PDF တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီက အင်အားထောင်ချီသုံး တိုက်ခိုက်နေ

PDF တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီက အင်အားထောင်ချီသုံး တိုက်ခိုက်နေ

စစ်ကိုင်းတိုင်းမှာ PDF တွေ ပထမဆုံးသိမ်းယူခဲ့တဲ့ ကောလင်းမြို့အနီးမှာ စစ်ကောင်စီဘက်က အင်အား ထောင်ချီသုံးကာ စစ်ကြောင်းထိုးနေပြီး ကာကွယ်ရေးတပ်တွေနဲ့လည်း ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် ညပိုင်းကစတင်ပြီး စစ်ကောင်စီဘက်က စစ်ကြောင်း ၄ ကြောင်းခွဲကာ မြို့မြောက်ဘက်ရှိ ကျေးရွာတွေဘက်ကနေ စတင်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၆ ရက် ဒီနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် ဒီမြို့ကို စစ်တပ်ကပြန်သိမ်းပိုက်မယ့်သတင်းက ကာကွယ်ရေးတပ်တွေဆီကို ကြိုရောက်ထားတာကြောင့် PDF တပ်ရင်းတွေကဘက်ကလည်း မြို့စောင့်တပ်တွေကို အဆင်သင့်ပြင်ကာ တိုက်ပွဲဝင်နေတယ်လို့ PDF တပ်ရင်းတခုမှာရှိနေသူ အမျိုးသမီးတဦးက ပြောပါတယ်။

"လာတိုက်မယ်ဆိုတာကတော့ သိထားကြတယ်။ ဒီဘက်ကလည်း အဲ့ဒီအတွက် အကုန်အသင့် ပြင်ထားတယ်"လို့ PDF တပ်ရင်းမှာရှိနေသူ အမျိုးသမီးတဦးက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် မြို့ခံတွေလည်း ဘေးလွတ်ရာဒေသတွေကို ကြိုတင်တိမ်းရှောင် နေကြရပါတယ်။ 

လက်ရှိမှာ ကောလင်းမြို့နဲ့ မိုင် ၂၀ အကွာရှိ ဆီဆိုင်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး ရဟတ်ယာဥ်နဲ့ အင်အားဖြည့်တာ၊ လက်နက်ကြီးကူပစ်တာ တွေလုပ်နေကာ ကောလင်းမြို့ပေါ်ကိုတော့ စစ်ကြောင်း ရောက်မလာသေးဘူးလို့ သိရပါတယ်။ 

ကောလင်းဒေသခံ အမျိုးသမီးတဦးကတော့ "ဒီနေ့လည်း (တိုက်ပွဲ) ဆက်ဖြစ်နေတယ်။ ဆီဆိုင်ရွာဘက်မှာ တိုက်ပွဲပြင်းတယ်။ ကျမတို့လည်း အခြေအနေမသိရသေးဘူး။"လို့ ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့မြောက်ဘက်ရှိ အင်းပုတ်ကုန်း၊ ပေကုန်း၊ နတ်တောင်ကျေးရွာတွေမှာလည်း စစ်ကြောင်းတွေ ချထားတယ်လို့ သိရပါတယ်။ 

အလားတူ ကန့်ဘလူမြို့နယ်ဘက်မှာလည်း စစ်တပ်က အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းနဲ့ ကာစစ် သဘောမျိုးထားကာ ကျေးရွာတွေကိုဝင်ရောက်မီးရှို့နေတာတွေ လုပ်နေတယ်လို့ ကန့်ဘလူ PDF မှ ခေါင်းဆောင်တဦးက ပြောပါတယ်။

"ထန်းကုန်းတိုက်နယ်ထဲက မဲဇယ်ရွာမှာ ဝင်နေတယ် **ကြောင်းက။ ကာနေတဲ့သဘောမျိုးပေါ့။ ရွာဘက်တွေ (စစ်ကြောင်း) လှည့်ထိုးနေတာ။ ရက်ကိုတော်တော်ကြာသွားပြီ "လို့ သူက ဆက်ပြောပါတယ်။

ဒီစစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့ကိုတိုက်မယ့် စစ်အုပ်စုဆီ အင်အားဖြည့်တင်းဖို့ အသင့်ပြင်ထားတာဖြစ်နိုင်ပြီး ထီးချိုင့်မြို့နယ်ဘက်မှာလည်း စစ်ကြောင်းတကြောင်းထိုးနေတယ်လို့ ထီးချိုင့်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးကပြောပါတယ်။

"ထီးချိုင့်မြို့ရဲ့အောက်နားက ပေါ်တော်မူရွာဘက်မှာ ဘာမှမရှိဘဲ စစ်ကြောင်းထိုးလို့ တိုက်ပွဲ ဖြစ်နေတယ်။ (ဇန်နဝါရီ ၅ ရက်) မနေ့ကစတာ။ အခုထိဖြစ်နေတုန်းပဲ။ အဲဒီတပ်က ထီးချိုင့်မြို့နဲ့ ကောလင်းကို အင်အားတိုးဖို့လို့ခန့်မှန်းရတယ်” လို့ သူက ပြောပါတယ်။ 

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

ကောလင်းမြို့ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်မှာ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီထိန်းချုပ်မှု အောက်ကနေ သိမ်းယူနိုင်ခဲ့တဲ့ မြို့တမြို့ ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီ #ပြန်လည်တိုက်ခိုက် #PDFထိန်းချုပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10