PDF တပ်ခွဲမှူးဖြစ်လာသူ စိတ်ကျန်းမာရေးဆိုင်ရာဒေါက်တာ ဆရာတမာ

PDF တပ်ခွဲမှူးဖြစ်လာသူ စိတ်ကျန်းမာရေးဆိုင်ရာဒေါက်တာ ဆရာတမာ

ဆောင်းပါး-နွေဦးငြိမ်းချမ်း

 

စိတ်ကျန်းမာရေးဆရာဝန်ဖြစ်သူ ဆရာတမာတယောက် လှည့်လည်ရှောင်ပုန်းနေတဲ့ ရန်ကုန် ကိုစွန့်ခွါဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် မိဘတွေဆီကို အသိပေးအကြောင်းကြားမှုပြုလုပ်ခဲ့ပါတယ်။ ဘယ်ကို ဆိုတာတော့ မပြောဆိုဘဲ ခရီးထွက်မယ်လို့ပဲ ပြောဆိုခဲ့တာပါ။ မိဘတွေကတော့ နိုင်ငံရပ်ခြားကို ထွက်မယ်ထင်ခဲ့ကြပေမယ့် ဆရာတမာကတော့ လက်နက်ကိုင်တော်လှန်ရေးအတွက် တောခိုသွား ပါတော့တယ်။

 

စစ်တပ်ကအာဏာသိမ်းပြီး  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ မန္တလေးက ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ ဆေးဘက်ဆိုင်ရန် ဝန်ထမ်းနဲ့ ကျောင်းသားလူငယ်တွေဟာ စစ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွတ်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဲဒီနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့ကစတင်ကာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ဆရာဝန်/ဆရာမတွေ ဦးဆောင်ပါဝင်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲတွေဟာ လမ်းမတွေပေါ်ကို အင်အားကောင်းကောင်းအရှိန်အဟုန်ပြင်းပြင်းနဲ့ ထွက်လာခဲ့ကြပါတယ်။

 

အဲဒီ ဆရာဝန်/ဆရာမတွေထဲမှာ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံက ဆရာဝန်/ဆရာမ ၇၀ နီးပါးပါဝင်ခဲ့ပြီး ဆရာတမာဟာလည်း သူလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွတ် ဆန္ဒဖော်ထုတ်ခဲ့သူ တဦးပါ။

 

ဖေဖော်ဝါရီ၊ မတ်လတွေအထိ ဆန္ဒထုတ်ဖော်ပွဲတွေဟာအားကောင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်မတိုင်မီ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံက ဆေးရုံပေါင်း ၇၄ ရုံမှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက စတင် ကာ CDM ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

 

အာဏာသိမ်းမှုအပြီး ဆန္ဒပြသူတွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုတွေ နေ့စဉ်ပြုလုပ်လာပြီး CDM ဆရာဝန်တွေ ကို လိုက်လံဖမ်းဆီးတာ၊ အမှုဖွင့်ထောင်ချတာ၊ ဆ/မ လက်မှတ်တွေရုတ်သိမ်းတာတွေ နိုင်ထက်စီးနင်းဆိုသလို ဆက်တိုက်ပြုလုပ်လာတဲ့ ၂၀၂၁ ခုနှစ် ဧပြီလထဲမှာပဲ ဆရာတမာဟာ တောခိုဖို့ဆုံးဖြတ်ပြီး အဆက်အသွယ်ရရှိဖို့ တလလုံးစောင့်ဆိုင်းနေခဲ့ရတဲ့နောက် မေလလယ်ရောက်မှပဲ တောတွင်းတနေရာက PDF စခန်းငယ်လေးဆီ ကိုရောက်ရှိခဲ့ပါတယ်။

 

အဲဒီအချိန်ဟာ လူသုံးဆေးဝါးနံ့တွေ၊ ငြီးငြူနေကြတဲ့ လူနာတွေ မီးရောင်မှိန်မှန်နဲ့ လူနာဆောင်တွေ၊ ဆရာဝန်အလာကို အားကိုးတကြီးမျှော်လင့်နေကြတဲ့ မိသားစုတွေနဲ့ မက်မက်မောမော လိုလိုချင်ချင်နဲ့ လေ့လာခဲ့ရတဲ့ ဆေးပညာရပ်တွေ တခန်းရပ်သွားချိန်ပါပဲ။

