NUG ရဲ့ ဝက်လက်တပ်ရင်း ၂ ဘာကြောင့် မကြာခဏအတိုင်ခံနေရသလဲ (သတင်းဆောင်းပါး)

NUG ရဲ့ ဝက်လက်တပ်ရင်း ၂ ဘာကြောင့် မကြာခဏအတိုင်ခံနေရသလဲ (သတင်းဆောင်းပါး)

ရွှေဘိုမြို့နယ်၊ ချီပါမြောက်ရွာမှာ အပေါင်ဆိုင်ဖွင့်ထားတဲ့ ဦးမောင်အေးရဲ့ အိမ်ကို မေလ ၂ ရက် ည ၈ နာရီအချိန်လောက်မှာ မောင်းပြန်သေနတ်နဲ့ ဓားတွေကိုင်ထားတဲ့ လူ ၁၀ ယောက် ရောက်လာပြီး စစ်ဆေးစရာရှိလို့ဆိုကာ အိမ်ထဲကိုဝင်ရောက် မွှေနှောက်ရှာဖွေပါတယ်။   

တကယ်တမ်းက စစ်ဆေးရှာဖွေတာမဟုတ်ဘဲ ဓားပြတိုက်တာသာဖြစ်ပြီး ရွှေ ၁၀ ကျပ်သား၊ ငွေကျပ်သိန်း ၄၀၊ ဖုန်း ၂ လုံးနဲ့ ဆိုင်ကယ် ၂ စီးကိုယူပြီး အိမ်ရှင်ဦးမောင်အေးကိုပါ လက်နက်ကိုင်တွေက  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

နာရီဝက်လောက်အကြာမှာတော့ ချီပါမြောက်ရွာပကဖအဖွဲ့ ရောက်လာပြီး သူတို့ထွက်သွားတဲ့ လမ်းအတိုင်းလိုက်သွားရာ  ချီပါမြောက်ရွာအနောက်ဘက် ဆည်ပေါင်နားမှာ ဓားရှည်တလက်ကိုင်ထားတဲ့ လူတယောက်ကို ဖမ်းမိလိုက်ပါတယ်။

သူဟာ ချီပါတောင်ရွာသား ပြောင်ကြီးဆိုသူပါ။ ပြောင်ကြီးဟာ အရက်မူးနေပြီး တကိုယ်လုံးလည်း ရေတွေစိုရွှဲလို့ နေပါတယ်။ သူ့လက်ထဲက ဓားကတော့ သွေးတွေပေကျံနေပါတယ်။ 

ပြောင်ကြီးအား ဖမ်းမိသည့် ချီပါမြောက်ရွာအနောက်ဘက် ဆည်ပေါင်
ပြောင်ကြီးအား ဖမ်းမိသည့် ချီပါမြောက်ရွာအနောက်ဘက် ဆည်ပေါင်

ပြောင်ကြီးဆိုသူကို ဖမ်းဆီးမိထားကြောင်း ချီပါမြောက်ရွာ ပကဖအဖွဲ့ခေါင်းဆောင်က ရွှေဘိုမြို့နယ်တိုက်နယ် ၅ စစ်ရေးတာဝန်ခံ ကိုဗျက်ဝိထံ ဆက်သွယ်အကြောင်းကြား လိုက်ပါတယ်။ 

ကိုဗျက်ဝိကလည်း ရွှေဘိုခရိုင်ပကဖနဲ့ ရွှေဘိုမြို့နယ်ပကဖထံ ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။ ရွှေဘိုမြို့နယ်ပကဖက သူ့ကိုပဲ ဒီအမှုကို ကိုင်တွယ်ဖို့ ချီပါမြောက်ရွာကို ညတွင်းချင်း စေလွှတ်လိုက်ပါတယ်။

ပြောင်ကြီးကို ကိုဗျက်ဝိအပါအဝင် ရပ်ကျေးပကဖခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က ငါးမည်ရတော်လှန်ရေးတပ်စခန်းကို ခေါ်ဆောင်သွားကာ အဲ့ဒီညမှာပဲ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

လွတ်မြောက်သွားတဲ့တရားခံတွေကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိထား စစ်ဆေးကြပေမယ့် မနက်ပိုင်းမှာတော့ ပြောင်ကြီးဟာ ခြေထောက်တဖက်ကို ထိပ်တုံးခတ်လျက်သား သေဆုံးသွားခဲ့တယ်လို့ ပြောင်ကြီးကို စစ်ဆေးမေးမြန်းမှုမှာ ပါဝင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီမနက်ပိုင်းမှာပဲ ပြောင်ကြီးကို မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက် ဦးမောင်အေးရဲ့ အလောင်းကို ဆည်မြောင်းထဲမှာ သွားရှာခဲ့ကြပါတယ်။ 

