NUG အစိုးရ မြင်စေ ကြားစေ၊ လက်တွေ့လုပ်နိုင်ကြပါစေ၊

NUG အစိုးရ မြင်စေ ကြားစေ၊ လက်တွေ့လုပ်နိုင်ကြပါစေ၊

သို့
မြေလတ်အသံ

NUG အစိုးရ မြင်စေ၊ ကြားစေ၊ လက်တွေ့လုပ်နိုင်ကြပါစေ၊

နွေဦးတော်လှန်ရေးကာလတွေမှာ လူထုထောက်ခံမှုကို အခွင့်အရေးယူပြီး မတရားမှုကျူးလွန်နေတဲ့ တော်လှန်ရေးသမားတချို့ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ပေးလို့ မြေလတ်အသံကို ကျေးဇူးတင်ကြောင်း ကနဦးပြောပါရစေ။

ဦးလေးတို့ဒေသမှာ ဖြစ်နေတာတွေ၊ သတင်းဌာနတွေကတဆင့်ကြားသိနေရတာတွေကို တွေးတောဆင်ခြင်ပြီး မောင်ရင်တို့ မြေလတ်အသံကတဆင့် ပြောချင်ခဲ့တာကြာပါပြီ။ ဒါပေမဲ့ ရေးလည်း မထူးပါဘူးကွာဆိုတဲ့စိတ်နဲ့ပဲ စာတွေကို ဦးလေး မပို့ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှာ ဖြစ်သွားတဲ့သတင်းကို ဖတ်လိုက်ရတဲ့အခါမှာတော့ ဦးလေးစိတ်ထဲ မနေသာတော့ဘူး။ မဖြစ်သင့်မဖြစ်ထိုက်တာတွေကို ငါတို့ မပြောရင် ငါတို့ကိုယ်တိုင်လည်း အဲဒီအမှုမှာ ကြံရာပါပဲလို့ တွေးမိလာတယ်။

အဲဒီသတင်းဖတ်ပြီးတဲ့အခါ ညဘက်အိပ်မပျော်နိုင်ဘူး။ မျက်လုံးတွေ ကြောင်ပြီး ဒီကိစ္စအကြောင်းပဲတွေးနေမိတယ်။ ဒါကြောင့်ပဲ ဒီစာကိုရေးပြီး မြေလတ်အသံဆီ ပို့လိုက်တာပါ။

ချောင်းဦးက သတင်းဆိုတာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူ ၇ ယောက်ကို သတ်ပစ်လိုက်ကြတဲ့ ကိစ္စပါ။ အသတ်ခံရတဲ့သူတွေထဲမှာ မိန်းကလေး ၄ယောက်ပါတယ်။ ၂ ယောက်က အသက်မပြည့်သေးဘူး။ ပြီးတော့ ယောင်္ကျားလေးထဲမှာလည်း ၂ ယောက်က ကလေး။ သူတို့ ၇ ယောက်စလုံးအသတ်မခံရခင် မှတ်တမ်းရိုက်ထားတဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး ဦးလေးတွေးမိတာက ဓာတ်ပုံရိုက်နေတဲ့အချိန် သူတို့တွေဟာ အခုလိုအဖြစ်ဆိုးနဲ့ သေရလိမ့်မယ်ထင်မှာ မဟုတ်ဘူးလို့ တွေးမိတိုင်း ဦးလေး မချိအောင်ခံစားရတယ်။

ဒါပေမဲ့ သူတို့အားလုံးရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်။ အားလုံးလည်ပင်းတွေလှီးပြီးအသတ်ခံလိုက်ရ တဲ့သဘောတွေ့ရတယ်။ မိန်းကလေးတွေဆိုရင် အဓမ္မပြုကျင့်ပြီးမှ အသတ်ခံလိုက်ရတာ။ ဘယ်လိုတွေတောင် လုပ်ပြီး သတ်ပစ်လိုက်ကြတယ် မသိဘူး။ ရက်စက်လိုက်ကြတာကွာ။

ဘယ်လိုပဲ ကိုယ့်ရဲ့ရန်သူဖြစ်နေပါစေ အခုလိုအဖမ်းခံရပြီ ကိုယ့်လက်ထက်ရောက်နေပြီဆိုရင် သူ့ရဲ့ သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့သာ လုပ်သင့်တယ်။ အခုလို သတ်ပစ်လိုက်တာမျိုးကြတော့ တရားလက်လွတ်ဖြစ်လွန်းတယ်။ တရားမဲ့လွန်တယ်။

အသတ်ခံရတဲ့ကလေးတွေဟာ ပလုံကောက်၊ အမှိုက်ကောက်ရင်း ပစ္စည်းတွေခိုးတယ်လို့ဆိုရင်တောင် အဲဒီပစ္စည်းလေးခိုးရုံနဲ့ လူ ၇ ယောက်စလုံးကို ရက်ရက်စက်စက်သတ်ပစ်ရာလားလို့ မေးရတော့မယ်။
စစ်အာဏာရှင်လူသတ်သမားကို မကြိုက်လို့ တွန်းလှန်နေတဲ့ သူတွေကိုယ်တိုင်က အာဏာရှင်တွေရဲ့ လမ်းစဉ်ကို လိုက်နေကြသလိုဖြစ်နေတယ်။

