PDFသိမ်းယူထားတဲ့ကောလင်းမြို့အနီးကို စစ်တပ်ကအင်အားတိုးမြှင့်ပို့ဆောင်မှုတွေ ဆက်တိုက်ပြုလုပ်

PDFသိမ်းယူထားတဲ့ကောလင်းမြို့အနီးကို စစ်တပ်ကအင်အားတိုးမြှင့်ပို့ဆောင်မှုတွေ ဆက်တိုက်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးမှာ စစ်ကောင်စီတပ်ကအင်အားတိုးမြှင့်ပို့ဆောင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို မြို့အနီးမှာလည်း စစ်ကြောင်း ၂ ကြောင်း အနီးကပ်ရှိနေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၃မိုင်ခန့်အကွာရှိ မိုးကောင်းတောင်မှာ အင်အား ၇၀ ခန့်ရှိ စစ်ကြောင်းတကြောင်း ရောက်ရှိနေသလို  ဒီဇင်ဘာလ ၂ ရက် ဒီကနေ့မနက်မှာလည်း ကောလင်းမြို့ရဲ့မြောက်ဘက်ဇီးဖြူပင်ရွာကို ဝန်းသိုမြို့ဘက်ကလာတဲ့ အင်အား ၇၀ ခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အဲဒီရွာကစျေးဆိုင်မှာတပ်စွဲထားတယ်လို့ သိရပါတယ်။

"ကောလင်းကိုပြန်သိမ်းဖို့ကြံနေတယ်လို့ပြောလို့ရတယ်။ ဝန်းသိုဘက်ကနေ ဟောင်ဝစ်ဆာနဲ့ပစ်တာတွေ ရှိတယ် " လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့နဲ့ ဝန်းသိုမြို့အကြားရှိ ခမရ ၁၂၀ တပ်ရင်းကို မြို့သိမ်းယူခံခဲ့ရတဲ့ နိုဝင်ဘာလ ဒုတိယအပတ်ကစတင်ကာ စစ်တပ်သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်နဲ့ လူအင်အားပို့ဆောင်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“ ဝန်းသိုကတပ်ရင်း ၁၂၀ထဲကို ရဟတ်ယာဥ်နဲ့အင်အားတွေခဏခဏချတယ်။ အခုသူတို့ အင်အားများပြီထင်လို့နေမှာပေါ့၊ စစ်ကြောင်းစထိုးလာတာ” လို့ သူကပြောပါတယ်။

ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ ကာကွယ်ရေးတပ်တွေကသိမ်းယူထားနိုင်ပြီး လက်ရှိ တလနီးပါးအကြာအထိ ဆက်လက်ထိန်းချုပ်ထားနိုင်ကာ တလတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတချို့နဲ့ မြေပြင်စစ်ကြောင်းအကြား ထိတွေ့တိုက်ပွဲတချို့ရှိခဲ့ပေမယ့် တိုက်ပွဲပြင်းထန်ဖြစ်ပွားတာမျိုးတော့မရှိခဲ့ပါဘူး။

ကောလင်းမြို့ကို  မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေက လုံခြုံရေးပေးထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေစီမံဆောင်ရွက်နေကာ မြို့နေပြည်သူတွေလည်း ပုံမှန် အတိုင်းပြန်လည်နေထိုင်နေတယ်လို့ သိရပါတယ်။

 

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #ဝန်းသို #ခမရ၁၂၀ #စစ်အင်အား #တိုးမြှင့်ချထား #မြို့သိမ်းတိုက်ပွဲ #PDF #ဆက်လက်ထိန်းချုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10