ပြောင်ကြီးကိုဖမ်းမိခဲ့တဲ့နေရာအနီးက ဆည်မြောင်းကို ရေလျော့ပြီး ရှာဖွေကြတဲ့အခါမှာတော့ လက်ပြန်ကြိုး တုပ်ထားပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးမောင်အေးအလောင်းကို တွေ့လိုက်ရပါတယ်။ အလောင်းဟာ လည်ပင်းပြတ်လုနီးပါးဒဏ်ရာ၊ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ မိသားစုဝင်တွေက ဆိုပါတယ်။ 

လက်ပြန်ကြိုး တုပ်ထားပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးမောင်အေးအလောင်း
လက်ပြန်ကြိုး တုပ်ခံထားရပြီး လည်ပင်းပြတ်လုနီးပါး​ ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးမောင်အေးအလောင်း

ဦးမောင်အေးရဲ့အလောင်းကို မိသားစုဝင်တွေက အဲ့ဒီနေ့ မနက် ၁၁ နာရီခန့်မှာ သင်္ဂြိုဟ်ဖို့လုပ်နေတဲ့ အချိန်မှာပဲ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က ဒုတိယခေါင်းဆောင် ကိုနေလှိုင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ချီပါမြောက်ရွာသို့ ရောက်လာပြီး သေဆုံးသွားတဲ့ပြောင်ကြီးဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တဦးဖြစ်တယ်လို့ ဆိုပြီး အလောင်းကို ပြန်ဖော်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"အဲ့ဒီအချိန်ကျမှ ပြောင်ကြီးက တပ်ရင်း ၂ ကမှန်း အကုန်သိကုန်ကြတာ "လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ဓားပြမှုမှာ သက်သေတွေအဖြစ် ချီပါမြောက်ရွာပကဖအဖွဲ့က သိမ်းဆည်းထားတဲ့ ပြောင်ကြီးရဲ့ ဓားနဲ့ လက်ကိုင်ဖုန်းကိုလည်း သူတို့လက်ထဲထည့်ပေးဖို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က တောင်းခဲ့ပါသေးတယ်။ 

"ဒါက ဓားပြမှုမှာသက်သေတွေဖြစ်လို့ ပေးမရပါဘူးလို့ ပြောတာကို မောင်းပြန်တွေအသင့်ပြင်ပြီး ဒါတွေမပေးရင် ပစ်ခတ်မယ်ဆိုတဲ့ အထိပါ ဖြစ်ကြသေးတာမို့ ပေးလိုက်ရတယ်" လို့ အဲ့ဒီအချိန်တုန်းက မျက်မြင်တွေ့ ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။ 

ဝက်လက်မြို့နယ် တပ်ရင်း ၂ က စစ်ဆေးမှုတွေ ပြုလုပ်ပြီး ညနေ ၃ နာရီခန့်မှာတော့ ပြောင်ကြီးရဲ့အလောင်းကို ချီပါသုဿန်မှာ သေနတ်သုံးချက် ပစ်ဖောက်ဂုဏ်ပြုပြီး သင်္ဂြိုဟ်လိုက်ကြတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ 

အဲ့ဒီအသုဘအခမ်းအနားကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က ဒုခေါင်းဆောင် နေလှိုင်းက ဦးဆောင်ပြီး  မောင်းပြန် သေနတ်အစုံနဲ့ အင်အား ၅၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ အလားတူ ကိုဗျက်ဝိအပါအဝင် တခြားနယ်မြေခံပကဖတွေနဲ့ ဒေသခံရွာသားတွေလည်း ရှိနေကြပါတယ်။ 

ပြောင်ကြီးကို သင်္ဂြိုလ်ပြီးတဲ့နောက် မေလ ၄ ရက်မှာပဲ ရွှေဘိုမြို့နယ်တိုက်နယ် ၅ စစ်ရေးတာဝန်ခံ ကိုဗျက်ဝိ အပါအဝင် ရွှေဘိုမြို့နယ်မှာ နာမည်ကြီးတဲ့ လျှပ်စီးတပ်ဖွဲ့ခေါင်းဆောင်၊ ချီပါမြောက်ရွာ ပကဖ ခေါင်းဆောင်၊ ချီပါတောင်ရွာ ပကဖခေါင်းဆောင်၊ ကျားမင်းတပ်ဖွဲ့ တပ်ခွဲမှူးနဲ့ ရန်ကြီးအောင်တပ်ဖွဲ့က ရဲဘော်တဦးတို့ကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ရဲ့တိုင်ကြားချက်နဲ့ ရွှေဘိုခရိုင်ဒေသကွပ်ကဲရေးရုံးက ဖမ်းဆီးလိုက်ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က IO မင်းကြီးဦးဆောင်တဲ့အဖွဲ့က ဓားပြတိုက်ခံရတဲ့ အိမ်ကိုလာရောက်ပြီး ဦးမောင်အေးဟာ စစ်တပ်ကို ထောက်ပံ့ခဲ့သလားမေးပြီး ချီပါရွာကို စစ်တပ်က ဝင်မွှေစဉ်က ဦးမောင်အေးဟာ လမ်းပြလုပ်ခဲ့တာကို သူတို့သတင်းရထားကြောင်း လာပြောတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