ဒီမတရားမှုကို စုံစမ်းဖော်ထုတ်တဲ့ PDF က ဖော်ထုတ်တယ်။ မတရားလုပ်သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အခု ၈ လကျော်ကြာလာတဲ့အထိ အမှုကျူးလွန်သူတွေကို အရေးမယူနိုင်သေးဘူး။

မတရားမှုကြီးကို အားလုံးက ဝိုင်းဖုံးဖို့ ကြိုးစားနေကြတယ်။ တော်လှန်ရေးကြီးကာလမှာ ကိုယ့်အချင်းချင်း ဒီလိုပြန်မလုပ်သင့်ဘူးဆိုတဲ့အတွေးနဲ မတရားမှု၊ မကောင်းမှုကြီးကို အတူတကွကျူးလွန်ဖို့ ကြိုးစားနေကြတယ်။

ဒီနေရာမှာ ဦးလေး ထပ်မေးချင်တာက ချောင်းဦးမြို့က ပကဖတွေ၊ ပအဖတွေရဲ့ ကျူးလွန်ခဲ့တဲ့ မတရားမှုတွေ ကို NUG အနေနဲ့ တားဆီးတာ၊ ဟန့်တားတာ၊ လူသိရှင်ကြား သတိပေးတာတွေ မလုပ်တော့ဘူးလား။ ဒီလိုလုပ်ရပ်တွေကို ဆက်ဖြစ်အောင် ခွင့်ပြုပေးနေတာလား။

ချောင်းဦးမြို့က ပြည်သူ ၇ ယောက်အသတ်ခံရမှုကို NUG ကိုယ်တိုင်က အရေးမယူဘဲ ဖုံးကွယ်ထားပေး တယ်ဆိုရင်တော့ အဲဒီလူသတ်မှုကို NUG အစိုးရကိုယ်တိုင်လည်း အလိုတူ အလိုပါကျူးလွန်ခဲ့တယ်လို့ပဲ မှတ်တမ်းတင်ရတော့မယ်။

အကြမ်းဖက်သမားစစ်အာဏာရှင်ကို တော်လှန်နေကြတဲ့သူတွေကိုယ်တိုင်က အခုလိုအကြမ်းဖက်ရက်စက်တဲ့ လုပ်ရပ်တွေ ကျူးလွန်လာပြီဆိုရင် ဒီအကျင့်တွေကို နုစဉ်အခါကတည်းက ထိန်းကျောင်းနိုင်မှ နောင်အခါ အကြမ်းသမားအာဏာရှင်တွေ မွေးဖွားမလာမှာပါ။

ကိုယ့်လူဖြစ်လို့၊ ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းရတာမျိုး ညှာတာနေလို့ မရပါဘူး။ ပြောစရာရှိတာပြောရမယ်၊ ထိန်းကျောင်းစရာရှိတာကို ထိန်းကျောင်းရမယ်။ အာဏာရှင်ကိုတော်လှန်နေရင်း ဒီလိုကိစ္စတွေကို ကျွဲကူးရေပါ လုပ်သွားနိုင်မှသာလျှင် အနာဂတ်မှာ အာဏာရှင်အတွက် နေရာမရှိဖြစ်မှာပါ။

မြေလတ်အသံဝိုင်းတော်သားတွေဟာ ဘယ်လိုခံယူချက်နဲ့ ဒီသတင်းကိုရေးသားဖော်ထုတ်ခဲ့သလဲ မတွေးတတ်ပေမယ့် ဦးလေးအတွက်ကတော့ မတရားမှုမှာ ပါတီစွဲမရှိဘူး၊ ပုဂ္ဂိုလ်စွဲမရှိဘူး၊ မတရားမှုမှာ အသင်းအဖွဲ့ဆိုတာ မရှိဘူး။ မတရားမှုဟာ မတရားမှုပဲ။ ဒီမတရားမှုကြီးကို မျက်ကွယ်ပြုလိုက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ဒီအမှုကြီးကျူလွန်ခဲ့တာမှာ အားပေးအားမြှောက်ပါဝင်တာပဲလို့ ခံယူမိတဲ့အတွက် ဒီအကြောင်းကို နှုတ်ဆက်မနေဘဲ ကိုယ်တတ်နိုင်တဲ့ နေရာက ပြောဖို့ ကြိုးစားလိုက်တာပါ။

တခွန်းတည်းပြောရရင်တော့ နောင်တချိန်မှာ လိပ်ပြာလုံချင်တယ်ဆိုတဲ့ စိတ်တခုတည်းနဲ့ မောင်ရင်တို့ရဲ့ မြေလတ်အသံကို ဆက်သွယ်ဖို့ဖြစ်လာတာပါ။ နောင်များလည်း အကြောင်းအရာတိုက်ဆိုက်တဲ့အခါ စာတွေ ထပ်ပို့ချင်ပါသေးတယ်။

မြေလတ်အသံဝိုင်းတော်သား အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ၊ တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပြီးဆုံးပါစေ၊ ဦးလေး ပို့လိုက်တဲ့ စာကိုလည်း NUG အစိုးရ မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဦးအောင်လေး(မကွေး)

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10