ဘုရားတည်ပေးခဲ့တဲ့ လက်နက်ထုတ်လုပ်ရေး ဒု - အရာရှိချုပ် ဗိုလ်ချုပ်ကိုကိုလွင် ကို စွမ်းအင်ဝန်ကြီး ခန့်

ဘုရားတည်ပေးခဲ့တဲ့ လက်နက်ထုတ်လုပ်ရေး ဒု - အရာရှိချုပ် ဗိုလ်ချုပ်ကိုကိုလွင် ကို စွမ်းအင်ဝန်ကြီး ခန့်

မင်းအောင်လှိုင် မာရဝိဇယဘုရား တည်ဆောက်ရေးလုပ်ငန်းမှာ ဦးဆောင်တည်ဆောက်ပေးခဲ့တဲ့ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် (အကြီးစား) (ဒု-ထုတ်ချုပ်) ဗိုလ်ချုပ် ကိုကိုလွင် ကို စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် အခု သြဂုတ်လဆန်းပိုင်းက ခန့်အပ်လိုက်ပါတယ်။ 

မာရဝိဇယဘုရား ၃ နှစ်ကြာ တည်ဆောက်ရေးလုပ်ငန်းကို ဒု-ထုတ်ချုပ် ဗိုလ်ချုပ်ကိုကိုလွင် က အဓိက ဦးစီးတည်ဆောက်ပေးခဲ့တာဖြစ်ပြီး ဘုရားတည်ပြီးတဲ့နောက် ဗိုလ်ချုပ်ရာထူးက အနားပေးကာ စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။

“နဂိုကြားတာက ဘုရားတည်ပြီးတာနဲ့ ထုတ်ချုပ် နားရမယ်လို့ကြားထားတာ။ ခုက ဒုထုတ်ချုပ် ချိန်း သွားတာ။ သူက စွမ်းအင်ဘက် ရောက်သွားတာ။ သူ့နေရာကို ဗိုလ်ချုပ် ရဲအောင် ရောက်မယ်ထင်တယ် လို့ ပဲခူးတိုင်းအတွင်းရှိ ကပစတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။ 

ဗိုလ်ချုပ်ကိုကိုလွင်ဟာ OTS အပတ်စဉ် ၇၁ ဆင်း ဖြစ်ပြီး စစ်ကောင်စီတပ်အတွက် အပေါ့စား သံ ချပ်ကာယာဉ်နဲ့ စစ်သုံးမော်တော်ယာဉ်တွေထုတ်လုပ်နေတဲ့ တပ်မတော်အကြီးစားစက်ရုံ (တကစ) တွေကို ကွပ်ကဲနေသူဖြစ်ပါတယ်။

ဒါ့အပြင် မာရဝိဇယ ဘုရားတည်ဆောက်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ကိုကိုလွင်ကို သရေ စည်သူဘွဲ့တံဆိပ်လည်း မင်းအောင်လှိုင်က ပေးအပ်ခဲ့ပါသေးတယ်။

“ခု ဗိုလ်ချုပ်ကိုကိုလွင်က သူ့ဘုရားကို ဂရုတစိုက်တည်ပေးထားတော့ နေရာပေးတဲ့သဘောဘဲ။ သူက ကားတွေထုတ်တဲ့ အကြီးစားစက်ရုံတွေကိုကိုင်တာ၊ စွမ်းအင်နဲ့ သိပ်တော့မဆိုင်ဘူး။ နောက်ပြီး တလျှောက်လုံးမှာလည်း သူက တကစတွေ မဖွဲ့ခင်ကတည်းက စစ်လက်နက်ထုတ်လုပ်ရေး တပ်တွေမှာဘဲ ကျင်လည်လာတာ” လို့ ကပစတပ်မှာ တာဝန်ထမ်းဆောင်ဖူးသူ တပ်မတော်သား အရာရှိတဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ မာရဝိဇယဘုရားကို ၂၀၂၀ ခုနှစ်၊ ဇွန်လက စလို့ စစ်လက်နက်ထုတ်လုပ်ရေး အရာရှိ ချုပ် ဒု-ဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဒုထုတ်ချုပ် ဗိုလ်ချုပ် ကိုကိုလွင်တို့က ဦးစီးပြီး ကပစတပ်ဖွဲ့ စစ်အင်ဂျင်နီယာတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ၃ နှစ်အကြာ အခုနှစ် ဇွန်လမှာ ပြီးစီးခဲ့တာ ဖြစ် ပါတယ်။

ဗိုလ်ချုပ်ကိုကိုလွင် ဟာ ဗိုလ်မှူးကြီးအဆင့်နဲ့ တိုက်ကြီးအခြေစိုက် ကပစ ၁၁ စက်ရုံမှူး၊ ဗိုလ်မှူးချုပ် အဆင့်နဲ့ နေပြည်တော်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ဌာနကြီးမှူး၊ ဗိုလ်ချုပ် အဆင့်နဲ့ ဒုတိယကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(အကြီးစား) စတဲ့ ရာထူးတွေ ရယူ ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်အတွက်   စစ်လက်နက်ပစ္စည်းတွေကိုထုတ်လုပ်နေတဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ (ကကထုတ်) တခုလုံးကို အမေရိကန်နဲ့အနောက်ဥရောပနိုင်ငံတွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်းက ပိတ်ဆို့အရေးယူထားတာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

#စွမ်းအင်ဝန်ကြီး #စစ်လက်နက်ထုတ်လုပ်ရေး #အရာရှိချုပ် #ခန့်အပ် #မာရ၀ိဇယ #မင်းအောင်လှိုင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10