"ဓားပြတိုက်ပြီး ဒလန်ဇာတ်သွင်းတာ။ ဒလန်မို့ သူတို့ ဒီလိုလုပ်ရပါတယ်လို့ ပြောချင်တာ။ သေတဲ့သူကို ဒလန် ဇာတ်သွင်းတာ" လို့ ဓားပြမှုဖြစ်စဉ်မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် လိုက်ပါကူညီပေးနေတဲ့ ထောက်ပို့တဦးက ပြောပါတယ်။ 

သူဟာ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ရံပုံငွေရှာဖွေပေးနေတဲ့ တော်လှန်ရေးထောက်ပို့လုပ်နေသူ တဦးလည်းဖြစ်ပါတယ်။ 

ပြောင်ကြီးသေဆုံးမှုကြောင့် ကိုဗျက်ဝိအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ၄ ယောက်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် စုစုပေါင်း ၆ ယောက်ကို  ဝက်လက်မြို့နယ် တပ်ရင်း ၂ က ၅ လကြာတဲ့အထိ တကြိမ်သာစစ်ဆေးခဲ့ပြီး တရားရုံးက အမိန့်ကိုစောင့်ဖို့ပြောထားတယ်လို့ အမှုကို စောင့်ကြည့်နေတဲ့ ရွှေဘိုမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။ 

လက်ရှိမှာ သူတို့အားလုံးကို ရွှေဘိုခရိုင်စစ်ဒေသကွက်ကဲရေးရုံးက အချုပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဓားပြတိုက်၊ လူသတ်ခဲ့တဲ့ ပြောင်ကြီးသေဆုံးမှုနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်စစ်ဒေသကွပ်ကဲရေးရုံးက ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေကိုသာ ဖမ်းဆီးစစ်ဆေးနေပြီး ဓားပြအတိုက်ခံလိုက်ရတဲ့ ကာယကံရှင် ဦးမောင်အေးရဲ့ မိသားစုတွေကိုတော့  ယနေ့အထိ ဆက်သွယ်ခဲ့တာမရှိဘူးလို့ သိရပါတယ်။

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်ရင်းတခုဖြစ်ပါတယ်။ ဝက်လက်မြို့နယ်အတွင်းက ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီတပ်ရင်းနဲ့ ပတ်သက်လို့ NUG အစိုးရထံ မကြာခဏတိုင်ကြားလေ့ရှိပါတယ်။ 

အဲ့ဒီတိုင်စာတွေထဲက အမှုငါးမှုရဲ့ တိုင်စာတွေကိုလည်း မြေလတ်အသံသတင်းဌာနက လက်ခံရရှိထားပါတယ်။

၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်စွဲပါ ချီပါရွာသား ကိုဘောပု ၏ တိုင်စာ
၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်စွဲပါ ချီပါရွာသား ကိုဘောပု ၏ တိုင်စာ
GZ Special Task Force ၏ တိုင်စာ (၁)
GZ Special Task Force ၏ တိုင်စာ (၁)
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်စွဲပါ GZ Special Task Force ၏ တိုင်စာ (၂)
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်စွဲပါ GZ Special Task Force ၏ တိုင်စာ (၂)

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ အဖွဲ့ကို KIA က ဗိုလ်ဖြစ်သူ ဒူချွန်ဆိုင်းသူက ဦးဆောင်ပြီး နေလှိုင်းဆိုသူက ဒုတိယခေါင်းဆောင်ပါ။ ဝက်လက်မြို့နယ်က လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိန်းကြောင်းဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -  ပအဖတွေ ရှိပါတယ်။ 

ဒါပေမဲ့ ဒီပကဖ၊ ပအဖအဖွဲ့တွေဟာလည်း တပ်ရင်း ၂ နဲ့ တပေါင်းတည်းဖြစ်နေတာကြောင့်  NUG အစိုးရထံ တိုင်ကြားတာတွေမှာ ပူးတွဲတိုင်ကြားခံရတာတွေ တွေ့ရပါတယ်။ 

 

လက်သည်မပေါ်တဲ့ လူသတ်မှု

ချီပါမြောက်ရွာ ဓားပြတိုက်မှု မတိုင်ခင် ခြောက်လလောက်အကြာ ၂၀၂၂ နိုဝင်ဘာ ၃ ရက်က ဝက်လက်မြို့နယ် အရှေ့ပိုင်းမှာ လူသတ်မှုတခု ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ဝက်လက်မြို့အရှေ့ဘက်က မှတ်ထိရွာနဲ့ ဆားတောင်ကြီးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ထိုးလာတာကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။ 

