ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမယ့် အညာမြေ (အတွေးအမြင်ဆောင်းပါး)

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမယ့် အညာမြေ (အတွေးအမြင်ဆောင်းပါး)

စစ်အာဏာရှင်တော်လှန်ရေးကြီးကို ကိုယ်ထူကိုယ်ထရုန်းကန်တော်လှန်ခဲ့ကြတဲ့ အညာမြေဟာ လက်ရှိအချိန်မှာလည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရတော့မယ့်အခြေအနေတွေနဲ့ ကြုံနေရပါပြီ။ တော်လှန်ရေးခရီးရှည်ကြီးကို ဆက်လျှောက်ဖို့နဲ့ တော်လှန်ရေးကြီးကို အဆုံးသတ်ဖို့အတွက် အညာလူထုနဲ့ အညာတော်လှန်ရေးသမားတွေရဲ့ ညီညွတ်မှုဟာ အရေးကြီးလာတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရပါတော့မယ်။

အညာဒေသ ကာကွယ်ရေးအတွက် လတ်တလော အခြေအနေအရ လိုအပ်နေတာက အညာဒေသကို ကိုယ်စားပြုမယ့် မဟာမိတ်တပ်ပေါင်းစုတခု၊ ဒါမှမဟုတ် အညာဒေသကို ကိုယ်စားပြုမယ့် တခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ကြီးတခုလိုအပ်နေတယ်လို့  ပြောရမှာပါ။

တိုင်းရင်းသား ပြည်နယ်အသီးသီးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ကိုယ်စီရှိကြသလိုမျိုး အညာဒေသမှာလည်း အာဏာရှင်စစ်တပ်ရဲ့ ဒုက္ခပေးမှုအပေါင်းကနေ ကာကွယ်ဖို့ လက်နက်ကိုင်တပ်ဖွဲ့ကြီးတခု မရှိမဖြစ် လိုအပ်နေတာပါ။

တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာလာတဲ့အထိ အညာဒေသမှာ လက်နက်ကိုင်တော်လှန်ရေးက အားကောင်းနေဆဲ ဖြစ်ပါတယ်။ အညာဒေသရဲ့ တော်လှန်လိုစိတ်၊ ပြည်သူတွေရဲ့ ထောက်ခံမှု၊ တော်လှန်ရေးသမားတွေရဲ့  စွန့်လွှတ်စွန့်စားမှုတွေနဲ့ တော်လှန်ရေးဟာ ဆက်လက်အားကောင်းနေတယ်လို့ ဆိုရမှာပါ။  

၂ နှစ်ကျော်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကာလတလျှောက်လုံးမှာလည်း အညာတော်လှန်ရေးသမား အများစုဟာ အညာပြည်သူလူထုရဲ့ ထောက်ပံ့မှုကို ရခဲ့သလို အာဏာရှင်ကို အမြစ်ဖြတ်လိုတဲ့ မြန်မာပြည်သူတွေရဲ့ ထောက်ပံ့ပေးမှုကလည်း အများအပြားပါ။ တဖက်မှာလည်း တော်လှန်ရေးသမားတွေကိုယ်တိုင်က ရရာလက်နက်စွဲကိုင်၊ ကိုယ့်ပိုက်ဆံကိုယ်စိုက်၊ ကိုယ့်လက်နက်ကိုယ်ထုတ်ပြီး ကိုယ့်ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေကလည်း မနည်းမနောပါ။ 

ဒီလိုနဲ့ တော်လှန်ရေးခရီးဆက်ခဲ့တာဟာ အညာဒေသမှာ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေး ဒီနေ့အထိ အခြေမတည်နိုင်သေးပါဘူး။

နယ်မြေဒေသအသီးသီးက လက်နက်ကိုင်အဖွဲ့အသီးသီးဟာ စစ်အာဏာရှင်ကို ရရာလက်နက်နဲ့ တော်လှန်ခဲ့ရတာဖြစ်လို့ အညာဒေသမှာ လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိနေတာဟာ အရှိတရားပါပဲ။ 

