ထုတ်ပြန်ချက်တွင် MG6 မှ ဗိုလ်ကျော်လင်းထွန်းကို လောင်းကစားနှင့် မူးယစ်ဆေးကိစ္စဖြင့် အရေးယူရန်ဖြစ်ပြီး ဗိုလ်ကျော်လင်းထွန်းဖက်က ငြိမ်သွားသည့်အတွက် အရေးမယူဖြစ်ခဲ့ဟု သူက ဆက်ပြောသည်။ 

ဗိုလ်ကျော်လင်းထွန်းသည် တော်လှန်ရေးအလုပ်ကို အားစိုက်ကြိုးစားလုပ်ဆောင်သူ ဖြစ်သော်လည်း လူငယ်စရိုက်အရ တဇွတ်ထိုးနိုင်သလို လက်နက်ဖြင့်ဖြေရှင်းချင်သည့် စိတ်သဘောထား ရှိကြောင်းလည်း သူကဆိုသည်။

“ကိုယ်တို့နဲ့ကြုံဖူးတာက ရွာတရွာကိုဝင်တယ်။ ကင်းမထောက်ဘဲ ဝင်တယ် ရွာကင်းကပြောတဲ့အခါကျရင် သူတို့က သေနတ်တွေမောင်းတင် ရွာကိုလည်း မိုင်းခွဲမယ်ဘာညာဆိုပြီး ဖြစ်ဖူးတယ်။” ဟု သက်ကြီးပိုင်း တော်လှန်ရေးသမားတဦးက သူအတွေ့အကြုံကို ပြောသည်။

လက်ရှိပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အဖွဲ့အစည်းအချို့နှင့် အခြားသောတော်လှန်ရေးအင်အားစု အချို့ကလည်း MG6 အဖွဲ့အား မူးယစ်ဆေးဖြင့် မကင်းဟု စွပ်စွဲပြောဆိုထာမှုများ ရှိနေသည်။

“ကျမတို့အနေနဲ့ကတော့ သူများကိုယ်ရေးကိုယ်တာကိစ္စတွေကို ဝင်ရောက်ပြောဆိုလိုတာ မရှိပါဘူး။ မပြောချင်ဘူး။ အရင်ကတော့ ကျမတို့အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတိုက်ပွဲဖော်ဆောင်မှုတွေ ရှိပါတယ်။ မဟာမိတ်တွေပါပဲ။ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ကျမတို့ မကြားမိဘူး။ ကျမတို့ကကျတော့ အလုပ်ကိစ္စပဲ ပြောကြတာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့တခုမှ တာဝန်ရှိသူရဲမေတဦးက မြေလတ်အသံကို ဖြေကြားသည်။

MG6 ရွှေ့ပြောင်းခဲ့ရာ ရေစကြိုမြို့နယ်သည် မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲတွင် ပါဝင်နေသော်လည်း အရှေ့တောင်ဘက်တွင် မန္တလေးတိုင်း၊ မြင်းခြံ၊ တောင်သာမြို့တို့နှင့် နယ်မြေချင်း ထိစပ်နေသည်။ ထို့ကြောင့် စစ်ရေးသဘောအရ ကူးလူးဝင်ထွက် လှုပ်ရှားရသည်များလည်း ရှိနေကြသည်။

 

"ပစ်ခတ်မှုမဖြစ်ခင် ဘာတွေဖြစ်ခဲ့လဲ"

ပစ်ခတ်မှုမဖြစ်ခင် တပတ်ခန့်က မင်းရွာတိုက်ပွဲတွင် MG6 အဖွဲ့နှင့် ရေလယ်ကျွန်းတပ်ပေါင်းစုတို့ မဟာမိတ်ပြုလုပ် ပူးပေါင်းတိုက်ပွဲတခု ဖော်ဆောင်ခဲ့ကြသည်ဟု မြေပြင်တပ်ဖွဲ့ဝင်တဦးဆီက သိရကြောင်းဆိုသည်။ 