ဆားတောင်ကြီးရွာက အသက် ၅၀ အရွယ် ဦးလှနဲ့ အသက် ၃၀ အရွယ် တူဖြစ်သူဟာလည်း  မိသားစုဝင်တွေနဲ့အတူ ထွက်ပြေးခဲ့ကြပါတယ်။ 

သူတို့ဟာ ဆားတောင်ကြီးရွာ ခပ်လှမ်းလှမ်းတောစပ်အနီးမှာ ခဏနားရင်း စစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေတုန်း မျက်နှာကိုပုဆိုးစည်းထားတဲ့ သေနတ်သမား ၆ ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး သူတို့ကို ဖမ်းခေါ်သွားပါတယ်လို့ သူတို့နဲ့အတူ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဒေသခံရွာသားတဦးက ဆိုပါတယ်။ 

“ PDF တွေ ဖြစ်နေတာနဲ့ ကျွန်တော်တို့က မပြေးလိုက်တာ" ဟု ဦးလှတို့ တူရီး ၂ ယောက်အဖမ်းခံလိုက်ရတာကို  မျက်မြင်တွေ့ခဲ့သူတဦးက ပြောပါတယ်။ 

ဦးလှတို့ကို လာဖမ်းတဲ့သူတွေထဲမှာ ဝက်လက်မြို့နယ်က ဆားတောင်ကြီးကျေးရွာ ပကဖတဦးနဲ့ ညောင်ပင်တွင်းကျေးရွာ ပကဖတဦးပါတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။ မျက်နှာကို ပုဆိုးတွေနဲ့ဖုံးအုပ်ထားပေမယ့် ရွာခံအချင်းချင်းဖြစ်တာကြောင့် ဘယ်သူဆိုတာကို မှတ်မိနေတာလို့ မျက်မြင်တွေ့ခဲ့သူတွေက ရှင်းပြပါတယ်။

အဲ့ဒီကျေးရွာပကဖအဖွဲ့တွေဟာ ဝက်လက်မြို့နယ်ပကဖရဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်တယ်လို့လည်း သူတို့က ပြောပြပါတယ်။ 

ဒါကြောင့်လည်း အခုလို အဖမ်းခံလိုက်ရတဲ့အခါ ဦးလှနဲ့တူဖြစ်သူတို့ ထောက်ပံ့ပေးနေတဲ့ GZ Special Task Force ကို မိသားစုဝင်တွေက ချက်ချင်းဖုန်းဆက်ပြီး  လှမ်းအကြောင်းကြားခဲ့ပါတယ်။

GZ Special Task Force ခေါင်းဆောင်ကိုဂျီဇက်က ဝက်လက်မြို့နယ်ပကဖတာဝန်ခံ ကိုနေမျိုးအောင်ထံ ဖုန်းဆက်ပြီး ဒေသခံတွေကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ ကိုနေမျိုးအောင်က သူမသိကြောင်းနဲ့ တခြားနယ်တခုကို အလုပ်ကိစ္စနဲ့ ရောက်နေကြောင်းသာ အကြောင်းပြန်ခဲ့တယ်လို့ ကိုဂျီဇက်က မြေလတ်အသံကိုပြောပါတယ်။ 

အဲ့ဒီနောက် ညနေ ၆ နာရီလောက်မှာ ဦးလှနဲ့ တူဖြစ်သူရဲ့အလောင်းကို တောစပ်တခုရဲ့အနားမှာ  ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တွေ့ခဲ့ရပြီး ညအချိန်မတော်ဖြစ်နေတာနဲ့ စစ်ကြောင်းကလည်းရှိနေတာကြောင့် အလောင်းမကောက်နိုင်ခဲ့ပါဘူး။ 

နောက်နေ့ မနက်ပိုင်းကျမှ အလောင်းကောက်ဖို့ ရွာသားတွေသွားချိန်မှာ အလောင်း ၂ လောင်း မရှိတော့ဘဲ သွေးကွက်တွေရဲ့ ဘေးမှာ လူကြီးစီးကြက်ပေါက်ဖိနပ် ၂ ရံနဲ့ ဦးလှ ဆောင်းနေကျ လျှာထိုးဦးထုတ်အပြာကလေးသာ ကျန်ရှိနေခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဦးလှနဲ့ သူ့တူတော်စပ်သူ သေဆုံးပြီးတဲ့နောက်မှာ မိသားစုဝင်တွေနဲ့ ဆွေမျိုးနီးစပ်သူတွေက လုံခြုံရေးကို စိုးရိမ်ရတာကြောင့် ဒီဖြစ်ရပ်ကို သတင်းမီဒီယာမှာ ပြန်ပြောပြဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒီအမှု ဖြစ်ပြီးရက်ပိုင်းအကြာမှာ မိသားစုဝင်တွေ ကိုယ်စား GZ Special Task Force အဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားခဲ့ပေမယ့်  ဒီနေ့အထိ စစ်ဆေးအရေးယူတာမျိုး မရှိသေးဘူးလို့  မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ရဲ့ လုပ်ဆောင်ချက်ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီလည်း ကြောက်ရ၊ PDF လည်း ကြောက်နေရတဲ့အဖြစ်ကို ဒေသခံတဦးက အခုလို ပြောပြပါတယ်။ 