အစောပိုင်းကာလတွေမှာ အာဏာရှင်တော်လှန်ရေးကို အရှိန်ကောင်းကောင်းနဲ့ တော်လှန်နိုင်ခဲ့ကြပေမယ့် အခုအခါမှာ ဒေသခံပြည်သူတွေကိုယ်တိုင် နေစရာအိမ်တွေမဲ့သွားတာ၊ အလုပ်အကိုင် ရှားပါးလာတာ၊ စစ်ဘေးသင့်လို့ ပြေးနေရတာ၊ ဒီလိုကိစ္စရပ်တွေကြောင့် အညာပြည်သူတွေဟာ လက်နက်ကိုင်တော်လှန်ရေးကို အရင်လောက် မထောက်ပံ့နိုင်တော့ပါဘူး။ 

ထောက်ပံ့မှုတွေ နည်းလာတဲ့အခါ တပ်ရင်း၊ တပ်ဖွဲ့တိုင်းလိုလိုဟာ တော်လှန်ရေးမစ်ရှင်တွေလုပ်ဖို့ ရုန်းကန် နေရပါတယ်။ ဒါဟာ အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ လက်ရှိကြုံနေရတဲ့ အခက်အခဲပါ။ 

အညာဒေသမှာ ဒီလက်နက်ကိုင်အဖွဲ့ အကြီးအငယ် အရွယ်အမျိုးစုံဟာ စစ်ကောင်စီကို တိုက်နေရတာအပြင် တော်လှန်ရေးကာလကြာမြင့်လာတဲ့အခါ တပ်ဖွဲ့၊ တပ်ရင်းတွေရဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက်ပါ စဉ်းစားလာရပါပြီ။ 

စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ ဘုံရည်မှန်းချက် တူညီကြပေမယ့် ကိုယ်စားပြုမှုတွေ မတူကြတဲ့အခါ၊ တပ်ဖွဲ့ဝင်အင်အားနဲ့ လက်နက်အင်အားတွေ ကွာခြားကြတဲ့အခါ၊  နယ်မြေစိုးမိုးရေးကိစ္စတွေ ဆောင်ရွက်လာတဲ့အခါ အညာဒေသက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြားမှာ ပွတ်တိုက်မှုတွေ ရှိလာကြပါတယ်။ 

တပ်ရင်း၊ တပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်တာတွေပါ ဖြစ်လာကြပါတယ်။ ဒီလိုကိစ္စရပ်တွေကို တော်လှန်ရေးရဲ့ တပ်ဦးလို့ဆိုရမယ့် NUG၊ MOD ထံ နစ်နာသူတွေက တိုင်ကြားပြီး အကူအညီတောင်းတာတွေ လုပ်ကြပေမယ့် ဖြေရှင်း ညှိနှိုင်းပေးနိုင်တာမျိုးက မရှိသလောက်ပါပဲ။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ဝက်လက်မြို့နယ်ထဲမှာ တရားမျှတမှုရရှိရေး၊ အမှန်တရားပေါ်ပေါက်ရေးအတွက် ဒေသခံတွေက NUG ကို ဆန္ဒပြခဲ့ကြပါသေးတယ်။ အမှုဟာ တနှစ်ကြာလာတဲ့အထိ စုံစမ်းစစ်ဆေးတာ ဘာတခုမှ မလုပ်ပေးသေးတဲ့အတွက် နစ်နာခဲ့တဲ့ မိသားစုတွေအပါအဝင် ဒေသခံတွေက ဆန္ဒပြခဲ့ကြတာပါ။

တိုင်ကြားထားတဲ့ အမှုက ၂၀၂၂ ဩဂုတ် ၃၁ ရက်က ဝက်လက်နယ်အရှေ့ပိုင်းမှာ အခြေစိုက်ထားတဲ့ ဗိုလ်ကျားကြီးဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ဝက်လက် မြို့နယ်တပ်ရင်း(၂)က ဝင်ရောက် စီးနင်းပစ်ခတ်ရာမှာ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ရတဲ့ ဖြစ်ရပ်ပါ။ 

မကွေး၊ စစ်ကိုင်းဒေသတွေမှာ ဒီလိုဖြစ်ရပ်တွေက မကြာခဏ ကြုံရ၊ ကြားရတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒီလိုတွေဖြစ်တဲ့အခါ ဒေသခံတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အားကိုးစရာအဖြစ် NUG၊ MOD ထံ တိုင်ကြားကြပါတယ်။ 