 

“အာဏာသိမ်းခါစရက်တွေက အကြီးအကျယ် စိတ်ဓါတ်ကျရတယ်။ ငါတို့နိုင်ငံတော့ ရှုံးပြီဆိုပြီး။ ဒါပေမယ့်လူတွေလမ်းပေါ်ထွက်လာတော့ တဖန်အားတက်လာပြန်တယ်။ လူငယ်တွေက “ရှုံးပြီရှုံးပြီ” အော်မနေပဲ လုပ်စရာရှိတာကို လုပ်ပြသွားတယ်။ လေးစားအားကျရတယ်။ ကျနော်တို့ ဆရာဝန်တွေ CDM တယ်။ ကျနော့်အတွက် ethical issue ဖြစ်ခဲ့ပေမယ့် symbolic value ကြီးကြီးရှိလို့ CDM ခဲ့တယ်။” လို့ CDM ပြုလုပ်ခဲ့ရတာနဲ့ပတ်သက်ပြီး ဆရာတမာက ပြောပါတယ်။

 

တကယ်တော့လည်း စိတ်ကျန်းမာရေးချို့တဲ့ နေသူတွေအတွက် ဆရာဝန်များစွာနဲ့ ဝန်ဆောင်မှုများစွာ လိုအပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုဟာ ဆရာဝန်တွေ အထူးကု တွေ နဲ့ သူနာပြု ကျန်းမာရေးဝန်ထမ်းများစွာကို ဆေးရုံ၊ ဆေးခန်းတွေရဲ့အဝေးကိုတွန်းပို့လိုက်ပါတယ်။

 

အစိုးရဆေးရုံဆေးခန်းတွေ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွေ ကနေ CDM ပြုလုပ်ခဲ့ပေမယ့် ဆရာဝန်/ဆရာမ ကျန်းမာရေးဝန်ထမ်းတွေဟာ ပရဟိတဆေးခန်းတွေ၊ အိမ်တိုင်ရာရောက် ဆေးကုပေးတာ၊ ဖုန်းနဲ့အဝေးကနေ ကုသပေးတာတွေကို အခမဲ့ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးတာတွေကို ပြုလုပ်နေခဲ့ကြပါတယ်။ အဲလိုဆရာဝန်/ဆရာမ အများအပြားကိုလည်း အာဏာသိမ်းစစ်တပ်က လိုက်လံဖမ်းဆီးထောင်ချခဲ့တယ်လို့ တိမ်းရှောင်ခဲ့ရတဲ့ ဆရာဝန်/ဆရာမတွေက ပြောပါတယ်။

 

ဆရာဝန်/ဆရာမတွေဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံကိုကျန်းမာရေးအဆင့် အနိမ့်ဆုံးနိုင်ငံဖြစ်အောင် လုပ်ခဲ့တဲ့ စစ်အစိုးရမျိုးကို ပြန်မလိုချင်လို့ CDM လုပ်ခဲ့ပေမယ် ပြည်သူလူထုကျန်းမာရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့သော်လည်း စစ်အာဏာသိမ်းမှုရဲ့အကျိုးအဆက်အဖြစ် ကိုဗစ် တတိယလှိုင်းမှာ မြန်မာနိုင်ငံမှာ နေ့စဉ်ဆိုသလို ရောဂါကူးစက်ခံရသူ ၂ သောင်းကျော်နဲ့ သေဆုံးသူ ၁ ထောင်ကျော်ရှိခဲ့ကာ ၄ သိန်းလောက်အထိ သေဆုံးနိုင်တယ်လို့ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က rfa သတင်းဌာနနဲ့ အင်တာဗျူးမှာ အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သုံးသပ်ခဲ့ပါတယ်။

 

