PDFတွေ ဆင်းရဲတယ်၊ PDFပဲ လှူတော့မယ်

PDFတွေ ဆင်းရဲတယ်၊ PDFပဲ လှူတော့မယ်

 ဘကြီးတို့ညီအစ်ကိုက အသက်သာကြီးလာကြတာ အခုချိန်ထိသိပ်တည့်ကြတာမဟုတ်ဘူး။ ဘကြီးက အသက် ၈၀၊ ကျနော်တို့အဖေက ၇၇နှစ်။ နှစ်ယောက်စလုံးရဲ့ မိန်းမတွေသေသွားပြီဆိုတော့ လူပျိုကြီးတွေပေါ့။ ကျနော်တို့အဖေက ပင်စင်ယူပြီးတော့ တောကသူ့မိဘအိမ်မှာ ပင်စင်စာလေးနဲ့ ကျနော်တို့သားသမီးတွေလစဉ်ကန်တော့တာတွေနဲ့ သက်သောင့်သက်သာပြန်နေ။ ဘကြီးကသူ့ကိုယ်ပိုင်အိမ်မှာနေတယ်ဆိုပေမဲ့ မျက်စောင်းထိုးအိမ်မို့ အမြဲမပြတ်သူတို့ညီအစ်ကိုတွေ မြင်နေတွေ့နေရတယ်။

    ပြီးတော့ ဘကြီးက လယ်ဧက ခပ်များများပိုင်တဲ့ တောသူဌေးမို့ သူ့ညီစားရေးသောက်ရေးကို တာဝန်ယူ ကျွေးထားတယ်။ ကျနော်တို့အဖေက ပင်စင်စားသာဆိုတယ်၊ လက်ကြီးသမားမို့ငွေက ရှိလည်းခဏ။ မရှိရင် သူ့အစ်ကိုဆီ ဘယ်တော့မှပြန်မဆပ်တဲ့ ချေးနည်းနဲ့ချေးလိုက်တာချည်း။ အစ်ကိုလုပ်သူကလည်း မျက်နှာတစ်ချက်မပျက် ပေးလိုက်တာချည်း။

အဲဒါတောင်သူ့ညီက သူ့ကိုငယ်ငယ်ကတည်းက ခပ်နိုင်နိုင်မို့ နိုင်နေတာပါပဲ။ သူကလည်းသူ့ညီကို ချစ်တာဆိုတော့ အခုအချိန်ထိ မထင်ရင်မထင်သလို ငေါက်တာခံရသေး။ ဘကြီးကတော့ သူ့ညီငေါက်သမျှ ပြန်ငေါက်တာမျိုးမရှိ၊ ရယ်ရယ်မောမောလုပ်လိုက်တာချည်း။

    ‘ဒီကောင်ကစိတ်ကြီးတယ်ကွ။ သူငေါက်တာကအရေးမကြီးဘူး။ ကိုယ်ကပြန်ငေါက်မိလို့ အသက်ကြီးမှ ညီအစ်ကိုဒီနှစ်ယောက်ရှိတာ စကားမပြောဘဲနေရင် လူကြားလို့လည်းမကောင်းဘူး’တဲ့။

    အခုလည်း ဘုန်းကြီးဆွမ်းမလောင်းလို့ရန်လုပ်၊ ဘုန်းကြီးကျောင်းမသွား ဥပုသ်မစောင့်လို့ဆိုပြီး ရန်တစ်လုပ်တည်းလုပ်နေပြန်သတဲ့။ အသက်ကြီးမှ ငရဲအိုးထဲသွားချင်နေတယ်တဲ့။ ဟိုကောင်ထင်ရာမြင်ရာရေးတာလျှောက်ယုံမနေနဲ့၊ ကိုယ်ကအသက်ကြီးပြီတဲ့။

