ကြက်မနက်ကပေးသည့် NUG အတွက် သတင်းစကား

ကြက်မနက်ကပေးသည့် NUG အတွက် သတင်းစကား

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ကြက်မနက်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကုန်းသို့ ပြည်သူ့ကာကွယ်ရေး စစ်သားတချို့ ချဉ်းကပ်လာခဲ့သည်။ စခန်းကုန်းကို လက်နက်ကြီးများနှင့် ဦးစွာ ပစ်ခတ်ပြီးနောက် အဖွဲ့ ၃ ဖွဲ့ခွဲကာ စခန်းသို့ ချဉ်းကပ်လာခြင်း ဖြစ်သည်။ ထိုအဖွဲ့ ၃ ဖွဲ့တွင် ဗိုလ်လက်ျာတို့ တပ်ဖွဲ့လည်း ပါသည်။

ကျန်နှစ်ဖွဲ့က စခန်းကုန်းပေါ်မှာရှိသည့် ဘန်ကာထဲက စစ်သားများနှင့် မျက်နှာချင်းဆိုင် အပြန်အလှန်ပစ်ခတ်နေစဉ် ဗိုလ်လက်ျာတို့အဖွဲ့က စခန်း၏ဘေးဘက်မှ ပတ်တက်ကြမည်ဖြစ်သည်။


တဒိုင်းဒိုင်းနှင့် အပြန်အလှန် ပစ်ခတ်နေသည့်အချိန်တွင် ဗိုလ်လက်ျာတို့အဖွဲ့သည် စခန်း၏ ခြံစည်းရိုးအနားသို့ ရောက်နေကြပြီ ဖြစ်သည်။ ထိုစဉ် စစ်ကောင်စီစစ်သားတစ်ယောက်သည် စခန်းအနောက်ဘက်သို့ ပြေးဆင်းလာသည်ကို ဗိုလ်လက်ျာ တွေ့လိုက်သည်။ သူနှင့် ရန်သူက မီတာ ၁၀၀ ခန့် (ပေ ၃၀၀ ဝန်းကျင်)သာ ဝေး၏။

ထိုအခါ သူ့လက်ထဲ အသင့်ကိုင်ထားသည့် M4 ကာဘိုင်သေနတ်ဖြင့် လှုပ်ရှားနေသည့် ပစ်မှတ်အား အလျင်အမြန် ထိုးချိန်ပြီး ပစ်ချလိုက်သည်။

“ဒိုင်း” ဆိုသည့် အသံထွက်သွားသည်။ သို့သော် ပစ်မှတ်ကို မထိ။ ထို့ကြောင့် နောက်တကြိမ် ထပ်ပစ်သည်။ သေနတ်က ပစ်မရတော့။

ပထမတချက် ပစ်လိုက်ရာတွင် သေနတ်ပြောင်းမှ ကျည်ဆံထွက်သွားသည်။ သို့သော် ကျည်ခွံက သေနတ်ပြောင်းထဲမှ ထွက်မသွား။ နောက်ထပ် ကျည်တထောင့် ပြောင်းထဲသို့ ရောက် လာသည့်အခါ ကျည်ခွံနှင့် ရှေ့နောက်ထောက်ပြီး သေနတ်ပစ်မရဘဲ ဖြစ်လေတော့သည်။

ဗိုလ်လက်ျာတို့အဖွဲ့သည် ရန်သူနှင့် ခြံစည်းရိုးလေးသာ ခြားသည်။ ကျည်ကွယ်၊ မျက်ကွယ်မဟုတ်။ ကံကောင်းချင်တော့ သူပစ်လိုက်သည့်ရန်သူက သူတို့အဖွဲ့ကို မမြင်။ သို့သော် ဘန်ကာထဲက စစ်ကောင်စီတပ်သားက သူတို့ကို တွေ့သွားသည်။ ထိုအခါ ဗိုလ်လက်ျာတို့အဖွဲ့ကို ရိုးရိုးသေနတ်နှင့် မပစ်ဘဲ ၄၀ မမဖြင့် လှမ်းပစ်သည်။

