PDF တွေ သိမ်းယူထားတဲ့ ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွား

PDF တွေ သိမ်းယူထားတဲ့ ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ကာ စစ်ကောင်စီ၊ SNA၊ ပျူစောထီးစတဲ့ ပူးပေါင်းအင်အား ၂၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး ဒီနေ့နဲ့ဆိုရင် တိုက်ပွဲဖြစ်နေတာဟာ ၆ ရက်ရှိသွားပြီလို့ သိရပါတယ်။ 

စစ်ကောင်စီဟာ ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရွှေပြည်အေးမြို့ကို ပြန်လည်ရယူဖို့ ဒုတိယအကြိမ်မြောက် ထိုးစစ်ဆင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်း စစ်ကောင်စီဘက်က ပူးပေါင်းအင်အား ၄၀၀ ကျော်နဲ့ ရွှေပြည်အေးမြို့ကို စစ်ကြောင်းထိုးလာခဲ့ပြီး ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီ ၃ ရက်မှာတော့ စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

“လေကြောင်းတွေနဲ့ပါ ပစ်နေတာ၊ အဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက ပြန်ခုခံနေတယ်၊ ထိခိုက်ပျက်စီးမှု အခြေအနေအတိကျတော့ မသိရဘူး။ ဇီးတောရွာဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရွှေပြည်အေးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ ပထမဆုံးအကြိမ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီးနောက် ၉ လအကြာ နိုဝင်ဘာ ၂၃ ရက် ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲမှာတော့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါဒေသတွေမှာ ခန္တီးခရိုင် တပ်ရင်း ၁၊ ခန္တီးခရိုင် တပ်ရင်း ၂၊ ခန္တီးခရိုင် တပ်ရင်း ၃၊ စစ်ဒေသ ၁ အထူးတပ်ဖွဲ့နဲ့ နယ်မြေခံပကဖ အဖွဲ့တွေပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့မြို့တွေကို ပြန်လည်ရယူဖို့  အင်အားသုံး ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း PDF တွေ သိမ်းယူထားနိုင်ခဲ့တဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည် ရယူသွားတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဟုမ္မလင်းမြို့နယ် #ရွှေပြည်အေးမြို့ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10