    ဟိုကောင်ဆိုတာကကျနော့်ကိုဆိုလိုတာ။ အာဏာသိမ်းပြီး ၆ လကျော်ကတည်းက ကျနော်ရန်ကုန်မှာမရှိတော့မှန်း အဖေကသိပေမဲ့ ဘယ်နေရာရောက်နေသလဲလို့မမေး။ အဖေကကျနော်နဲ့ဆက်သွယ်လို့ သူ့ပင်စင်လေးပြုတ်သွားမှာစိုးရိမ်တဲ့ပုံ။

    သူ့အစ်ကိုကို ကျနော့်အကြောင်းမမေးပေမဲ့ သူတို့ညီဝမ်းကွဲကိုတော့ နှစ်ယောက်တည်းဆုံရင်မေးလေ့ရှိတယ်။အဖေက သူနဲ့သာကျနော်အဆက်အသွယ်မလုပ်တာ၊ ဘကြီးနဲ့ရောဦးလေးနဲ့ရော အဆက်အသွယ်မပြတ်မှန်း အော်တိုသိနေတာမို့ သူ့ညီကို ကျနော့်အကြောင်းမေးလေ့ရှိတာ။

    ‘ဒီကောင်တလောကစစ်တပ်နဲ့ပေါင်းတဲ့ဘုန်းကြီးတွေကို အာဏာရှင်ဘုန်းကြီးတွေဆိုပြီး ဆော်နေတယ်’ လို့ အဖေ့ကိုဦးလေးကပြောပြလိုက်လေတော့ အဲဒါနဲ့ဆက်စပ်ပြီး နိုင်ငံရေးအကြောင်းကျနော့်ကိုအမြဲမေး၊ ကျနော့်စာအမြဲဖတ်လေ့ရှိတဲ့ သူ့အစ်ကိုကျနော့်ဘကြီးဘုန်းကြီးတွေနဲ့ကင်းကင်းနေတာ ချိတ်ဆက်လိုက်တာ။ ကျနော်ရေးတာဖတ်ပြီး သူ့အစ်ကိုဘုန်းကြီးတွေကို မလှူဒါန်းတာပေါ့။

    တကယ်တော့ဘကြီးက အာဏာသိမ်းပြီးစကတည်းက သူတို့တောမြို့ကဘုန်းကြီးတွေကို ဘဝင်မကျလို့ သူ့စိတ်ကူးနဲ့သူမလှူဒါန်းတော့တာ။ ပထမတော့ ဘာ့ကြောင့်မလှူမှန်းမသိပေမဲ့ ကျနော့်ဆောင်းပါးကိစ္စ ဦးလေးချွန်လိုက်ပြီးကတည်းက အဖေကစွပ်စွဲတော့တာ။

    ဘကြီးကအသက်ကြီးမှ ဘာသာရေးတွေဘာတွေမရှိတာမဟုတ်။ နွေဦးတော်လှန်ရေးမှာ ဘာအထောက်အပံ့မှမရှိမသိချင်ယောင်ဆောင်နေနိုင်ခဲ့တဲ့ သူတို့ရပ်ရွာကဘုန်းကြီးတွေကိုဘဝင်မကျတာပါ။

    ‘ဘကြီးနားလည်ထားတာက ဘုန်းကြီးဆိုတာတရားဓမ္မကိုကျင့်ကြံ အားထုတ်နေသူတွေဖြစ်တဲ့အတွက်အမှန်၊အမှားဆိုတာကို လူတွေထက်ပိုသိရမယ်။ ခွဲခြားနိုင်ရမယ်။ ပြီးတော့ ပြည်သူတွေလှူဒါန်းတဲ့ဆွမ်းကွမ်းကိုပဲ နေ့စဉ်ဘုန်းပေးနေတာဖြစ်လို့ ပြည်သူတွေရဲ့ စိတ်ခံစားမှုကိုကောင်းကောင်းသိရမယ်။ ကိုယ့်ထမင်းရှင်တွေနဲ့အတူ အာဏာရှင်တွေကို တော်လှန်ရဲရမယ်’ လို့ ဘကြီးကသူ့အမြင်ကိုပြောတယ်။