"အခုက ဘောင်းဘီရှည်မြင်တိုင်း ကြောက်နေရတယ်" 

 

ဗိုလ်ကျားကြီးအဖွဲ့ကို ပစ်ခတ်ဖမ်းဆီးမှု

၂၀၂၂ သြဂုတ် ၃၁ ရက်မှာ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ နဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ဗိုလ်ကျားကြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တို့  အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာမှာ ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး အဖမ်းခံခဲ့ရသူတွေလည်းရှိခဲ့ပါတယ်။  

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လက်နက်အပြည့်အစုံ တပ်ဆင်ပေးပြီး ရက်ပိုင်းအကြာမှာပဲ ဒီပစ်ခတ်မှုဖြစ်ခဲ့တာပါ။ 

ဗိုလ်ကျားကြီးအဖွဲ့က ဒေသခံတွေအပေါ်  ကြမ်းကြမ်းတမ်းတမ်း အခွန်ကောက်တယ်လို့ ဒေသခံတွေက တိုင်ကြားလို့ဆိုပြီး ဝက်လက်မြို့နယ်ပကဖက ဗိုလ်ကျားကြီးတို့အဖွဲ့ကို စစ်ဆေးဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ 

အဲ့ဒီလို ဆင့်ခေါ်ထားတာကို တလကြာတဲ့အထိ စစ်ဆေးခံဖို့ရောက်မလာတဲ့ ဗိုလ်ကျားကြီးအဖွဲ့ကို ပစ်ခတ်ရတာ ဖြစ်တယ်လို့ ဝက်လက်မြို့နယ်ပကဖက စာထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက "ကျွန်တော့်ကို လိုချင်တယ်လို့ပြောတယ်။ အချင်းချင်း ကြိုတင်အကြောင်းကြားထားတာလည်းမရှိဘူး။ မနက် ၉ နာရီကျော်လောက်က ကျွန်တော်တို့ တပ်ကို ရုတ်တရက်အင်အားအများကြီးနဲ့ ဝင်ပစ်တာ။ " လို့ ဗိုလ်ကျားကြီးက ရှင်းပြပါတယ်။ 

အဲ့ဒီနေ့က ဗိုလ်ကျားကြီးအဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးဖို့ စခန်းအနီးက တောင်ကုန်းပေါ်ရောက်နေချိန်ပါ။ သူတို့ရဲ့ မဟာမိတ်တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင် ဗိုလ်တီနဲ့ တပ်ဖွဲ့ ဝင်တချို့လည်း အဲ့ဒီနေရာရောက်နေတဲ့အချိန်ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ဝက်လက်တပ်ရင်း ၂ ဟာ ဗိုလ်ကျားကြီးတပ်ဖွဲ့နဲ့ တောကြီးမြွေပွေးအဖွဲ့နား ကား ၂ စီးနဲ့ ရောက်လာပြီး ဘာမှမပြောဘဲ ပစ်ခတ်မှုတွေကို စတင်ခဲ့တယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။ 

ဒီပစ်ခတ်မှုမှာ ဗိုလ်ကျားကြီး အဖွဲ့မှ ရဲဘော် ၂ ဦးသေဆုံးကာ တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင် ဗိုလ်တီ အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် သေဆုံးသွားတဲ့ ရဲဘော်ရန်လင်းထွန်းရဲ့ ဇနီး CDM ကျောင်းဆရာမ အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး ကျော် ဖမ်းဆီးခံလိုက်ရပါတယ်။

ဝက်လက်မြို့နယ် တပ်ရင်း၂ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ရဲဘော် ကိုစိုင်းမောင်မောင် (ဗိုလ်ကျားကြီးအဖွဲ့)
ဝက်လက်မြို့နယ် တပ်ရင်း၂ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ရဲဘော် ကိုစိုင်းမောင်မောင် (ဗိုလ်ကျားကြီးအဖွဲ့)

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မန္တလေးကမြို့ပြပြောက်ကျားအဖွဲ့ တချို့အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၂၀ ကျော်က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကို လက်မှတ်ထိုးတိုင်တန်းခဲ့ပေမယ့် တနှစ်ကျော်ကြာတဲ့အထိ အကြောင်းမပြန်ခဲ့ပါဘူး။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က ဗိုလ်ကျားကြီးအဖွဲ့ကို ပစ်ခတ်မှုပြုလုပ်ခဲ့တာဟာ ဒီနှစ် သြဂုတ် ၃၁ ရက်မှာပဲ တနှစ်ပြည့်သွားခဲ့ရာ အဲဒီနေ့က ဒီပစ်ခတ်သေဆုံးမှုနဲ့ ပတ်သက်လို့ တရားမျှတမှုရရှိရေးအတွက် NUG အနေနဲ့ စုံစမ်းစစ်ဆေးအရေးယူပေးဖို့ သေဆုံးခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တချို့နဲ့ တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါသေးတယ်။

