PDF ထောက်ခံတယ်ဆိုပြီး စစ်တပ်က ရွာကိုမီးရှို့၊ ကာကွယ်ရေးအဖွဲ့တွေ မီးငြှိမ်းပေးလို့ အိမ်အလုံး ၂၀ ခန့်သာ ပျက်စီး

PDF ထောက်ခံတယ်ဆိုပြီး စစ်တပ်က ရွာကိုမီးရှို့၊ ကာကွယ်ရေးအဖွဲ့တွေ မီးငြှိမ်းပေးလို့ အိမ်အလုံး ၂၀ ခန့်သာ ပျက်စီး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းရွာက နေအိမ်တွေကို စစ်အုပ်စုက အောက်တိုဘာ ၂၈ ရက် ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဝင်ရောက်လာပြီးနောက် နေ့လယ် ၂ နာရီလောက်မှာ နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဆီက သိရပါတယ်။

ကဇွန်းမရွာကနေ အင်အား ၁၀၀ ကျော်နဲ့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ အဲဒီရွာနဲ့  ၂ မိုင်ခန့် အကွာရှိ ကျွန်းချောင်းရွာကိုလက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်သွားတာလို့ ဆိုပါတယ်။

“ကာကွယ်ရေးဘက်ကို ထောက်ခံလို့ဆိုပြီး ရွာကိုမီးရှို့တာ။ ဆန်တွေကိုလည်း ရွာထဲက လမ်းပေါ်မှာသွန်ချခဲ့တယ်။နေ့လယ်ချိန်လောက်ထိ ရွာထဲမှာတပ်စွဲထာပြီးမှ မီးရှို့သွားတာ” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွာမီးရှို့သွားတဲ့ စစ်ကြောင်းဟာ ကဇွန်းမအခြေစိုက် အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉) နဲ့ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ရွာမီးရှို့ပြီးနောက် နေ့လယ် ၃ နာရီလောက်မှာ အဲဒီ့စစ်ကြောင်းဟာ ကဇွန်းမရွာထဲကို ပြန်လည်ဝင် ရောက်သွားခဲ့ပြီး ဒေသခံတွေအနေနဲ့ စစ်ကြောင်းမရောက်မီ ကြိုတင်ရှောင်နိုင်တဲ့အတွက် ဖမ်းဆီးခံရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းထွက်သွားပြီးနောက် ရွာအတွင်းအမြန်ဝင်ရောက်ကာ ရွာခံတွေနဲ့ ဆိပ်ဖြူဘာမထီကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ နေအိမ် ၂၀ လုံးခန့်သာ မီးလောင်ပျက်စီးမှုရှိခဲ့တာလို့ ပြောပါတယ်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကျွန်းချောင်းရွာဟာ အခုမီးရှို့ခံရမှု ဒုတိယအကြိမ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျွန်းချောင်းရွာကနေအိမ် ၁ လုံးကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပါသေးတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း နေအိမ်အဆောက်အဦ (ဘာသာရေးအဆောက်အအုံ အပါအဝင်)  ၈၀၀၀၀ ကျော် မီးရှို့ခံခဲ့ရပြီး အဲ့ဒီထဲက ၃၀ ရာခိုင်နှုန်းနီးပါးဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မီးရှို့ခံရခြင်းဖြစ်ကာ မကွေးတိုင်းအတွင်းက ဒုတိယအများဆုံးဖြစ်တယ်လို့ ISP – Myanmar က ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #စစ်တပ်စစ်ကြောင်း #နေအိမ်မီးရှို့ #ပျက်စီးမှု #PDF #လစခ၉ #ကပစ၂၁ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10