ဒါပေမဲ့လည်း လက်တွေ့ကျကျ ပြန်ကြည့်တဲ့အခါ အညာဒေသမှာ မရှိဘဲ အဝေးရောက်နေတဲ့ NUG အစိုးရအနေနဲ့လည်း အခုလိုမြေပြင်က ဖြစ်နေတဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ မြေပြင်မှာ ဆင်းပြီး စုံစမ်းစစ်ဆေးဖို့ဆိုတာက ပိုလို့တောင် ဝေးပါသေးတယ်။ 

ဒါကြောင့် မတရားမှုတွေကို လက်နက်ကိုင်ဖြေရှင်းဖို့ ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြတဲ့ အညာတော်လှန်ရေးသမားတွေနဲ့ ပြည်သူတွေဟာ ကိုယ့်အရေး ကိုယ့်ဘာသာကိုယ်ရှင်းရမယ့်ကိန်း၊ ကိုယ့်ကြမ္မာ ကိုယ့်ဘာသာကိုယ်ဖန်တီးရမယ့် အခြေအနေဆိုတာ ထင်ရှားလို့လာပါတယ်။

ပြီးတော့ အညာဒေသမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ မဖွဲ့ခင်ကတည်းက ပေါ်ပေါက်ခဲ့ကြတာပါ။ 

ကိုယ့်ထူးကိုယ်ချွန်ပြီး စစ်အာဏာရှင်တော်လှန်ရေးကို စခဲ့ကြတဲ့ အညာတော်လှန်ရေးသမားတွေနဲ့ အညာပြည်သူတွေ ကိုယ်တိုင်ကပဲ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းရပါလိမ့်မယ်။ ပြီးတော့ လူထုရဲ့ထောက်ခံမှုရဖို့ကိုလည်း မမေ့ဖို့လိုပါမယ်။ 

အခုရက်ပိုင်းမှာ အညာဒေသက လက်နက်ကိုင်တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေဟာ မဟာမိတ်တွေဖွဲ့လာကြပါတယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေ စုစည်းဖို့ ကြိုးစားလာကြတယ်။ ဒီလဆန်းပိုင်းထဲမှာပဲ မြောင်နဲ့ ရေစကြိုမြို့နယ်ထဲက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တချို့ မဟာမိတ်အင်အားစုတွေ အဖြစ်ဖွဲ့စည်းလိုက်ကြတယ်။

ပြီးတော့ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်(MRDA) ကလည်း ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) ဆိုတဲ့ တော်လှန်ရေးအင်အားစုတခုကို ဖွဲ့စည်းလိုက်ကြတယ်။ 

အခုလို တပ်ရင်း၊ တပ်ဖွဲ့တွေ မဟာမိတ်အဖြစ် စုပေါင်းလာကြတဲ့အရွေ့ဟာ အညာဒေသက တော်လှန်ရေး တပ်ဖွဲ့တွေ၊ အညာပြည်သူတွေ ကြုံတွေ့ နေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို စုပေါင်းဖြေရှင်းသွားနိုင်ဖို့အတွက် လျှောက်လှမ်းလိုက်တဲ့ ပထမဆုံးခြေလှမ်းတွေလို့ တွေ့မြင်မိတယ်။ 

တနည်းအားဖြင့် ကွဲပြားများပြားနေကြတဲ့ အဖွဲ့အစည်းတွေကို တဖြည်းတဖြည်းစုဖွဲ့ပြီး အညာဒေသအတွက် တကယ်တမ်းလိုအပ်နေတဲ့ ညီညွတ်တဲ့တပ်ပေါင်းစုတခုနဲ့ အုပ်ချုပ်ရေးအဖွဲ့တခုကို ရေရှည်တည်ဆောက်သွားဖို့အတွက် ကြိုးစားတဲ့ခြေလှမ်းတခုလို့ မြင်မိတယ်။

ပြီးတော့ ဒီခြေလှမ်းဟာ အနာဂတ်မှာပေါ်လာမယ့် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ကောင်းမွန်တဲ့ နိုင်ငံရေး လမ်းကြောင်းတခု ပွင့်လာလိမ့်မယ်လို့လည်း သုံးသပ်မိတယ်။

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #အာဏာရှင် #တော်လှန်ရေး #အညာ #ကိုယ့်ထူးကိုယ်ချွန် #မဟာမိတ် #ဖွဲ့စည်း #တပ်ပေါင်းစု #အနာဂတ် #ဖက်ဒရယ် #ပြည်ထောင်စု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10