ဆန္ဒပြမှုတွေနောက်မှာတော့ ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးကနေ ဆရာဝန်/ဆရာမ ၈၀ လောက် CDM ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီဆေးရုံကြီးရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီကာလတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ရပ်ဆိုင်းလုနီးပါးဖြစ်ပြီး လအတန်ကြာမှာတော့ ၂၀ ကျော်ဟာ Non CDM လုပ်သွားပြီး ၅၀ ကျော်ကတော့ စိတ်ကျန်းမာရေးဆေးရုံကြီးကို အပြီးစွန့်ခွါသွားကြတယ်လို့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေအကြောင်းကို ဆရာတမာက ပြောပြပါတယ်။

 

အလားတူပဲ မြန်မာနိုင်ငံအနှံ့အပြား က စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၇၅ ရာခိုင်နှုန်းလောက် CDM မှာပါဝင်ခဲ့ကြတာဖြစ်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကပြောဆိုခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၃၅ ဦးသတ်ဖြတ်ခံရကာ ကျန်းမာရေးဝန်ထမ်း ၃၆၀ ကျော်ဖမ်းဆီးခံထားရ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ကထုတ်ပြန်တဲ့ တနှစ်တာဆောင်ရွက်ချက်များ ပြည်သူသို့အစီရင်ခံစာမှာ ဒုတိယဝန်ကြီးဒေါက်တာ ရွှေပုံက ပြောပါတယ်။

 

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့ (PHR) ကလည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဇန်နဝါရီ ၁၀ ရက်အထိ စစ်ကောင်စီတပ်တွေက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ ဆေးပေးခန်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေအပေါ် ၄၁၅ ကြိမ် တိုက်ခိုက်ခဲ့တယ် လို့ ဇန်နဝါရီလ ၂၆ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ဒါအပြင် ကျန်းမာရေးဝန်ထမ်း ၆ဝဝ ကျော်ကိုလည်း ဖမ်းဝရန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီလိုဖြစ်စဉ်တွေကနေ ဆရာဝန်/ဆရာမ နဲ့ ကျန်းမာရေးဝန်ထမ်း အများစုဟာ တိမ်းရှောင်ဖို့ခက်ခဲလာတာ၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လို့မရတော့တာ တွေရဲ့အဆုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းတွေဆီကို ရောက်ရှိလာခဲ့ကြပါတော့တယ်။

 

ကျန်းမာရေး CDM များစွာထဲကမှ ဆရာတမာကတော့ တမူထူးခြားစွာနဲ့ PDF တပ်ဖွဲ့တခုရဲ့ တပ်ခွဲမှူးဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွယ်ကူလှတဲ့ ခရီးလမ်းတော့မဟုတ်ခဲ့ဘူးလို့ သူကဆိုပါတယ်။ တော်လှန်ရေးရဲဘော်ဘဝနဲ့ဖြတ်သန်းနေရချိန်မှာ ဆရာဝန်တယောက်လည်း ဖြစ်နေတာကြောင့် ရဲဘော်တွေရဲ့ ကိုဗစ်ကာလ ကို ရင်ဆိုင်နိုင်ပါ့မလားဆိုပြီး စိတ်ပူခဲ့ပါသေးတယ်။

 

အပင်ပန်းဆုံးအချိန်ကတော့ သင်တန်းကွင်းဖောက်နေတုန်းမှာ သင်တန်းသား အယောက် ၃၀၀ လုံး COVID ဖြစ်ကြတာပါ။ ၁၀ ယောက်လောက် အနံ့စပျောက်တော့ ကျနော်နဲ့ အဲဒီတုန်းက အတူတူရှိနေတဲ့ တခြားဆရာဝန်တွေနဲ့ တိုင်ပင်တာ၊ primary contact က အကုန်ဖြစ်နေပြီလို့ တွက်မိတယ်၊ မြို့ပေါ်မှာလဲ ရောဂါပြင်းထန်နေတဲ့အချိန်။ သင်တန်းနေရာမှာလဲ mask တွေ hand gel တွေက မလုံလောက်ဘူးလေ။ quarantine တွေဘာတွေ မလုပ်နိုင်တော့ဘူးလို့ ယူဆပြီး အကုန်ဖွင့်ချပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်”   လို့ ဆရာတမာက သူရဲ့တော်လှန်ရေးတပ်ခွဲမှူးဘဝကို အမှတ်တရပြန်ပြောပြပါတယ်။

