NUG ကြားကာလပညာရေးစနစ်ကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာရေးဟာ အစမ်းသပ်ခံဖြစ်နေတာမို့ NUG အစိုးရဟာ ပြန်သုံးသပ်သင့်နေပြီလို့ ပေါက်မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)က မေးခွန်းထုတ်လိုက်ပါတယ်။

NUG အနေနဲ့ ကြားကာလပညာရေးကို ဖော်ဆောင်နေတာဟာ ကာလတခုအထိရောက်လာပြီး မြေပြင်မှာ CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာဝန်ထမ်းဆရာ၊ ဆရာမတွေရဲ့ ပြသနာတွေ၊ အခြေခံပညာသင်ကြားရေးပြီးပါက ဆက်လုပ်စရာမရှိတဲ့ ကျောင်းသားတွေလည်းရှိနေတာမို့ ဒီပြသနာတွေကိုဖြေရှင်းဖို့ လိုတယ်လို့ ဗကသကျောင်းသား ကိုမြတ်သူက ပြောပါတယ်။

"အဆင့်မြင့် ပညာရေး ကဏ္ဍမှာဆိုရင် နွေဦးတက္ကသိုလ်ဆိုတဲ့ အွန်လိုင်းစနစ်တွေပဲရှိသေးတယ်။ အဲ့ဒီအွန်လိုင်းစနစ်တွေမှာဆိုရင် အညာဒေသတို့ တိုင်းရင်းသားဒေသတွေပဲဖြစ်ဖြစ် ဘယ်ဒေသမှာမဆို အင်တာနက်အဆင်မပြေမှု၊ လုံခြုံရေးအဆင်မပြေမှုတွေနဲ့ တက်ရောက်ဖို့က ကျောင်းသားတွေအနေနဲ့အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အခြေခံပညာမှာရောအဆင့်မြင့်ပညာမှာပါ လိုအပ်ချက်တွေရှိနေတယ်။ အဲ့ဒီလိုအပ်ချက်တွေကို ကျွန်တော်တို့က မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ် "လို့ ကိုမြတ်သူကပြောပါတယ်။

အခြေခံပညာကျောင်းပြီးဆုံးထားတဲ့ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ် အရွယ်ကလေးတွေမှာလည်း ပညာရေးလမ်းစ ပျောက်ဆုံးတာတွေဖြစ်နေတယ်လို့ ကိုမြတ်သူက ပြောပါတယ်။ မြေပြင်အခြေအနေနဲ့  NUG အစိုးရရဲ့စီမံခန့်ခွဲမှုဟာ ဘယ်လောက်အထိ လစ်ဟာနေပြီလဲဆိုတာ စိစစ်သင့်နေတယ်လို့ ၎င်းကဝေဖန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်ညက ပေါက်မြို့နယ်မှဦ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကာ ကျောင်းသားလူငယ်တွေနဲ့အတူ NUG ကြားကာလပညာရေးကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ဘုတလင် #ဗကသများအဖွဲ့ချုပ် #NUG #ကြားကာလပညာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10