ဝက်လက်မြို့နယ် တပ်ရင်း၂ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ရဲဘော် ကိုရန်လင်းထွန်း (ဗိုလ်ကျားကြီးအဖွဲ့)
ဝက်လက်မြို့နယ် တပ်ရင်း၂ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ရဲဘော် ကိုရန်လင်းထွန်း (ဗိုလ်ကျားကြီးအဖွဲ့)

"ကျွန်မတို့က နစ်နာသူမိသားစုလေ။ ဒီအမှုကို တရားမျှမျှတတပဲ ဖြစ်စေချင်တာပါ။ တရားမျှတမှု ဖြစ်အောင် မြန်မြန်ဆောင်ရွက်ပေးပါလို့ NUG အစိုးရကို တောင်းဆိုချင်ပါတယ် " လို့ ဒီပစ်ခတ်မှုမှာ အသက်ဆုံးပါးသွားတဲ့ ဗိုလ်ကျားကြီးအဖွဲ့ဝင် ကိုရန်လင်းထွန်းရဲ့ ဇနီးဖြစ်သူ CDM ကျောင်းဆရာမက  မြေလတ်အသံကို ပြောပါတယ်။

NUG အစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး တနှစ်ကြာတဲ့အထိ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအပါအဝင် နစ်နာခဲ့ရသူတွေကို ဆက်သွယ်မေးမြန်းတာမျိုး မရှိခဲ့ဘူးလို့လည်း ကိုရန်လင်းထွန်းရဲ့ဇနီးက ပြောပါတယ်။

၂၀၂၃ ဩဂုတ် ၃၁ ရက်စွဲပါ ဗိုလ်ကျားကြီးအဖွဲ့ ပစ်ခတ်ခံရမှု တနှစ်ပြည့် တိုင်စာ
၂၀၂၃ ဩဂုတ် ၃၁ ရက်စွဲပါ ဗိုလ်ကျားကြီးအဖွဲ့ ပစ်ခတ်ခံရမှု တနှစ်ပြည့် တိုင်စာ

ဘာစုံစမ်းစစ်ဆေးမှုမျှ မခံရတဲ့ ဝက်လက်တပ်ရင်း ၂ ဟာ ဗိုလ်ကျားကြီးတပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာလည်း အခြားသော ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်၊ လူအင်အားအလုံးအရင်းနဲ့ စီးနင်းတာတွေ ဆက်လုပ်ခဲ့ပါသေးတယ်။ 

၂၀၂၃  ဇွန် ၂၄ ရက်ကလည်း ဝက်လက်မြို့နယ်မှာ ဖြတ်သန်းသွားလာတဲ့စစ်ကောင်စီတပ်သား ၂ ဦးကို ဝက်လက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ မြင်းဖြူရှင်‌ပြောက်ကျားတပ်ဖွဲ့ (ယင်းမတော ကျေးရွာပကဖ)က ဖမ်းဆီးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်သားတွေကို ဖမ်းမိပြီး နာရီဝက်အကြာမှာပဲ ဝက်လက်တပ်ရင်း ၂ က လူဦးရေ  ၂၀ လောက်က မောင်းပြန်သေနတ်အပြည့်အစုံနဲ့ မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့ကိုဝိုင်းပြီး စစ်ကောင်စီတပ်သားတွေကို သူတို့ထံ အပ်နှံဖို့လာပြောခဲ့ပါတယ်။

မြင်းဖြူရှင်အဖွဲ့က စစ်ကောင်စီတပ်သားတွေပါလာတဲ့သေနတ် ၂ လက်ကိုယူထားပြီး စစ်ကောင်စီတပ်သား ၂ ဦး တွေကို တပ်ရင်း ၂ က လူတွေနဲ့ ထည့်ပေးလိုက်ပါတယ်။

ဒါပေမဲ့ နေ့လယ် ၁၂ နာရီကျော်မှာ ဒရုန်း ၂ စီး ယင်းမတောကျေးရွာပေါ်ဝဲကာ ဝက်လက်တပ်ရင်း ၂ က အင်အား ၂၀၀ ခန့်နဲ့ ပြန်ရောက်လာပြီး စစ်ကောင်စီတပ်သား ၂ ဦးပါလာတဲ့သေနတ်တွေ မပေးရင် မြင်းဖြူရှင်ပြောက်ကျား တပ်ဖွဲ့ကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဝက်လက်တပ်ရင်း ၂ ထံ သေနတ် ၂ လက်ကို အပ်နှံပေးလိုက်ရတယ်လို့ မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုဒိုးလေးက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားတဲ့စာမှာဖော်ပြထားပါတယ်။