 

တဘက်မှာလည်း အာဏာသိမ်းစစ်ကောင်စီကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်ရေးတိုက်ပွဲ  စတင် ကြောင်း စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလ က စတင်ကြေညာခဲ့ပါတယ်။ မြို့ပြပျောက်ကြား တိုက်ခိုက်မှုတွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကလည်း တိုက်ပွဲအရှိန်ကိုမြှင့်တင်လိုက်ပါတယ်။

 

ဆရာတမာက လက်နက်ကိုင်တော်လှန်ရေလမ်းစဉ်ကိုရွေးချယ်ခဲ့ပေမယ့် ဆရာဝန်တယောက်လည်းဖြစ် ရှားပါးလှတဲ့ စိတ်ကျန်းမာရေးဆရာဝန်လည်းဖြစ်တဲ့အတွက် စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ သူလူနာများစွာအတွက် စိတ်မအေးသူပါ။

 

စိတ်ကျန်းမာရေးလူနာတွေဟာ သာမန်ရောဂါကုသနည်းနဲ့ကုသမှုမရနိုင်သလို ဒါအပြင် အစိုးရရဲ့တနှစ်တာ ပြည်သူလူထု ဝန်ဆောင်မှု ကျန်းမာရေးဘတ်ဂျတ်ရဲ့  ၁ ရာခိုင်နှုန်းကိုပဲသုံးခဲ့ပြီး မြန်မာနိုင်ငံမှာ ယခင်ကတည်းက mental health gap လို့ခေါ်တဲ့ ဆေးကုမခံရတဲ့ စိတ်ဝေဒနာရှင်က ၉၅% လောက် ရှိနေပြီး အဲဒီ mental health gap က ခု ပိုဆိုးသွားနိုင်တယ် လို့ ဆရာတမာကဆိုပါတယ်။

 

လက်ရှိမှာတော့ စစ်ကောင်စီကျန်းမာရေး ဌာနတွေမှာ ရုပ်ဝတ္တုတွေပဲကျန်ရှိနေပြီး ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်လို့မရ ပဲ ပုဂ္ဂိလိက ဆေးရုံတွေကိုအားကိုး တာ နွမ်းပါးသူတွေက အခမဲ့ဆေးခန်းနဲ့ NGO တွေအားကိုးတာ အစိုးရအခြင်းခြင်းတိုက်ရိုက်ပေးနေတဲ့ လူသားခြင်းဆိုင်ရာအထောက်အပံ့တွေကလည်း INGO တွေဆီကို ပြန်ရွေ့သွားကြမှာဖြစ်ပြီး စစ်ကောင်စီရဲ့အရည်အချင်းကို ကိုဗစ်မှာ တွေ့မြင်ရမှာဖြစ်တယ် လို့ ဆက်ပြောပါတယ်။

 

မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုဟာ ကောင်းမွန်မှုမရှိဘဲ စစ်အစိုးရက နိုင်ငံ့ဂျီဒီပီ (GDP) ကို ၀.၅ % မှ ၃% အထိသာ ကျန်းမာရေးအတွက် သုံးစွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုနိမ့်ကျတဲ့ နိုင်ငံများတွင် မပြောင်းမလဲ တစ်သမတ်တည်း ရှိခဲ့တယ် လို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ က နောက်ဆုံးပြင်ဆင်ဖြည့်စွတ်ထားသည့် Wikipedia က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 

ယင်းမတိုင်ခင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအသုံးစားရိတ်ကို အမြင့်ဆုံးအဖြစ် ၂၀၁၈ ခုနှစ်က တိုင်းပြည် GDP ရဲ့ ၄.၇၉ ရာခိုင်နှုန်း တဦးချင်းအသုံးစားရိတ် ၅၉ ဒေါ်လာ အသုံးပြုထားပြီး ကျန်းမာရေးစောင့်ရှောက်မှု အနည်းဆုံးနိုင်ငံများအဖြစ် မြန်မာနိုင်ငံအောက်မှာ ၆ နိုင်ငံသာကျန်ရှိတော့တယ်လို့  Macrotrends.net -The Premier Research Platform for Long Term Investors မှာဖော်ပြထားပါတယ်။