ယင်းတိုက်ပွဲတွင် ရေလယ်ကျွန်းတပ်ဖွဲ့မှ လက်နက်ကြီးပစ်ကူ ပေးခဲ့ပြီး MG6 အဖွဲ့က အနီးကပ်တိုက်ခိုက်ခဲ့ရာ ကျည်ကုန်သည့်အတွက် အကူညီတောင်းခံရာ ရေလယ်ကျွန်းတပ်ပေါင်းစုဘက်မှ ပေးနိုင်ခြင်းမရှိခဲ့ဟု မြေပြင်က သိရသည့်အချက်အလက်ကိုကိုးကားပြီး အမည်မဖော်လိုသူ တဦးကပြောသည်။

ကျည်မရရှိမှုနှင့် စကားများခဲ့ကြသည်များ ရှိသော်လည်း ပစ်ခတ်မှုမှာ အဆိုပါကိစ္စကြောင့်ဖြစ်သည် အတိအကျ မပြောနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ပစ်ခတ်မှု မဖြစ်ခင် ညကလည်း မြင်းခြံခရိုင်ပကဖ တာဝန်ရှိသူများ လာရောက်ရာ ဗိုလ်ကျော်လင်းထွန်းက လိုက်ပို့ခဲ့သည်ဟု ဆက်လက်ပြောသည်။

သို့သော် ပစ်ခတ်မှုဖြစ်ရသည့်အကြောင်းအရာမှာ ယင်းညက ရေလယ်ကျွန်း ပအဖ ခေါင်းဆောင်တဦးကို MG6  အဖွဲ့ကဝင်ရောက်ဖမ်းဆီးရာ မတွေ့၍ ထိုသူ၏ မိန်းမနှင့်ကလေး ၂ ဦးကိုဖမ်းဆီးသွားသဖြင့် ရေလယ်ကျွန်း အဖွဲ့များက လိုက်လံတောင်းရာ မပေးသောကြောင့် နောက်တနေ့နံနက်တွင် ပစ်ခတ်မှု ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ခေါင်းဆောင် ရဲဘော်ဝေကြီးက ဩဂုတ်လ ၄ ရက်နေ့ ညနေ ၃ နာရီခွဲတွင် မြေလတ်အသံကို ပြောထားသည်။

“လိုကယ်တွေရော စုစည်းပြီး ဒီကလေးတွေ ပအဖရဲ့ မိန်းမနဲ့ ကလေးတွေ ပြန်လွှတ်ဖို့လိုက်တောင်းတာ မောင်ချမ်းက ပြန်မလွှတ်ပေးတဲ့အခါကျတော့ မနေ့တညလုံးစောင့်ပြီး မလွှတ်တော့ အဲ့ပြဿနာတက်ပြီး ပစ်ခတ်တဲ့အခြေအနေဖြစ်တာပဲ။” ဟု ရဲဘော်ဝေကြီး ကဆိုသည်။

ဒါ့အပြင် MG6 ပြောက်ကျားတပ်ဖွဲ့က မြင်းခြံကနေ ရေလယ်ကျွန်းသို့လာရောက်သည့်အခါ လုယက်သောင်းကျန်းနေသည်ဟုဆိုကာ ရေလယ်ကျွန်းတပ်ပေါင်းစုနှင့် ပအဖ၊ ပကဖများက MOD သို့ တိုင်ကြားထားသော်လည်း အရေးယူမှုတစုံတရာ မရှိသည့်အဆုံး ပစ်ခတ်မှုဖြစ်ကြရသည်ဟု ရဲဘော်ဝေကြီးကပြောသည်။

နောက်ရက်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ခေါင်းဆောင် ရဲဘော်ဝေကြီးကို ဖုန်းဖြင့်အကြိမ်ပေါင်းများစွာဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိတော့ပေ။

 

"ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကျော်လင်းထွန်း သေဆုံးကာ MG6 အဖွဲ့ဝင်များ အဖမ်းခံရခြင်း"

ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ ကန်ဦးရွာစာသင်ကျောင်းအနီး နှစ်ဖက်အဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသည်ဟု MG6 တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံသတင်းဌာနကို သတင်းပေးပို့ခဲ့သည်။ 