ထိုအချိန် ဗိုလ်လက်ျာ၏ စိတ်ထဲ "ဒါဟာ ငါ့ရဲ့နောက်ဆုံးအချိန်ပဲ ဖြစ်ပြီးလား မသိဘူး" ဟူသော အတွေးပင် ဝင်လာသည်။

"ကျနော့်ကိုယ် ကျနော်တော့ ငါသေပြီ၊ ငါသွားပြီလို့ပဲ တွက်ထားတာ။ သူတို့က ကျည်နဲ့မပစ်ဘူး။ ၄၀ မမနဲ့ လှမ်းပစ်တာ" ဟု ကြက်မနက် စခန်းသိမ်းတိုက်ပွဲတွင် သေဘေးနှင့် ကြုံခဲ့ရပုံကို ဗိုလ်လက်ျာက ပြောပြသည်။

အထက်ပါ အဖြစ်အပျက်သည် ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး နတ်တလင်းမြို့နယ်ထဲရှိ စစ်ကောင်စီတပ် အထိုင်ချထားသည့် ကြက်မနက်စခန်းကုန်းကို ဧပြီလ ၁ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တခု ဖြစ်သည်။

အဆိုပါစစ်ဆင်ရေးသည် ကြက်မနက် စခန်းကုန်းကို တက်သိမ်းသည့် စစ်ဆင်ရေးဖြစ်သည်။ သို့သော် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သွားသည့် သေနတ်များသည် အမှန်တကယ် တိုက်ပွဲဖြစ်သည့်အခါ ချွတ်ယွင်းချက်၊ အားနည်းချက်များစွာနှင့် ကြုံတွေ့ခံရပြီး စခန်းကို မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်၊  MRF-Nattalin  ရဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်လက်ျာက ပြောသည်။

"စခန်းကို သိမ်းပိုက်ဖို့ အခွင့်ကောင်း အခါကောင်းဖြစ်ပေမယ့် အခုလို မသိမ်းနိုင်လိုက်တာဟာ လက်နက်ချွတ်ယွင်းမှုကြောင့်ပဲလို့ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က ကျနော်ပါတဲ့ စစ်ကြောင်းပေါ့။ အင်အား ၁၀ ဦးဝန်းကျင်ရှိတဲ့စစ်ကြောင်းက သေနတ် ၇ လက် လောက်က ပစ်မရဘူး” ဟု သူက ဆိုသည်။

ကြက်မနက် စခန်းသိမ်းတိုက်ပွဲကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၂ (Phoenix-DF)၊ တပ်ခွဲ ၃ (နတ်စစ်သည်အဖွဲ့)၊ တပ်ခွဲ ၄ (MRF-Nattalin)၊ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၂ မှ တပ်ခွဲ ၅၊ တပ်စု ၂ နှင့် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ဖြစ်ခဲ့ခြင်းမှာ ကြက်မနက်စခန်းတွင် စစ်ကောင်စီတပ်သားအင်အားနည်းပါးနေသည့် အချိန်ဖြစ်၍ စစ်ရေးအရှိန်မြှင့်ပြီး စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရန် ခရိုင်တာဝန်ခံက တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၁ မှ ဒုတပ်ရင်းမှူးက တပ်ခွဲ-၄ (MRF-Nattalin/Myanmar Revolution Force-Nattalin)သို့ ရောက်လာပြီး လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းပေးဖို့ MRF-Nattalin အဖွဲ့ ခေါင်းဆောင် ဗိုလ်နေနှင့် ညှိနှိုင်းသည်။