 

“Tea Circal” Forum for New Perspectives on Burma/Myanmar Blog  မှာဖော်ပြထားတဲ့ သုတေသနဆိုင်ရာဆောင်းပါးမှာတော့ တိုင်းပြည်၏ဆေးရုံဆေးခန်း ၈၀ ရာခိုင်နှုန်း ပါဝင်သည့်ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ယိုင်လဲနေတယ်လို့ဆိုထားပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့  Medicins San Frontiers မှ ဒေါက်တာမစ်ချဲလ်ဆန်မာ က ပြည်သူ့ကျန်းမာရေးစံနစ်မှာပြိုလဲလုနီးပါးဖြစ်နေတယ်လို့ BBC  ကိုဖြေကြားထားတယ်လို့ဆိုထားပါတယ်။ အဲဒီသုတေသနဆောင်းပါးကိုတော့ စစ်အာဏာသိမ်းပြီး ၇ လအကြာ ဩဂုတ်လမှာ ဖော်ပြခဲ့တာပါ။

 

ဆင်းရဲနွမ်းပါးသူများရဲ့ ကျန်းမာရေးအားကိုးအားထားရာတခုဖြစ်တဲ့ အခမဲ့ပရဟိတဆေးခန်းနဲ့ လူမှုကူညီရေးဆေးခန်းတွေကိုလည်း စစ်ကောင်စီက ယခင်၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်က ပြဌာန်းခဲ့သော အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ အသင်းအဖွဲ့မှတ်ပုံတင် တွေကိုရုပ်သိမ်းတာ၊ နာရေးကူညီမှုအသင်းကားများကို သွင်းကုန်ပို့ကုန်ဆိုင်ရာ ဥပဒေတွေနဲ့ သိမ်းဆည်းတာ ဖျက်ဆီးတာအပြင် ပရဟိသမားတွေကို ထောင်ချတာ ဖမ်းဝရမ်းထုတ်တာတွေကိုလည်း အာဏာသိမ်းပြီး ဧပြီလ ကထဲက စတင်ပြုလုပ်ခဲ့ပါတယ်။

 

ကျန်ရှိ ပရဟိတအဖွဲ့တွေကိုလည်း ကန့်သတ်တာ စောင့်ကြည့်တာ တွေကြောင့် အခမဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကို ထင်ထင်ရှားရှားလုပ်ခွင့်မရတော့ဘူးလို့ ပရဟိတအသင်းတွေ ကပြောပါတယ်။

 

“အရင်ကတော့ ပြည်မှာအခမဲ့ဆေးကုလို့ရတဲ့ အသင်းကြီးနှစ်သင်းမှာ မိုးမေတ္တာအသင်းဆိုတဲ့ အသင်းကို စစ်တပ်ကဖျက်လိုက်တယ်။ ကျမတို့ကအဲမှာ အပတ်စဉ်ဆေးပြရတယ်။ အမေမျက်စိခွဲစိတ်ဖို့လည်း ကူပေးတယ်။ အခုတော့အသင်းကမရှိတော့ ဒုက္ခရောက်တာပေါ့။” လို့ ပြည်မြို့ခံအမျိုးသမီး တဦးကပြောပါတယ်။

 

သူမအနေနဲ့ ပြည်သူ့ဆေးရုံတွေကိုသွားဖို့ကြောက်ရွံနေပြီး အခမဲ့စနစ်မှာ ဘာမှအခမဲ့မရတော့ဘဲ အောက်ခြေဝန်ထမ်းတွေက ဆူငေါက်တာတွေလုပ်ပြီး ဆရာဝန်/ဆရာမတွေက အချိန်မှန် လာမကြည့်နိုင်တာ ကိုဗစ်ကာလတားမြစ်ချက်တွေများနေလို့ သာမန်ဖျားနာတာတွေကို ရပ်ကွက်ထဲက စတိုးဆိုင်က စပ်ဆေးနဲ့ပဲ ဖြေရှင်းလိုက်ပြီး အလားတူ ဖြေရှင်းနေတာတွေက အခြေခံအစွန်အဖျားကရပ်ကွက်တွေထဲမှာ အများကြီးပဲလို့ဆိုပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ယာယီရှေ့တန်းဆေးရုံ ၁၆၇ ရုံ၊ ယာယီဆေးရုံ ၅၁ ရုံ၊ ရွေ့လျားဆေးခန်း ၁၆၇ ခန်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ဆေခန်း ၅၅ ခန်း တယ်လီကျန်းမာလို့ တယ်လီဖုန်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့သူ ၇၈၈၀၉ ဦး ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျပ်သိန်းပေါင်း တသောင်းနှစ်ထောင်ကျော်ကိုပံ့ပိုးပေးခဲ့၊တယ်လို့ တနှစ်တာအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

“ဒေသအသီးသီးမှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေ ကိုစုစည်းချိတ်ဆက်ပြီး တော်လှန်ရေး ကာလအတွင်း မြေပြင်ဒေသအသီးသီးမှာ လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာအရေးပေါ်ကိစ္စတွေကို ဆောင်ရွက်ပါတယ်။ ပြင်ဆင်မှုစုစည်းမှုတွေကို အခက်ခဲအမျိုးမျိုးကြားက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေကြားက ဆောင်ရွက်လျှက်ရှိပါတယ်။” လို့ NUG ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာရွှေပုံ ကပြောပါတယ်။

 

စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ ကျန်းမာရေးစနစ်ယိုင်လဲမှုများစွာထဲက လူအများစိတ်ဝင်စားမှု အနည်းဆုံးနဲ့ အခံရဆုံးဖြစ်လာမှာကတော့ စိတ်ကျန်းမာရေးချို့တဲ့သူတွေပဲဖြစ်လာမှာဖြစ်ပြီး ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီး ရဲ့ လူနာ ၁၀၀၀ လောက်မှာ ပြန်လို့မရတဲ့ လူနာ ၄၀၀-၅၀၀ ကြားရှိမှာဖြစ်ပြီး အဓိကရောဂါကတော့ schizophrenia ဆိုတဲ့ စိတ်ကစဉ့်ကလျား (စိတ်တ္တဇ) ရောဂါ စိတ်ရောဂါနာတာရှည်ကြောင့် ပြန်လွှတ်ဖို့ခက်တယ်လို့ ဆရာတမာကဆိုပါတယ်။

 

အာဏာမသိမ်းခင်ကတည်းက ဝန်ဆောင်မှုတွေအဖြစ် ဆရာဝန်/သူနာပြုအခမဲ့၊ အခန်းကမတတ်နိုင်သူများတွက် Hall ခန်း၊ ထမင်းဟင်းအခမဲ့၊ ဖြစ်ပေမယ့် ဆေးရုံကမပေးနိုင်တဲ့ဆေးများဝယ်ယူရတာ၊ သီးသန့်အခန်းနေချင်သူများအတွက် တနေ့လျှင် ၂၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ထမင်းချိုင်မှာယူပါက တရက် ၅၀၀၀ ကျပ်၊ လူနာစောင့်မငှားနိုင်သူများက လူနာဆောင့်ငှားရမ်းတာတွေ ကုန်ချခံရတယ်လို့ ဆိုပါတယ်။

 

လစ်ဟာသွားတဲ့ ဆရာဝန်/ဆရာမနေရာတွေအတွက် စစ်ဆေးတက္ကသိုလ်က စိတ်ရောဂါအထူးကုတွေကို အစားထိုးနိုင်ပေမယ့်လည်း စစ်ဆရာဝန်များအနေနဲ့ စစ်ကောင်စီကို ထောက်ခံတာမျိုးမဟုတ်ဘဲ ရွေးချယ်စရာမရှိလို့ လုပ်ရတာ၊ အာဏာမသိမ်းခင်ကတည်းက အလုပ်ထွက်ချင်နေကြတာ အများအပြားပဲလို့ အချက်အလက်တချို့ကိုဖော်ပြလို့မရပေမယ့် သူသိရှိထားတာတွေကို အခြေခံပြီး ဆရာတမာက အခိုင်မာ ဆိုပါတယ်။

 