    အာဏာသိမ်းအပြီး နွေဦးတော်လှန်ရေးစတင်တော့ ဘကြီးတို့တောမှာလည်း တတပ်တအားလက်သီးလက်မောင်းတန်းလို့ပေါ့။ စစချင်းဆန္ဒပြကာလ၊ ဖမ်းလားဆီးလားလည်းမရှိ၊ စစ်ခွေးတွေသေနတ်ထုတ်မပစ်သေးတဲ့ကာလ၊ ဘကြီးတို့ရပ်ရွာဘုန်းကြီးတွေက ဒီနွေဦးတော်လှန်ရေးဟာသူတို့နဲ့မဆိုင်သလို။ မတရားသဖြင့် လက်နက်နဲ့အာဏာသိမ်းခဲ့တာ တစ်တိုင်းပြည်လုံးကလေးကအစသိပေမဲ့ဘကြီးတို့ ဘုန်းကြီးတွေကမသိသလို။ 

    ‘နေနိုင်လွန်းလို့ရင်နာရတာ။ ကိုယ်တိုင်မချီတက်ရဲရင်တောင် ရေသန့်တစ်ဗူးလောက် ထုတ်တိုက်ပါလား။ ဆန္ဒပြနေတဲ့ပြည်သူတွေကို ရေသန့်တစ်ဗူးလာကမ်းတဲ့ ဘုန်းကြီးကိုတစ်ပါးမှမမြင်ခဲ့ရဘူး’ လို့ ပြောပြနေတဲ့ဘကြီးရဲ့လေသံကမာမာထန်ထန်။

    ဘုန်းကြီးဆိုတဲ့အမျိုးက တွယ်တာစရာသံယောဇဉ်မရှိ၊ တင်ကျွေးထားရမယ့်လူမရှိ၊ ကိုယ်မရှိလို့ တစ်ယောက်ယောက်ဒုက္ခဖြစ်နေမလား၊ တွေးစရာမရှိ။ သူတို့ရဲ့ အဲဒီလိုသဘာဝအရရောဗုဒ္ဓရဲ့ ချိုးခြံ‌ချွေတာရေး လမ်းစဉ်အရပါ လူတွေထက်ပိုအတ္တနည်းပြီးလူတွေထက်ပို  ပြတ်သားသင့်တယ်လို့လည်း ဘကြီးကဆိုတယ်။

    ဒါနဲ့ တလောကလိုင်းပေါ်တက်လာလို့ သိမ်းထားတဲ့ ဟင်းပွဲပေါင်းများစွာရဲ့အလယ် သီတဂူဘုန်းကြီး ဆွမ်းစားနေပုံကို ပြလိုက်တော့ ဘကြီးရဲ့သက်ပြင်းချသံကိုခပ်ရှင်းရှင်းကြားးလိုက်ရတယ်။

    “လူတွေဒီလောက်ငတ်နေတဲ့အချိန် သူ့မှာတော့ ဟင်းအမယ်တစ်ရာခြံရံလို့ပါလား။ စားရဲလို့စားတာစားပါစေ။နောက်တစ်ချက်စဉ်းစားရမှာကဘကြီးတို့ ဗုဒ္ဓဘာသာဝင်ကိုယ်တိုင်တွေရဲ့ ဘုန်းကြီးတွေအပေါ်သဒ္ဓါ လွန်တဲ့ပြဿနာက ဘုန်းကြီးတွေအတ္တကြီးပြီး လောဘလည်းမကြီးကြီးအောင်လုပ်ပေးနေသလို ဖြစ်နေပြီ” တဲ့။

    ဘကြီးကအဲဒီလိုဆိုတော့ အဲကွန်းမရှိရင် နေရထိုင်ရအဆင်မပြေဘူးဆိုတဲ့ ရဟန်းပျိုတချို့ကိုပြန်မြင်ရ၊နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းနဲ့ဇိမ်အကျကြီးကျနေတဲ့ ဘုန်းကြီးတချို့ကိုလည်း ပြန်မြင်ရ၊ ငါပြောတာအကုန်အမှန်ဆိုတဲ့ အမှန်တရားတို့ရဲ့သခင် အရှင်သူမြတ်တချို့ကိုလည်း ပြန်မြင်ရ။