ထိုသတင်းပေးပို့ချက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးပြီးချင်းဖြစ်ကာ MG6 တပ်ဖွဲ့ဝင်များကို ဝိုင်းထားပြီး ဖမ်းဆီးတော့မည့်ဆဲဆဲတွင်ဖြစ်သည်။

"ကျွန်တော်တို့ MG6 ပြောက်ကျားတပ်က မြင်းခြံတပ်ရင်းက ဧည့်သည်နဲ့ စကားပြောနေချိန် သုံးဖွဲ့ဝိုင်းပစ်တာ။ ရေလယ်ကျွန်း‌တပ်ပေါင်းစုနဲ့ မြေတော်က တပ်တို့ ပါပါတယ်။ ကျွန်တော်တို့ တပ်ရင်းမှူးလုပ်ကြံခံ လိုက်ရပါတယ်။ တပ်ရင်းမှူးရဲ့ အလောင်းကိုလည်း ကောက်လို့ မရသေးပါဘူး။ တပ်ရင်းမှူးရဲ့ကားကို မောင်းပေးတဲ့ သူကိုလည်း ဆက်သွယ်လို့မရပါဘူး။” ဟု MG6 တပ်ဖွဲ့ဝင်တဦးက ဩဂုတ် ၄ ရက်မှာ ပြောဆိုထားသည်။

တိုက်ပွဲဖြစ်ပွားပြီး နေ့လယ်ပိုင်းမှာတော့ MG6 တပ်ဖွဲ့ဝင်များကို မြေလတ်အသံက ထပ်မံဆက်သွယ်၍ မရတော့သည်မှာ ယနေ့ ဩဂုတ် ၈ ရက်နေ့အထိဖြစ်သည်။

ပစ်ခတ်မှုတွင် ဗိုလ်ကျော်လင်းထွန်း သေဆုံးသွားကြောင်းနှင့် ရေစကြိုတပ်များဘက်က MG6  တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး မြို့နယ် ပအဖကိုအပ်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ခေါင်းဆောင် ရဲဘော်ဝေကြီးက ယင်းနေ့မှာပဲ မြေလတ်အသံကို အတည်ပြုပြောဆိုသည်။ 

ပစ်ခတ်မှုဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ရဲဘော်ဝေကြီး “မြေပြင်မှာရှိတဲ့အဖွဲ့တွေဖြစ်ကြတာ။ အထက်ကတော့ ဘာမှ အမိန့်ပေးပုံမရဘူး။” ဟု ဆိုသည်။

MG6 တပ်ဖွဲ့ဝင် အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အားလုံးအသက်ရှင်ကြောင်း ဆိုသည်။

 

"MOD ၏အခန်းကဏ္ဍနှင့် စစ်ရေးအရဖြေရှင်းဖို့ လိုအပ်သလား"

ပစ်ခတ်မှုဖြစ်ပွားပြီး ခေါင်းဆောင်တဦး သေဆုံးရသည်အထိ စစ်ရေးဖြင့်ဖြေရှင်းဖို့ မလိုအပ်ကြောင်း မြေလတ်အသံက မေးမြန်းခဲ့သည့် ဒေသကာကွယ်ရေးအဖွဲ့ များက တညီတညွတ်တည်း ပြောဆိုကြသည်။

“ဒီလိုဖြစ်ပျက်သွားတာတွေ မဖြစ်စေချင်ဘူးပေါ့၊ တဖက်နဲ့တဖက် ညှိလို့ရရင် ညှိယူစေချင်တယ်၊ MOD အနေနဲ့လည်း ဒီလိုမျိုးတွေကို ကွင်းဆင်းလေ့လာပြီးတော့ ဖျန်ဖြေပေးစေချင်တယ်”ဟု Pakokku Underground Force တာဝန်ခံက မြေလတ်အသံကို ပြောသည်။

အမှားအမှန်ခွဲခြားမရသေးသည့် အခြေအနေတွင် အဖွဲ့အစည်းများကြား ညှိနှိုင်းရမည်ထက် စစ်ရေးဖြင့် ဖြေရှင်းနည်းဖြစ်သည့် ပစ်ခတ်မှုမှာ မဖြစ်သင့်ကြောင်းနှင့် အထက်တာဝန်ရှိသူ MOD က ကြားဝင်ဆောင်ရွက်ပေးရမည်ဟု ပခုက္ကူတော်လှန်ရေးရဲဘော်တဦးက သူ့အမြင်ကို ပြောသည်။