"လူအင်အားတောင်းတယ်ဆိုတော့ လူအင်အားတော့ ဟုတ်တယ်။ ဒါပေမဲ့ ဂန်း(သေနတ်) တွေ နည်းနည်းပဲ ရှိတယ်။ လူများနေပြီးတော့ မသိနားလည်တဲ့ကလေးတွေ ကြားညှပ်ပြီး ထိခိုက်ဒဏ်ရာ ရသွားနိုင်တယ်။ ၇ ယောက် လောက်ပဲ ပို့ပေးမယ်လို့ (ဆွေးနွေးတယ်)။ သူက တိုက်ပွဲကြီး ဖော်ဆောင်ချင်တယ်။ ကိုယ်တွေကတော့ ဆန္ဒမရှိဘူး" ဟု ကြက်မနက်စခန်းကို တိုက်ဖို့အတွက် ကနဦးကတည်းက ဆန္ဒမရှိခဲ့ပုံကို Myanmar Revolution Force- Nattalin (MRF-Nattalin)မှ ခေါင်းဆောင် ဗိုလ်နေက ရှင်းပြသည်။

သို့သော် ဗိုလ်နေက အထက်လူကြီးနှင့် ကတောက်ကဆ မဖြစ်လို၍ သူတို့တောင်းသည့် စစ်သားအင်အားနှင့် ရှိသမျှလက်နက် ထုတ်ပေးခဲ့သည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သည် ကြက်မနက် စစ်ကောင်စီစခန်းသို့ ဧပြီလ ၁ ရက်၊ မနက် ၆ နာရီအချိန်တွင် ချဉ်းကပ်သွားကြသည်။ တပ်ခွဲတစ်ခုကို  ဗိုလ်လက်ျာက ဦးဆောင်သည်။

စစ်ရေးဗျူဟာအတွက် အဖွဲ့ (၅) ဖွဲ့ ခွဲလိုက်သည်။ စက်ကလေးပစ်မည့်အဖွဲ့နှင့် လက်လုပ် M79 လောင်ချာပစ်မည့် အဖွဲ့က ရွာကိုပတ်ကာ စစ်ကောင်စီစခန်းကုန်းကို အယောင်ပြဝင်တိုက်မည်။ ကျန်နှစ်ဖွဲ့က ချေမှုန်းရေးအဖွဲ့အဖြစ် ရွာထဲကနေ စခန်းကုန်းကို တက်ရမည်။

ထို့နောက် စစ်ဆင်ရေးကို စလိုက်သည်။ လက်နက်ကြီးပစ်မည့်အဖွဲ့က ရွာကိုပတ်သွားပြီး စခန်းကုန်းကို လက်နက်ကြီးနှင့် စပစ်သည်။ စခန်းကုန်းဘက်မှ ပစ်ခတ်သံများ ဆူညံနေကြပြီဖြစ်သည်။

ထိုအခါ ကျန်တပ်ဖွဲ့ဝင်တွေက ရွာထဲသို့ တပ်ဖြန့်ကာ ဝင်သည်။

သို့သော် ကြက်မနက်ကျေးရွာထဲတွင် စစ်ကောင်စီတပ်သားများ ရှိ၊ မရှိကိုက သတင်းအတိအကျမရ။ ထို့ကြောင့် ရွာထဲသို့ဝင်သည့်အခါ သတိနှင့် ဝင်သွားကြသည်။ သေနတ်များပစ်ဖောက်ကာ ညာသံပေးလျှက် ရွာထဲဝင်သွားကြခြင်း ဖြစ်သည်။ ကျေးရွာလမ်းပေါ်တွင် လူမရှိ။ သေနတ်တွေပစ်ဖောက်ပြီး ရွာထဲသို့ တပ်ဖြန့်ချီတက်သွားရာတွင် ရဲဘော် ၅ ယောက်ခန့်က ရွာအဝင်လမ်းအတိုင်း ဝင်သွားသည်။

