PHN-Kalay က ၁ နှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၂၃၀ ကျော်ကို အောင်မြင်စွာမွေးဖွားပေးခဲ့

PHN-Kalay က ၁ နှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၂၃၀ ကျော်ကို အောင်မြင်စွာမွေးဖွားပေးခဲ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ People's Healthcare Network (Kalay)အနေနဲ့  ၂၀၂၃ ခုနှစ် ၁ နှစ်တာအတွင်း ကိုယ်ဝန်ဆောင်မိခင် ၂၃၅ ဦးကို အောင်မြင်စွာ ကလေးမွေးဖွားပေးနိုင်ခဲ့တယ်လို့ PHN တာဝန်ရှိသူဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၀ နဲ့ ၂၃ ရက်မှာ စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင် ၆ ဦးကို ကလေးမွေးဖွားပေးနိုင်ခဲ့တာ အပါအဝင် ၂၀၂၃ ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ကလေးစုစုပေါင်း ၂၃၅ ဦးကို မွေးဖွားပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

"ခွဲစိတ်ပြီး မွေးရတာလည်းရှိတယ်။ ရိုးရိုးမွေးတာလည်း ရှိတယ်။ နိုဝင်ဘာလက ၆ ယောက်ထဲမှာဆိုရင် ၂ ယောက်ကို အရေးပေါ်ခွဲစိတ်ပြီး မွေးခဲ့ရတယ်" လို့ People's Health care Network (Kalay)မှတာဝန်ခံ ဆရာဝန်ကြီး Dr.Joshua က ပြောပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ၁ နှစ်တာအတွင်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁,၅၀၀ ကျော်ကိုလည်း People's Healthcare Network (Kalay)ရဲ့ (၁၂)ကုတင်ဆံ့ ပြည်သူ့ဆေးရုံက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ Dr.Joshua က ဆက်ပြောပါတယ်။

အလားတူ PHN(Kalay)ရဲ့ မှတ်တမ်းအရ ဆေးရုံကို ကိုယ်ဝန်ပျက်ကျပြီးမှ ရောက်ရှိလာခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင် ၂၀ ဦးကျော်ရှိခဲ့ပြီး အခုလိုပျက်ကျရတာကလည်း စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရာက မတော်တဆလဲကျပြီး ကိုယ်ဝန်ပျက်ကျတာတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။

"ကလေးဖွားသေနှုန်းကတော့ ကျနော်တို့ ဆေးရုံမှာ ၁ ယောက်မှ မရှိခဲ့ပါ" လို့ Dr. Joshua က ပြောပါတယ်။

People's Healthcare Network (Kalay)အနေနဲ့  ၂၀၂၃ခုနှစ် ၁နှစ်တာအတွင်းမှာ ကိုယ်ဝန်ဆောင်တွေမဟုတ်ဘဲ ဆေးရုံဆင်းလူနာ ၂,၀၀၀ကျော်နဲ့ ပြင်ပလူနာ ၂၃,၀၀၀ ခန့်ကို ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့ ဆေးရုံရဲ့ မှတ်တမ်းအရသိရပါတယ်။

လက်ရှိမှာ PHN(Kalay)ဆေးရုံးမှာ ဆေးဝါးမလုံလောက်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေကြရပေမယ့် ဒီလိုအခက်အခဲကြားထဲကနေ ပြည်သူအတွက်ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ရှိသလို မိဘပြည်သူအနေနဲ့ လည်း ဝိုင်းဝန်းကူညီပေးကြပါလို့  Dr.Joshua က တိုက်တွန်းလိုက်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #ကိုယ်ဝန်ဆောင် #မိခင် #ကလေး #ဖွားသေနှုန်း #PHN #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10