“ရဲဘော်တယောက်ကို သတ်ပစ်တာတော့ မှားတာပေါ့၊ အတတ်နိုင်ဆုံး ရဲဘော်တွေအချင်းချင်း ညှိနှိုင်းဖြေရှင်းရမှာကို မညှိနှိုင်းဘူးဗျာ၊ မဆွေးနွေးဘူးဗျာ၊ ဒီလိုကြီးဝင်ပစ်တာတော့ မှားတာပေါ့။ ဘယ်သူက မှားတယ်၊ မှန်တယ်ထားအုံး ဒီလိုကြီးတော့မလုပ်သင့်ဘူး” ဟု သူကဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဩဂုတ် ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင်တော့ MOD-NUG (Ministry of Defence-National Unity Government) က သတင်းထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့သည်။ 

ယင်းထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့၊ အမိန့်ကြေညာချက်အမှတ်(၃၃/၂၀၂၃) ဖြင့် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ” ကို ဖွဲ့စည်းခဲ့ပါသည်ဟု ဆိုသည်။

ကော်မတီသည် ပြည်သူ့ခုခံစစ်နှင့် ပြည်သူ့တော်လှန်ရေးကာလအတွင်း တရားမျှတမှုကို ဖော်ဆောင်နိုင်ရန်နှင့် ပြည်သူလူထုက တရားမျှတမှုကို ရရှိနိုင်သည်ဟု ယုံကြည်လာနိုင်စေရန် ကဏ္ဍ(၄)ရပ်ကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ကဏ္ဍ(၄)ရပ်ထဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင်စေရန်နှင့် ကာကွယ်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် သတ်မှတ်ထားသည့် ဥပဒေ၊ မူဘောင်၊ လုပ်ထုံးလုပ်နည်းများအတိုင်း စည်းစနစ်ကျနစွာ တာဝန်ထမ်းဆောင်စေရန်နှင့် ၎င်းတို့မှ သွေဖည်လွဲမှားပါက တာဝန်ယူမှုရှိစေရေး ထိန်းကျောင်း အပြစ်ပေးအရေးယူ နိုင်စေရန် စသည့် အချက်များလည်း ပါဝင်သည်။

“အရေးယူမှုအပိုင်းလည်း မှားရင် မှားသလို မှန်ရင်မှန်သလို တိကျပြတ်သားတဲ့ အရေးယူမှုအပိုင်းတွေကို ရှေ့လျှောက် ပိုပြီးလုပ်လာဖို့လိုမယ်။ ညီညွတ်မှုကတော့ အဓိကလိုတာပါ။ တော်လှန်ရေးကိုပဲ အဓိက ဦးတည်ထားရင် ညီညွတ်ဖို့က အဓိကလိုတာပေါ့၊ တယောက်နဲ့တယောက် နားလည်ဖို့က လိုအပ်တယ်၊ ပဋိပက္ခနဲ့ပြဿနာတွေကတော့ တော်လှန်ရေးကာလထဲမှာ ရှိတာပေါ့၊” ဟု မကွေးခရိုင် အမှတ် ၁ တပ်ရင်း PDF Magway District တပ်ရင်းမှူးဗိုလ်သိုက်ထွန်းက မြေလတ်အသံကို ပြောသည်။

 

"မြန်ဆန်တိကျပြတ်သားသည့် အရေးယူမှုပိုင်းနှင့် ကြားဝင်ညှိနှိုင်းပေးရေး"

“တိုင်ကြားမှုများဆိုင်ရာကော်မတီ” ၏ ကြားဝင်ညှိနှိုင်းဖျန်ဖြေပေးရမည့် လုပ်ငန်းအဆင့်ဆင့်မှာလည်း ရုံးလုပ်ထုံးလုပ်နည်းများအတိုင်း ကြန့်ကြာမည့် သဘောများ ပါဝင်နေရာ မြေပြင် မကျေလည်မှုများမှ တဆင့် ပဋိပက္ခအသွင်သို့ မကူးပြောင်းခင် ဝင်ရောက်ထိန်းညှိပေးနိုင်ရန်မှာ ရာခိုင်နှုန်းအားဖြင့် အားနည်းနေမည်သာ ဖြစ်သည်။