ရှေ့ဆုံးမှသွားသည့် ရဲဘော်သည် ရွာလမ်းဆုံအရောက်တွင် သူပစ်နေသည့် သေနတ်က ပစ်မရဖြစ်နေ၍ မတ်တပ်ရပ်ကာ ပြင်ဖို့ကြိုးစားသည်။ ထိုစဉ် ရွာထဲပုန်းနေသည့် စစ်ကောင်စီတပ်သားများက သေနတ်နှင့် လှမ်းပစ်သည်။ ကျည်ဆံက ပကဖရဲဘော်၏ ခေါင်းကိုဖောက်ထွက်သွားသည်။ ရင်ဘက်ကိုလည်း တချက်မှန်သည်။ အဆိုပါ ရဲဘော်သည် မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။

သေနတ်သံများ “တဒိုင်းဒိုင်း” နှင့် ဆက်ထွက်ပေါ်လာသည်။ လဲကျသွားသည့်ရဲဘော်ကို အနီးမှာရှိသည့် ပကဖရဲဘော်တဦးက ပြေးဆွဲဖို့ ကြိုးစားသည်။ အဆိုပါ ရဲဘော်၏ ခန္ဓာကိုယ်ကိုလည်း သေနတ်ကျည်ဆံသုံးချက် ဖောက်ဝင်သွားသည်။

အရင်ဆုံး ကျဆုံးသွားသည့်ရဲဘော်ကိုင်သည့် သေနတ်က AK 47 သေနတ်အမျိုးအစားဖြစ်သည်။ သို့သော် သေနတ်များတွင် ချွတ်ယွင်းချက်များ ရှိနေသည်။ ဤအချက်ကိုသိသော MRF-Nattalin အဖွဲ့မှ ရဲဘော် Killer က ရွာထဲသို့ မဝင်ခင် ဆုတခု တောင်းသည်။

ယင်းက "ဒီကာဘိုင်လေးက ကျည်ထွက်ပါစေလို့ပဲ ကျနော့်စိတ်ထဲ ဆုတောင်းနေမိတယ်" ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွက် သူ့တွင် ကာဘိုင်ကျည် ၈ တောင့်ပါသည်။ ကျည်ဆံသုံးတောင့်ကို ကျဆုံးသွားသော ပကဖရဲဘော်နှစ်ဦးကိုပစ်သည့် စစ်ကောင်စီစစ်သားတွေဆီ ပစ်ခတ်လိုက်သည်။ ကျန် ၅ တောင့်ကိုတော့ သူ့ရဲဘော်တွေ ရှေ့သို့တက်သွားသည့်အခါ နောက်မှနေပြီး ထောက်ပစ် ပစ်ပေးသည့်နေရာတွင် အသုံးပြုလိုက်သည်ဟု သူကဆိုသည်။

သူ့တွင်ပါသည့် ကျည်ဆံ ၈ တောင့်ကို တိုက်ပွဲပြီးသည့်အထိ အကုန်ပစ်လိုက်ရ၍ သူ့ဆုတောင်း ပြည့်သည်။ သို့သော် သူ၏ ရဲဘော်ရဲဘက် ညီအစ်ကိုနှစ်ဦး ကျဆုံးသွားရသည့်အတွက်တော့ ဝမ်းနည်းမျက်ရည်ကျခဲ့ရသည်။

"တယောက်ကို ဒဏ်ရာရတယ်လောက်ထင်ပြီး ဆွဲထုတ်သွားလိုက်တယ်။ နောက်တယောက်ကတော့ ခေါင်းကိုထိသွားတာတွေ့တော့ မျက်ရည်လည်းကျတယ်။ ဒေါသလည်းထွက်တယ်" ဟု ရဲဘော် Killer က ဆိုသည်။

ထို့ကြောင့် ရဲဘော် Killer အပါအဝင် အနားမှာရှိသည့် ရဲဘော်အားလုံးက "ဒီစခန်းကုန်းကို မရ ရအောင်သိမ်းမယ်" ဟူသော ဆုံးဖြတ်ချက်ကို သံပြိုင်အော်ဟစ် ကြုံးဝါးပစ်လိုက်ကြသည်ဟု သူက ဆက်ပြောသည်။