သူအနေနဲ့တော့ တောတွင်းတနေရာမှာ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ရပေမယ့် သူရဲ့ငယ်ချစ်ဦး လို့ ပြောလို့ရမယ့် ဆရာဝန်ဘဝ သူလူနာတွေအတွက် အမြဲပူပန်နေပါတယ်။ စိတ်ရောဂါကုသ ရတာဖြစ်လို့ လူနာနဲ့ ဆရာဝန်ကြား သဟဇာတဖြစ်ဖို့အပြင် professionalism ကို အမြဲ ထိန်းရတယ်လို့ ဆိုပါတယ်။

 

 

လူနာတစ်ဦးချင်းဆီမှာတော့ အမှတ်ရစရာလေးတွေ မျိုးစုံရှိတတ်တာပေါ့နော်။ ကျနော် အမြဲအမှတ်ရတာက နာတာရှည်အဆောင်ပါ။ အဲဒီအဆောင်က လူနာတွေက နှစ်ပေါင်း ဆယ်စုနှစ်တွေနဲ့ချီပြီး ဆေးရုံတက်နေရတာပါ။ မိသားစုအထောက်အပံ့ကလဲ မရှိတော့ အဲဒီလူနာဆောင်က တော်တော်မွဲပါတယ်။ ကျနော် အဲဒီအဆောင်ကို တာဝန်ကျတော့ တတ်နိုင်သလောက် ဖွံ့ဖြိုးအောင် ကိုယ်စွမ်းသလောက် လုပ်ခဲ့တော့ ကျနော် သံယောဇဉ်ရှိတဲ့ အဆောင်ပေါ့နော်။” လို့  ဆရာတမာက သူ အတိတ်ဘဝကို အမှတ်တရပြောပါတယ်။

 

 

လူသားချင်စာနာမှုနဲ့စောင့်ရှောက်မှုတွေ လျော့နည်းသွားမှာထက် ပိုလို့အရေးကြီးတဲ့ ကိစ္စတရပ်က စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာနေပြီလို့ ဆိုပါတယ်။ အဲဒီအချက်တွေထဲကမှ လူနာတွေရင်ဆိုင်ကြုံတွေလာရမှာကိုဆက်လက်ပြောပါတယ်။

 

အရင်ကထဲက အကုမခံရတဲ့ လူနာတွေ မြန်မာနိုင်ငံမှာ များနေတာ၊ အခုဆို ကိုယ်ကိုယ်တိုင် စိတ်ဝေဒနာတစ်ခုခု ခံစားလာရမယ် (ဥပမာ စိတ်ကျရောဂါ) ဆိုရင်တောင် ကုသမှုမရနိုင်လောက်ဘူးလို့ တွက်ဆလို့ ရပါတယ်။ အဓိကက ကုပေးမယ့် health structure ပျက်သွားတာကို ဆိုလိုတာပါ။ ဒီတော့ ရောဂါဖြစ်လာရင် ကြိတ်ပြီးခံကြရမယ်ဆိုတဲ့ သဘောပါ။ Suicide rate တက်လာမယ်၊ အရက်သမား ဆေးသမား ပိုများလာမယ်၊ စိတ်ဓါတ်ကျသူတွေ ဆေးကုမခံရလို့ နောက်ဆက်တွဲ လူမှုစည်းပွားပြဿနာတွေ တက်လာမယ်” လို့ ဆရာတမာက စိုးရိမ်စွာဆိုပါတယ်။

 

ဆရာတမာနည်းတူ အတိတ်ဘဝကိုယ်စီနဲ့ ဆေးရုံဆေးခန်းတွေကို ပြန်ချင်ကြတဲ့ ဆရာဝန်/ဆရာမ ကျန်းမာရေးဝန်ထမ်းများစွာ ရှိနေပါတယ်။ အာဏာသိမ်းမှု ၁၅ လကျော်ကြာလာတဲ့ အချိန်ထိ ပြန်ခွင့်မရသေး သလို ဆရာဝန်/ဆရာမတွေကို မျှော်နေကြတဲ့ လူနာများစွာဟာ ရှိနေပါတယ်။

 