ရေလယ်ကျွန်းဖြစ်စဉ်ကဲ့သို့ပင် တော်လှန်ရေးလက်နက်ကိုင်များကြား မကျေမလည်မှုများနှင့် နယ်မြေစိုးမိုးနိုင်ရေး ကိစ္စများ၊ ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်မှု ဖြစ်စဉ်များစွာရှိနေသည်။ အချို့မှာ ထုတ်ပြန်ပေးဖို့ အချိန်နောက်ကျနေခြင်း လက်သိပ်ထိုးဖြေရှင်းနေခြင်းနှင့် လက်နက်နှင့် အင်အားသုံး ဖြေရှင်းမှုများ ရှိလာနေသည်။ သေဆုံးသည်အထိ ပစ်ခတ်ဖြေရှင်းနေကြသည်များလည်း ရှိနေသည်။

အဆိုးဝါးဆုံး ဖြစ်စဉ်များအဖြစ် တော်လှန်ရေးလက်နက်ကိုင် အင်အားစုဝင်အချို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများကိုလည်း တွေ့လာရပြီး အရေးယူဖြေရှင်းပေးမှုများမှာ ပွင့်လင်းမြင်သာမှု အားနည်းနေသလို နှောင့်နှေးကြန့်ကြာမှုများစွာ ရှိနေသည်။

“NUG MOD က မြေပြင်ဆင်းဖို့ရယ် အောက်ခြေက အသံတွေနားထောင်ဖို့ရယ်၊ တပ်ရင်းနဲ့ ပကဖ အကြား၊ တပ်ရင်းနဲ့ Local တွေအကြား ဘယ်လိုညှိနှိုင်းပေးမလဲ၊ သေချာတာကတော့ လေပေါ်ကနေ ညှိနှိုင်းပေးတာကတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး၊ အကုန်လုံးက သေနတ်တွေ ကိုင်ထားတာမလို့။” ဟု တော်လှန်ရေး ရဲဘော်တဦးက ဆိုသည်။

ထိုအရာများအား မြန်ဆန်တိကျပြတ်သားသည့် အရေးယူမှုပိုင်းနှင့် ကြားဝင်ညှိနှိုင်းပေးရေး မလုပ်ဆောင်နိုင်ပါက မကျေမလည်မှုများမှတဆင့် ပဋိပက္ခအသွင်သို့ ကူးပြောင်းနိုင်ပြီး ပစ်ခတ်မှုဖြစ်စဉ်များ ဖြစ်နေမည်ဖြစ်သည်။

ယနေ့ဩဂုတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တစောင်ကို မြင်းခြံမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ နှင့် မြင်းခြံခရိုင်ပကဖ တို့ပူးပေါင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် NUG ၏လမ်းညွှန်မှုဖြင့် MG6 ပြောက်ကျားတပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ ရေစကြိုမြို့နယ် ပကဖထံသို့ ခေတ္တအပ်နှံ၍ စစ်ဆေးမေးမြန်းခြင်း၊ မြောင်မြို့နယ် ပလဖထံသို့ အပ်နှံ၍ စုံစမ်းစစ်ဆေးမှုပြီးဆုံးသည်အထိ စနစ်တကျနေထိုင်စေခြင်းနှင့် လက်နက်ခဲယမ်းများကို ခေတ္တထိန်းသိမ်းထားကြောင်း ဖော်ပြပါရှိသည်။

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #MG6 #ဗိုလ်ကျော်လင်းထွန်း #ပစ်ခတ်မှု #သေဆုံး #ရေစကြို #ရေလယ်ကျွန်း #မြင်းခြံ #တောင်သာ #ပကဖ #ပလဖ #ပအဖ #NUG #MOD #အမှုမှန်ပေါ်ပေါက်ရေး #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10