တော်လှန်ရေးရဲဘော်နှစ်ဦးကို ပစ်သတ်လိုက်သည့် စစ်ကောင်စီ စစ်သားတွေကို ရဲဘော် Killer တို့အဖွဲ့ ဝိုင်းပစ်ကြသည်။ တဦးသေဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရကာ ထွက်ပြေးလွတ်မြောက်သွားသည်။ ပြီးတော့ MA-3 ဒင်ခေါက် သေနတ် ၁ လက်၊ ကျည်အတောင့် ၂၀ နှင့် လက်ပစ်ဗုံး ၁ လုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

သို့သော် စစ်ကောင်စီစခန်းကုန်းကို မရ ရအောင်တက်သိမ်းမည်ဟူသော ပကဖရဲဘော်များ၏ ဆုံးဖြတ်ချက်ကတော့ မပြည့်ဝခဲ့။

"ဂန်း(သေနတ်)တွေ လိုအပ်ချက်တွေဖြစ်၊ ယမ်းတွေမလောက်နဲ့ လိုအပ်ချက်တွေဖြစ်ပြီး၊ ကျည်မလောက်တဲ့ သေနတ်တွေကလည်း ကျည်မလောက်နဲ့ စခန်းကုန်းကို မသိမ်းနိုင်လိုက်ဘူး" ဟု ရည်ရွယ်ချက် မအောင်မြင်ခဲ့သည့် အကြောင်းကို MRF-Nattalin မှ ရဲဘော် Killer က ရှင်းပြသည်။

အရည်အသွေးမကောင်းသည့် သေနတ်ပြဿနာကို ရန်သူ့စခန်းကုန်းခြံစည်းရိုးအထိ ချည်းကပ်သွားသည့် MRF-Nattalin ၏ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်လက်ျာလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။

သူ့ရှေ့တည့်တည့်မှာရှိသည့် ရန်သူကို ပစ်မည်လုပ်ခါမှ သေနတ်က ကျည်ညှပ်သွားသည်။ ထိုအခါ စခန်းကုန်း ဘန်ကာပေါ်မှ ရန်သူက သူတို့ကို ၄၀ မမဖြင့် လှမ်းပစ်သည်။ သူတို့အားလုံး အနောက်ဘက်တွင်ရှိသော ဝါးရုံပင်အကွယ်သို့ အတင်းပြေးကာ အကာအကွယ်ယူလိုက်ရသည်။

တခြားအဖွဲ့တွေက ဝိုင်းပစ်နေသည့်အတွက် ရန်သူက သူတို့ကို အာရုံမစိုက်နိုင်။ ထို့ကြောင့် ၄၀ မမဖြင့် နှစ်ချက်သာပစ်ပြီး ဆက်မပစ်တော့။ ထိုအခါမှ ဗိုလ်လက်ျာသည် သူ့သေနတ်ကိုဖြုတ်ကာ ညပ်နေသည့်ကျည်ကို ထုတ်ယူလိုက်ရသည်။

သေနတ်ပြဿနာနှင့်ပတ်သတ်ပြီး ရန်သူ့ခြံစည်းရိုးအနားထိကပ်သွားခဲ့သည့် ဗိုလ်လက်ျာတို့ ရဲဘော်ခြောက်ယောက် ကြုံခဲ့ရသည့်အဖြစ်အပျက်ကို သူက အခုလိုရှင်းပြသည်။

"ခြံစည်းရိုးအနားကိုကပ်တာ ကျနော်နဲ့ဆို ခြောက်ယောက်။ ခြောက်ယောက်မှာ ပစ်လို့ရတဲ့သေနတ်က နှစ်လက်ပဲ ရှိတယ်။ ရဲဘော်တယောက်က တထောင့်ထိုးနဲ့ပစ်တယ်။ ဒါပေမဲ့ ကျည်က မပေါက်ဘူးဗျ။ MK 12 သေနတ်၊ ကိုးလုံးကျည်ထည့်ပြီး ပစ်တဲ့သေနတ်။ သူတို့ကျတော့ အဝေးကို ပစ်မရတော့ ရန်သူ့ဘန်ကာထဲ မရောက်တော့ဘူး။ ချေမှုန်းရေးရိုင်ဖယ်က သုံးလက်ပါတယ်။ သုံးလက်က ကျည်တထောင့်မှ မထွက်ခဲ့ဘူး" ဟု ဆိုသည်။

