ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းဆင်း အမျိုးသား ၁၄ ဦး ဖမ်းမိ

ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းဆင်း အမျိုးသား ၁၄ ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီနဲ့ပေါင်းကာ လုပ်ငန်းလည်ပတ်နေတဲ့ တရုတ်၊ ဦးပိုင်‌ကြေးနီစီမံကိန်းထဲကိုလာတဲ့ ပြည်သူ့စစ်သင်တန်းဆင်း ၁၄ ဦးကို ဩဂုတ်လ ၂၄ ရက်မနေ့မနက် ၁၁ နာရီလောက်က ဖမ်းဆီးနိုင်ခဲ့တယ်လို့ Chindwin Galone Yarzar Guerrilla Defense Force က ပြောပါတယ်။ 

ဧရာဝတီတိုင်း‌၊ သာပေါင်းမြို့နယ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် သင်တန်းဆင်း ပြည်သူ့စစ်တွေဖြစ်ပြီး ဆားလင်းကြီးမြို့နယ် လမ်းပိုင်းတနေရာမှာ ဖမ်းမိတာလို့ ဆိုပါတယ်။ 


သူတို့တွေဟာ သာပေါင်းမြို့နယ်သားတွေဖြစ်ကာ အသက် ၄၀ ဝန်းကျင် ၂ ဦးအပါ ကျန်သူတွေဟာ အသက် ၂၀ နဲ့ ၃၀ နှစ်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“နယ်မြေလုံခြုံရေးအရ စစ်ဆေးဆောင်ရွက်နေတုန်း မသင်္ကာတာနဲ့ စာရွက်စာတန်းတွေကို စစ်လိုက်တော့မှ ပြည်သူ့စစ်တွေမှန်း သိလိုက်ရတာပါ။ သူတို့က ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးတာဝန်နဲ့ စကစနဲ့ စစ်ကြောင်းလိုအပ်တဲ့နေရာမှာ ထမ်းဆောင်ရမယ်လို့တော့ သိရတယ်” လို့ Chindwin Galone Yarzar Guerrilla Defense Force ရဲ့ ပြောခွင့်ရသူတဦး က ပြောပါတယ်။

 သူတို့တွေဟာ စစ်ကြောင်းမရှိတဲ့အခါတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ခရိုင်ကွပ်ကဲမှုရဲ့ စီမံညွန်ကြားချက်နဲ့အညီ စစ်ကောင်စီထောက်တိုင်တွေကို ဆားလင်းကြီး၊ ကနီနဲ့ ယင်းမာပင်မြို့နယ်တွေမှာ လိုက်လံထိန်းသိမ်းဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။


လက်ရှိမှာ ဖမ်းဆီးထားတဲ့ ပြည်သူ့စစ်တွေကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ဆီကို လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။

 တရုတ် ဦးပိုင်ကြေးနီကုမ္မဏီဟာ ပြည်သူပိုင်မြေယာတွေကို စစ်ကောင်စီနဲ့ပေါင်းပြီး ခြံစည်းရိုးခတ် မတရားသိမ်းယူမှုတွေ လုပ်ဆောင်နေပြီး ဝင်ရောက်လာတဲ့စစ်ကြောင်းတွေကို စားသောက်နေထိုင်မှု အတွက် စီစဉ်ပေးကာ၊ အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်မှုတွေ မကြာခဏလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အခုဖမ်းဆီးမှုကို CGYDF - ချင်းတွင်းဂဠုန်ရာဇာ၊ Alpha Special Force က တပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - ဖမ်းဆီးရမိသည့် ပြည်သူ့စစ်များကို တွေ့ရစဉ်။
စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #ပြည်သူ့စစ် #ဝမ်ပေါင်ကုမ္ပဏီ #ဧရာဝတီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10