    နွေဦးတော်လှန်ရေးမတိုင်ခင်ထိ စပါးသိမ်းပြီးပြီဆို အလှူကြီးပေးရတာဝါသနာပါတဲ့ဘကြီး။ ရွာဦးကျောင်းကိုဘာလှူရကောင်းမလဲလို့ အမြဲမပြတ်စောင့်ကြည့်လှူဒါန်းတတ်တဲ့ဘကြီး။ အဖေ၊အမေနဲ့အကြီး ကွယ်လွန်ခဲ့ကြတဲ့နေ့ နှစ်စဉ်မပျက်ကွက်စေရ၊ အခါကြီးရက်ကြီးတွေမှာလည်း မပျက်စေရ၊ အိမ်မှာဆွမ်းကျွေးရတာလည်းဝါသနာပါ၊ဘုန်းကြီးတွေကို ဟင်းပွဲ ၆မျိုး၊ ၇မျိုးမက ။ အဲဒီလိုဘကြီးမို့ “ဘကြီးလည်းဘုန်းကြီးတွေ လောဘကြီးအောင်မလုပ်ခဲ့ဘူးလား”လို့ ထေ့လိုက်တော့ရယ်ကျဲကျဲ။

    ဘယ်လိုပဲဖြစ်ဖြစ် အခုတော်လှန်ရေးဘကြီးကတော့ ရှင်းရှင်းပြတ်ပြတ်။ ဆွမ်းလည်း မလောင်း၊ ဆွမ်းချိုင့်လည်းမပို့၊ ဘုရားလည်းငါးပြားမလှူ၊ ဝါဆိုသင်္ကန်းတွေဘာတွေလည်းမကပ်၊ မိဘတွေကွယ်လွန်ခြင်းဆွမ်းလည်း မကျွေး၊ ဘုန်းကြီးကျောင်းတွေဘာတွေလည်းမတက်တော့။ တစ်သက်လုံး ဘာသာရေးကိစ္စတွေကိုစိတ်ကျေနပ်အောင်လှူခဲ့ပြီးပြီ၊ တော်ပြီတဲ့။ 

    “နွေဦးတော်လှန်ရေးစကတည်းက ဘာသာရေးအလှူအတန်းမှန်သမျှရပ်ပြီး အဲဒီကုန်ကျစရိတ်တွေကုန် PDF တွေကိုလှူတော့တယ်။ ဘကြီးရဲ့သူငယ်ချင်းတွေလည်း တသဘောတည်းပဲ။ PDFတွေကိုပဲလှူတော့တယ်” တဲ့။

    ဘုန်းကြီးတွေကမချမ်းသာတောင် စားနိုင်သောက်နိုင်တယ်။ PDFတွေကဆင်းရဲတယ်။ ကိုယ့်အလှူထဲက နှုတ်ခမ်းနီတစ်တောင့်က မင်းအောင်လှိုင်လည်မျိုကိုမမှန်ဘူးလို့ ဘယ်ပြောနိုင်မလဲတဲ့။

    ကျနော့်ဘကြီး အသက် ၈၀ ဆိုတဲ့အသက်အရသေလမ်းနီးနေပြီဖြစ်တဲ့အရွယ်။ ငရဲတွေဘာတွေမကြောက်ဘူးလားလို့ဆိုလိုက်တော့ နွေဦးတော်လှန်ရေးမှာ ကိုယ်တာဝန်မကျေခဲ့မှာကိုပဲ ကြောက်တော့တယ်တဲ့။

    ဘကြီးရဲ့နေဝင်ရီတရောကာလဟာ အဲသလို လှလှပပ။
                                

ထွန်းလင်း 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10