သူ့တွင် ကျည်ဆံ အတောင့် ၅၀ ပါသည်။ ယင်းကျည်ဆံကို မနားတမ်းပစ်မည်ဆိုပါက ၂ မိနစ်အတွင်း ကုန်သည်။ ထို့ကြောင့် ဗိုလ်လက်ျာက တထောင့်ခြင်း ပစ်သည်။ ကျည်ကိုလည်း ခြွေတာ၍ ပစ်ရသည်။ ကိုယ့်အတွက် သက်စောင့်ကျည်လည်း ထားရသေးသည်ဟု သူကဆိုသည်။

MRF-Nattalin ဟာ တော်လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲဖို့အတွက် လက်နက်ခဲယမ်းတွေကို ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်တာလည်း ရှိသည်။ ပြည်သူလူထုက ဝယ်ယူပေးတာလည်း ရှိသည်။ NUG က ဝယ်ယူထောက်ပံ့ပေးထားသည့် သေနတ်တချို့လည်း ရှိ၏။ သို့သော် လက်လုပ်မဟုတ်သည့် အလှူရှင်များ ဝယ်ပေးထားသည့် သေနတ်အစစ်များသည်ပင် အားနည်းချက်များ ရှိနေကြသည်။
 
ယင်းနှင့်ပတ်သက်၍ ဗိုလ်လက်ျာက ယခုလို ရှင်းပြသည်။

"ကျနော်တို့ ဝယ်ခဲ့တုန်းကတော့ ပါကင်တွေဆိုပြီး ဝယ်ခဲ့တာပဲ။ ဒါပေမဲ့ လမ်းမှာ မောင်းတုံးတွေ အလဲခံထားရတာတွေ ရှိတယ်။ မောင်းဆွဲတံတွေ အလဲခံရတာတွေလည်း ရှိတယ်" ဟု သူက ဆိုသည်။

ဝယ်ယူလှူဒါန်းပေးလိုက်သည့် သေနတ်များသည် အသစ်စက်စက်ဖြစ်သော်လည်း သူတို့ဆီ သေနတ်များရောက်လာသည့်အခါ Fire Pin၊ ချိန်ပါနှင့် မောင်းတုံးများသည် လက်လုပ်အစိတ်အပိုင်းများ ဖြစ်နေသည်။ သေနတ်အစိတ်အပိုင်းများ ဘာကြောင့်အလဲခံရလဲဆိုသည့် မေးခွန်းကိုတော့ သူက ယခုလို ဆက်ရှင်းပြသည်။

"ကြားထဲက သယ်ပေးတဲ့စခန်းတွေမှာရှိတဲ့ သေနတ်တွေမောင်းတုံးပိုင်း ချွတ်ယွင်းချက်ရှိတယ်ဆိုရင် ကျနော်တို့သေနတ်အသစ်ထဲကနေ ထုတ်ယူပြီး သူတို့သေနတ်ထဲကို လဲထည့် ထားတာမျိုး ဖြစ်တာပေါ့”

ပဲခူးတိုင်းအနောက်ခြမ်းတွင် ပြောက်ကျားတိုက်ခိုက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MRF-Nattalinတွင် NUG ထံက ရရှိထားသည့် လက်နက်တချို့ ရှိသည်။