ဒီတိုင်ကြားမှုထွက်ပေါ်လာတဲ့အခါမှာ မြေလတ်အသံသတင်းဌာနက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တာဝန်ခံ ဒူချွန်ဆိုင်းသူကို ဆက်သွယ်မေးမြန်ခဲ့ပါသေးတယ်။ 

အဲ့ဒီစစ်ကောင်စီစစ်သား ၂ ဦးကို ဝက်လက်တပ်ရင်း ၂ က ဝိုင်းထားတဲ့အချိန်မှာ မြင်းဖြူရှင်အဖွဲ့က ကြားဖြတ် ဖမ်းဆီးသွားတာဖြစ်တဲ့အတွက် အခုလို လူနဲ့ လက်နက်တွေကို ပြန်တောင်းရတာဖြစ်တယ်လို့ ဒူချွန်ဆိုင်းသူက ဆိုပါတယ်။ 

အဲ့ဒီလိုတောင်းခံရာမှာ တပ်ရင်းအင်အား၊ လက်နက်အင်အား အသုံးပြုခဲ့တာကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“တကယ်တော့ ပစ်ဖို့တော့ မဟုတ်ဘူး။ သဘောက ဖိအားပေးတဲ့အနေအထားမျိုးနဲ့ လုပ်လိုက်တာ” 

မြင်းဖြူရှင်တပ်ဖွဲ့အနေနဲ့ ဆန်စက်ပိုင်ရှင်ထံက ဆန်အိတ်ပေါင်း ၃၆၀ ကိုယူပြီး မြို့နယ်ပကဖ၊ ပအဖထံ မအပ်နှံဘဲ မိမိသဘောနဲ့ ရောင်းပစ်တာ၊ ရန်သူဖမ်းမိပါက သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာ ပကဖ၊ ပအဖထံ မအပ်နှံဘဲ အသုံးပြုတာမျိုးတွေ အရင်ကလည်း မကြာခဏလုပ်ခဲ့တာကြောင့် အခုလို ဖိအားပေးလုပ် ခဲ့ရတာလို့ ဒူချွန်ဆိုင်းသူက ဆိုပါတယ်။ 

“ဒီဖြစ်စဉ်မှာ အစိုးရရဲ့ မူဝါဒနဲ့လည်း ထိခိုက်လာနိုင်တဲ့အတွက် ကျနော်တို့ သူ့ကို နည်းနည်းလေး ဖိအားပေးလိုက်တဲ့ ပုံစံသုံးလိုက်တာ” လို့ သူက ဆက်ပြောပါတယ်။  

ရန်သူ၊ ဒလန်၊ သူလျှိုတွေကို ဖမ်းမိတဲ့အဖမ်းခါ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ပကဖ၊ ပအဖ တွေကို စာတင်အသိပေး အကြောင်းကြားရသလို သူတို့ထံက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို သုံးစွဲမယ်ဆိုပါကလည်း သက်ဆိုင်ရာကို တင်ပြပြီးမှသာ သုံးစွဲခွင့်ရှိတယ်လို့ သူက ဆိုပါတယ်။ 

“အဲ့ဒါတွေကို ဒီဘက်က အဖွဲ့တွေက နားမလည်ဘူး။ စီအိုစီအပိုင်းတွေကို သဘောမပေါက်တာများနေတယ်” လို့ မြင်းဖြူရှင်တပ်ဖွဲ့ရဲ့ တိုင်ကြားစာနဲ့ပတ်သက်ပြီး ဝက်လက်မြို့ တပ်ရင်း ၂ တာဝန်ခံ ဒူချွန်ဆိုင်းသူက ပြောပါတယ်။ 

ဗိုလ်ကျားကြီးအဖွဲ့ ပစ်ခတ်ခံရမှု တစ်နှစ်ပြည့် ဆန္ဒပြနေစဉ် (၂၀၂၃ ဩဂုတ် ၃၁)
ဗိုလ်ကျားကြီးအဖွဲ့ ပစ်ခတ်ခံရမှု တနှစ်ပြည့် ဆန္ဒပြနေစဉ် (၂၀၂၃ ဩဂုတ် ၃၁)

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ရဲ့ အထက်ပါ အမှုကိစ္စတွေ၊ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ဒုတိယကာကွယ်ရေးအတွင်းဝန် ဦးမောင်မောင်ဆွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 

မြေလတ်အသံ မေးမြန်းမှုနဲ့ပတ်သက်ပြီး ဒုအတွင်းဝန် ဦးမောင်မောင်ဆွေရဲ့ အကြောင်းပြန်စာမှာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒေသခံတော်လှန် ရေး အင်အားစုတွေ (LPDF)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ(ပလဖ) နဲ့ပတ်သက်ပြီး ပြည်သူတို့ရဲ့ တိုင်ကြားမှုပေါင်း ၁၄၆ မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