အခုတကြိမ်စစ်အာဏာသိမ်းမှုကို တော်လှန်ဆန့်ကျင်ခဲ့ကြရာမှာ ဆရာဝန်/ဆရာမ ကျန်းမာရေးဝန်ထမ်းတွေဟာ ထင်မှတ်မထားလောက်အောင် အများဆုံးပူးပေါင်းပါဝင် ဆန့်ကျင်ခဲ့ကြတဲ့ အစိုးရဝန်ထမ်း သီးသန့်အလွှာ တခု ဖြစ်ပါတယ်။ ကျွမ်းကျင်ရာနယ်ပယ်ဖြစ်တဲ့ လူကယ်တဲ့ လက်တွေကနေ ဆန့်ကျင်ဘက်လားရာဖြစ်တဲ့ လူသတ်ဖို့ အတွက် လေ့ကျင်တိုက်ပွဲဝင်နေကြပါပြီ။ CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းအများစုကလည်း ယနေ့အချိန်အထိ အားကောင်းကောင်းနဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲပါ။

 

ဒီတခေါက်အာဏာသိမ်းတာဟာ တိုင်းပြည်အတွက် တမျိုးကောင်းတယ်လို့ ပြောလို့ရတယ်ဗျ၊ ၂၀၀၈ ခြေဥဇာတ်မျောကြီးကို လွှတ်ချနိုင်မယ့်၊ တကယ်ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်မယ့် မဟာ အခွင့်အရေးပဲလေ၊ ပြီးတော့ မှားခဲ့တဲ့အမှားတွေကို ပြန်သုံးသပ်၊ ဗမာပြည်ဖက်ဒရယ် သမိုင်းကို ပြန်လေ့လာရမယ့်၊ မကျေညက်ခဲ့တဲ့ နိုင်ငံရေးသင်ခန်းစာတွေကို အိမ်စာလုပ်ရမယ့်အချိန်လို့ ထင်ပါတယ်။ အားသာချက်တွေ တိုက်ဆိုင်တဲ့ပွဲ၊ လူညီရင် သေချာပေါက်နိုင်မယ့်ပွဲလို့လဲ ယုံကြည်ပါတယ်။” လို့ ဆရာတမာက တက်ကြွစွာဆိုပါတယ်။

 

စစ်ကောင်စီကတော့ အာဏာသိမ်းပြီး ၁၅ လကြာမြှင့်လာတဲ့ထိတိုင်အောင် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေကို ကောင်းမွန်လည်ပတ်အောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ CDM ပြုလုပ်ခဲ့ကြတဲ့ ဆရာဝန်/ဆရာမ ကျန်းမာရေးဝန်ထမ်းတွေကို ရှာဖွေဖမ်းဆီးထောင်ချ တာတွေဆက်လက်လုပ်ဆောင် နေဆဲပါ။

 

တနှစ်နီးပါးကြအောင် မြို့ပြနဲ့အလှမ်းဝေးခဲ့တဲ့ ဆရာတမာတယောက် သူရဲဘော်တွေအတွက် ရိက္ခာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူကာ ခင်မင်ရင်းနှီးသူမိတ်ဆွေတွေနဲ့ တွေ့ဆုံအပြီးမှာတော့ မသေမသပ်ဆံပင်ပုံစံ၊ တီရှပ်အနွမ်း၊ ပျောက်ကြားဘောင်းဘီတိုအောက်က လေ့ကျင်ရေးဒဏ်တွေနဲ့ ကျင့်သားရခဲ့တဲ့ ခန္ဓကိုယ်နဲ့ ပေါ့ပါးတက်ကြွစွာပဲ တောတန်းတောင်ကုန်းများဆီ ပြန်လည်ထွက်ခွါ သွားပါတော့တယ်။

 

လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ ဆရာတမာကတော့ တော်လှန်ရေးခရီးကြမ်းဆက်လျှောက်နေမှာ ဖြစ်တယ်လို့ဆိုပြီး တော်လှန်ရေးပြီးရင် “ကျနော်ကတော့ ဆေးရုံပဲ ပြန်အလုပ်လုပ်မယ်လို့ မှန်းထားပါတယ်” လို့ ဆိုခဲ့ပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10