သို့သော် အဆိုပါလက်နက်အများစုသည် မီတာ ၅၀ ခန့် (ပေ ၁၅၀ ခန့်) သာပစ်နိုင်ပြီး အနောက်နိုင်ငံများတွင် အိမ်တွင်းကာကွယ်ရန်နှင့် အမဲလိုက်ရန်အတွက် အသုံးပြုသည့်သေနတ်များ ဖြစ်နေသည်ဟု MRF-Nattalin အဖွဲ့ခေါင်းဆောင် ဗိုလ်နေက ပြောသည်။

"NUG က ချပေးတဲ့လက်နက်တွေထဲမှာ တိုက်ပွဲဝင်လို့ရတဲ့လက်နက်က တလက်ပဲ ရှိတယ်။ ကျန်တဲ့လက်နက်တွေက အနီးကပ်အတွက်ပဲ အဆင်ပြေတယ်။ ဆောင်ထားဖို့လောက်ပဲ လိုတဲ့သေနတ် ဖြစ်နေတယ်" ဟု ဗိုလ်နေက ဆိုသည်။

ဤသို့ဖြစ်နေသည့်အခြေအနေတွင် အထက်လူကြီးများက စစ်ရေးအရှိန်မြှင့်ပြီး စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်မှုလုပ်ခဲ့သည့်အပေါ် MRF-Nattalin အဖွဲ့ မှ ခေါင်းဆောင်ဗိုလ်နေက ယခုလိုမေးခွန်းထုတ်သည်။

"အဲဒါတွေ(Short Gun)နဲ့ ကျနော်တို့က ဘယ်လိုတိုက်ပွဲကြီး ဖော်ဆောင်မှာလဲ" ဒါကြောင့်လည်း ကြက်မနက်စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်မည့်အစီစဉ်ကို ဗိုလ်နေက ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ လူအင်အားကိုပင် မပေးလို။ အထက်လူကြီးက အတင်းတောင်း၍သာ သူ၏ ရဲဘော် ၁၇ ယောက်ကို ရှိစုမဲ့စုလက်နက်ခဲယမ်းများနှင့် ပံ့ပိုးပေးလိုက်ခြင်း ဖြစ်သည်။

"ကြက်မနက် ပြီးတဲ့အခါ စစ်ကောင်စီဘက်က မြို့နယ်လိုက်၊ ခရိုင်လိုက် နယ်မြေထဲမှာ မြေပုံထောက်ပြီး ဗျူဟာချနေတဲ့အချိန် ကိုယ့်ဘက်မှာ တခွင်လုံးကို ဖြန့်ကျက်ပြီး ဗျူဟာချပေးမယ့်လူလည်း မရှိဘူး။ ဘောလုံးကန်သလို စစ်ရေးဗျူဟာ ဘယ်လိုကစားသင့်သလဲဆိုတဲ့ နောက်ခံလိုတယ်" ဟု တော်လှန်ရေးအဖွဲ့တွေအတွက် လိုအပ်နေသည့် ဟာကွက်ကြီးတခုကို ဗိုလ်နေက ထောက်ပြသည်။

ယင်းကဲ့သို့ စစ်ရေးဗျူဟာ၊ နည်းဗျူဟာချပေးနိုင်မည့်သူလည်း လိုအပ်သလို လက်နက်ခဲယမ်း အထောက်အပံ့ ကောင်းကောင်းပေးနိုင်သည့် NUG အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကဲ့သို့သော နောက်ခံကောင်းကောင်း ရှိဖို့လည်း လိုသည်ဟု သူကထောက်ပြသည်။

နယ်မြေအနေအထား၊ ကိုယ့်တပ်ဖွဲ့အနေအထားကို မကြည့်ဘဲ စစ်ရေးဖော်ဆောင်ခဲ့သည့် ကြက်မနက် စခန်းသိမ်းတိုက်ပွဲ မအောင်မြင်ရသည့်အချက်တွင် စစ်ရေးဗျူဟာ အမှား၊ လက်နက်ခဲယမ်း လိုအပ်ချက်များအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ရေးစွမ်းရည် မပြည့်ဝမှုလည်း ပါဝင်နေသည်။

