ပြည်မြို့က စစ်မှုထမ်းဥပဒေထောက်ခံပွဲမှာ ကျူးကျော်ဆိုသူတွေကို ခြိမ်းခြောက် တက်ရောက်ခိုင်းခဲ့

ပြည်မြို့က စစ်မှုထမ်းဥပဒေထောက်ခံပွဲမှာ ကျူးကျော်ဆိုသူတွေကို ခြိမ်းခြောက် တက်ရောက်ခိုင်းခဲ့

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲကို တက်ရောက်ဖို့အတွက် ကျူးကျော်လို့သတ်မှတ်ခံထားရတဲ့ မြို့ခံတွေကို မလိုက်မနေရ ခြိမ်းခြောက်ခေါ်ခံရတာလို့ ကာယကံရှင်တွေက ပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ပြည်မြို့၊ ကမ်းနားလမ်း၊ သစ်ထုတ်လုပ်ရေးရုံးရှေ့ ကွင်းပြင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေထောက်ခံပွဲတက်ရောက်ဖို့အတွက် မြို့နယ်အတွင်းကျူးကျော်လို့ သတ်မှတ်ခံထားရတဲ့ နဝဒေးကားကြီးဝန်းအနောက်က ရပ်ကွက်အိမ်စုတွေ၊ ကမ်းနားကျူးကျော်တွေနဲ့ အိုးအိမ်ပိုင်ကျူးကျော်ဆိုသူအချို့လည်း လိုက်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

"ကျူးကျော်ဆိုတာကတော့ သူတို့သတ်မှတ်ထားတာပါ။ ထောက်ခံပွဲတက်ရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက လာခေါ်တယ်။ မလိုက်ဘူးဆို နေတဲ့နေရာကနေ မောင်းထုတ်မယ်ဆိုပြီး ပြောတယ်။ အုပ်ကြီးက သူ့မျက်နှာကိုလည်း ငဲ့ပါဦးဆိုပြီး ပြောတယ်။ ကျနော်တို့က မလိုက်ချင်ပါဘူး" လို့ လိုက်ပါခဲ့ရသူ တဦးက ဆိုပါတယ်။

အလားတူ လိုက်ပါခဲ့ရသူတွေနဲ့ နီးစပ်သူတဦးကလည်း ခြိမ်းခြောက်ခေါ်ခံရတာဖြစ်ပြီး သူတို့က တပ်ထောက်ခံတွေမဟုတ်ဘူးလို့ ပြောပါတယ်။

"သူတို့က တခြားသူတွေမြင်နေသလို တပ်ထောက်ခံတွေမဟုတ်ဘူး၊ ခြိမ်းခြောက်ပြီး ခေါ်သွားတာ။ အဲလိုမှမလိုက်ရင် သူတို့နေနေတဲ့နေရာတွေကနေ ဖယ်ပေးရမယ်လို့ ပြောထားတယ်။ နောက်သူတို့ကို တချို့ကတပ်ထောက်ခံတွေလို့ ထင်တာ တိုက်ခိုက်ခံရမှာတွေကိုလည်း စိုးရိမ်ကြတာပေါ့။" လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီကျင်းပလေ့ရှိတဲ့ ဝါဒဖြန့်ချီရေး အခမ်းအနားပွဲလမ်းတွေမှာ ကျူးကျော်လို့သတ်မှတ်ခံထားရသူတွေက အဓမ္မလုပ်အားပေးအဖြစ် မကြာခဏတက်ရောက်ရပြီး သူတို့နဲ့အတူ လမ်းပျော်မိသားစုတွေကိုလည်း ခေါ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီတပ်ထောက်ခံပွဲမှာ စစ်ကောင်စီဝန်ထမ်းတွေ မလိုက်ရသလို၊ အချို့ကလည်း နေ့စားတွေဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ခေါ်နေတာလို့ ဝန်ထမ်းအသိုင်းအဝန်းက သိရပါတယ်။

ဒါ့အပြင် မှော်ဇာကျေးရွာအုပ်စုတွေက ရွာခံတချို့ကိုလည်း ထောက်ခံပွဲအတွက် ခြိမ်းခြောက်ခေါ်တာတွေရှိပြီး မလိုက်ပါက ငွေငါးသောင်းပေးရမယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး အာဏာတည်စေရမည်ဟု စစ်ကောင်စီခေါင်းဆောင် က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

ယင်းနောက်မှာတော့ မြန်မာနိုင်ငံ စစ်ကောင်စီစိုးမိုးအုပ်ချုပ်ထားရာ မြို့ကြိးအချို့မှာ စစ်မှုထမ်းဥပဒေထောက်ခံပွဲတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေကြပါတယ်။

#မြေလတ်အသံ

#ပဲခူး #ပြည် #စစ်မှုမထမ်းမနေရဥပဒေ #ထောက်ခံပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10