PDF နဲ့ Facebook မှာသူငယ်ချင်းဖြစ်လို့ဆိုပြီး ငဖဲက အရှိုချင်းအမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထား

PDF နဲ့ Facebook မှာသူငယ်ချင်းဖြစ်လို့ဆိုပြီး ငဖဲက အရှိုချင်းအမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာက ဒေသခံအရှိုချင်းအမျိုးသမီး ၁ ဦးကို PDF နဲ့ Facebook လူမှုကွန်ယက်မှာ သူငယ်ချင်းဖြစ်နေလို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့အမျိုးသမီးဟာ အသက် ၂၉ နှစ်အရွယ် မိုင်စန်းစန်းအေး(ခ)မိုင်ချန်ဆာရ် ဆိုသူဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၂၇ ရက်က သူနေထိုင်တဲ့ရွာကနေ ငဖဲမြို့ပေါ်ကို မှတ်ပုံတင်လဲလှယ်ဖို့သွားရောက်စဉ်မှာ ငဖဲမြို့၊ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်က သူ့ဖုန်းကိုစစ်ဆေးပြီး ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
 
“သူနဲ့သူ့မောင်လေးနဲ့က အဲ့ဒီနေ့က ငဖဲလဝကကို မှတ်ပုံတင်သွားလဲတာ၊ ငဖဲမှာ စစ်တပ်က သူ့ဖုန်းကို စစ်ပြီး PDF နဲ့ Facebook Fri ဖြစ်နေလို့ဆိုပြီး ဖမ်းထားတာ။ သူတို့က တုံးကြီးရွာမှာဈေး ဆိုင်ဖွင့်ထားတာ။ အဲ့ဒီနားမှာတပ်စွဲတဲ့စစ်သားတွေလည်း အမြဲဝင်၊ထွက်ဈေးဝယ်နေကြတာ။ သူ့မောင်လေးက မနေ့ကပြန်လွတ်လာတယ်” လို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
 
သူဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ငဖဲမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ့CDF-Asho က တာဝန်ရှိသူတဦးကိုမေးမြန်းရာမှာ အခုလိုပြောပါတယ်။
 
“သူက အာဏာမသိမ်းခင်ထဲက ကျနော်တို့သူငယ်ချင်းပေါ့နော်၊ ကျနော်နဲ့ဟိုအရင်ထဲက ဖေ့ဘွတ်မှာ Fri ဖြစ်တာပေါ့။ အဲ့ဒီနေ့က ကျနော်ကPDFယူနီဖောင်းနဲ့ ဖေ့ဘွတ်မှာပုံချိန်းလိုက်တော့၊ မြို့စစ်ဆေးရေးဂိတ်မှာ သူ့ဖုန်းကိုစစ်တဲ့အချိန် ကျနော်နဲ့ဖရန့်ဖြစ်နေလို့ဆိုပြီး ဖမ်းသွားတာလို့သိရတယ်။ သူက ကျနော်တို့ကိုထောက်ပံ့တာမျိုးမရှိသလို၊ တော်လှန်ရေးလုပ်တာမျိုးလည်းမရှိဘူး” လို့ ပြောပါတယ်။
 
အဲ့ဒီအရှိုချင်းအမျိုးသမီး အဖမ်းခံရပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်နဲ့ မတ်လ ၁ ရက်မှာလည်း ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာမှာနေတဲ့ ဦးထွန်းထွန်းဝင်းနဲ့ ဆလိုင်းတင်ကိုလှဆိုသူ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မိုင်စန်းစန်းအေး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်လာတာမျိုး မရှိသေးဘဲ လက်ရှိအချိန်မှာ သူအပါအဝင် ဂုတ်ကြီးရွာသား ၂ ဦးကို ငဖဲမြို့မရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10