အဲ့ဒီအမှုတွေထဲက ၁၀၇ မှုဟာ စစ်ဆေးဆောင်ရွက်ဆဲဖြစ်ပြီး အမှုပိတ်သိမ်းမှု ၁၀ မှု၊ မှတ်တမ်းတင် (၁၂) မှု၊ တခြားဝန်ကြီးဌာနများသို့ လွှဲပြောင်းအမှု (၁၇)မှု ရှိတယ်လို့ ဆိုပါတယ်။ 

ဗိုလ်ကျားကြီးအဖွဲ့ ပစ်ခတ်ခံရမှု တစ်နှစ်ပြည့် ဆန္ဒပြနေစဉ် (၂၀၂၃ ဩဂုတ် ၃၁)
ဗိုလ်ကျားကြီးအဖွဲ့ ပစ်ခတ်ခံရမှု တနှစ်ပြည့် ဆန္ဒပြနေစဉ် (၂၀၂၃ ဩဂုတ် ၃၁)

တိုင်ကြားသူနဲ့ တိုင်ကြားခံရသူတို့ ပြေလည်မှုရရှိခြင်း၊ တိုင်ကြားသူကို ဆက်သွယ်မရရှိခြင်းတို့အတွက် အမှုတွေကို ပိတ်သိမ်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။ 

ဗိုလ်ကျားကြီးအမှု၊ ရေလည်ကျွန်းအမှုတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အကျဉ်းစစ်တရားရုံး(အကျဉ်းစစ်တရားရုံးချုပ်များ၊ စစ်တရားရုံးများ) ဖွဲ့စည်းမိန့်ထုတ်ပြန် ဖွဲ့စည်းပေးပြီး စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ ဒုအတွင်းဝင်ဦးမောင်မောင်ဆွေရဲ့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။ 

အလားတူ LPDF အဖွဲ့တွေနဲ့ အငြင်းပွားမှု မပေါ်ပေါက်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး အငြင်းပွားမှုများတွင် မည်သည့်အဖွဲ့အစည်းကိုမှ အထက်အမိန့်အရဟုဆိုကာ ဖြေရှင်းဆောင်ရွက်ခွင့် ပေးထားခြင်းမရှိဘူးလို့ ဆက်လက်ဖော်ပြထားပါတယ်။

“PDF၊ LPDF မည်သည့်တော်လှန်ရေးအဖွဲ့အစည်းကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိပါ” လို့ အကြောင်းပြန်စာရဲ့ အဆုံးမှာ ဖြေကြားထားပါတယ်။ 

"တချို့အကြောင်းအရာတွေက ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ဖို့ လိုတဲ့ကိစ္စလေးတွေရှိတဲ့အတွက် ရှိတယ်။ ပြင်ဆင်ဖို့လိုတဲ့ကိစ္စလေးတွေရှိလို့ ကြန့်ကြာနေခြင်း ဖြစ်ပါတယ်" လို့ ဖုန်းကတဆင့် ဆက်သွယ် မေးမြန်းမှုမှာ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။ 

ဗိုလ်ကျားကြီးအဖွဲ့ ပစ်ခတ်ခံရမှု တစ်နှစ်ပြည့် ဆန္ဒပြနေစဉ် (၂၀၂၃ ဩဂုတ် ၃၁)
ဗိုလ်ကျားကြီးအဖွဲ့ ပစ်ခတ်ခံရမှု တနှစ်ပြည့် ဆန္ဒပြနေစဉ် (၂၀၂၃ ဩဂုတ် ၃၁)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဗိုလ်ကျားကြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကျားကြီးကတော့ သူတို့အဖွဲ့နဲ့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ရဲ့ အခြေအနေကို ခုလိုရှင်းပြပါတယ်။ 

"သူတို့လည်း ခပ်ကင်းကင်း၊ ခပ်ရှောင်ရှောင်။ ကိုယ်လည်း ခပ်ကင်းကင်း ခပ်ရှောင်ရှောင်။ ဒီလိုပါပဲ အမှုမပြီးမချင်း ဘာမှကိုယ်ကလည်း မယုံရဲဘူးလေ။”

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #NUG #MOD #လက်အောက်ခံ #ဝက်လက်တပ်ရင်း၂ #ဒေသခံ #ဒေသကာကွယ်ရေးတပ်ဖွဲ့ #တိုင်ကြား #ဓါးပြမှု #လူသတ်မှု #ခြိမ်းခြောက် #ဒူချွန်ဆိုင်းသူ #တပ်ရင်းမှူး #ရွှေဘို #လူအင်အားအလုံးအရင်း #စီးနင်း #ပကဖ #ပအဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10