အသက် ၂၆ နှစ်ရွယ် ဗိုလ်လက်ျာအတွက် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲ ၅ ကြိမ်ခန့်ဆင်နွှဲဖူးသည်။ ဗုံးခွဲတိုက်ခိုက်သည့် စစ်ဆင်ရေးပါ ထည့်သွင်းရေတွက်မည်ဆိုလျှင် အကြိမ် ၂၀ ကျော်ခန့် ပါဝင်တိုက်ခိုက်ဖူးသည်။ ယခင်က သူကြုံခဲ့ဖူးသော တိုက်ပွဲများက ၁၀ မိနစ်၊ ၁၅ မိနစ်သာ ကြာသည်။ ယခု ကြက်မနက်တိုက်ပွဲကတော့ ၁ နာရီကျော် ကြာသည်။

ထို့ကြောင့် ကြက်မနက်တိုက်ပွဲသည် သူ့အတွက် ပထမဆုံးသော တိုက်ပွဲကြီးဖြစ်သလို နတ်တလင်းမြို့နယ်ထဲမှာလည်း ပထမဦးဆုံး စခန်းသိမ်း တိုက်ပွဲတခု ဖြစ်သည်။

"ဒီစစ်ဆင်ရေးမှာ အဓိကအားနည်းချက်ကတော့ Command and Control အမိန့်နာခံမှု တအား အားနည်းတယ်" ဟု ကြက်မနက်တိုက်ပွဲ၏ အားနည်းချက်တစ်ခုကို ဗိုလ်လက်ျာက ထပ်မံ ထောက်ပြသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်အများစုသည် စစ်ရေးသင်တန်းကို တပတ်၊ ၁၀ ရက် စသဖြင့် ရက်တိုသင်တန်းသာ တက်ဖူးတာကြောင့် သူတို့စိတ်ထဲ စစ်သားတယောက်၏ စိတ်ဓာတ်မျိုး၊ ခံယူချက်မျိုးမရှိဘဲ အရပ်သားစိတ်ဓာတ်သာ ရှိကြသည်။ မိမိ၏အဖွဲ့ခေါင်းဆောင်၊ တပ်စိတ်မှူး၊ တပ်စုမှူးများ၏ အမိန့်ကို နာခံမှုအားနည်းသည်ဟု သူက ရှင်းပြသည်။

"အဓိက က တော်လှန်ရေးမှာ အောင်မြင်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကြီးကို ရှေ့တန်းမတင်ဘဲနဲ့ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ လုပ်ဖို့ပဲလိုတာပေါ့။ တခါတလေကျတော့လည်း ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့ဒေါသကို ရှေ့တန်းတင်ပြီးတော့ ငါလုပ်မယ်၊ ငါ့ဘာသာငါဖြစ်ချင်တာဖြစ်ဆိုတာမျိုးတော့ လုပ်လို့မရဘူး" ဟု MRF-Nattalin အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်လက်ျာက ဝေဖန်ထောက်ပြသည်။

စစ်ရေးသင်တန်းနှင့်ပတ်သက်၍ သူကိုယ်တိုင်သည်ပင် တိုင်းရင်းသားလက်နက်အဖွဲ့တခုမှ သင်တန်းတက်ပြီး ပြန်လာသော MRF-Nattalin အဖွဲ့မှ ခေါင်းဆောင် ဗိုလ်နေထံတွင် ၁၅ ရက်သင်တန်းတက်ခဲ့ရခြင်း ဖြစ်သည်။

ရဲဘော် Killer ကဲ့သို့သော သာမန်ရဲဘော်ဆိုလျှင် စစ်ရေးပြသင်တန်းကို ဗိုလ်လက်ျာထံတွင် ကနဦး တက်ရသည်။ ပြီးမှ မွမ်းမံသင်တန်းအဖြစ် အဖွဲ့၏ခေါင်းဆောင် ဗိုလ်နေထံတွင် ထပ်တက်ရသည်။

"သင်တန်းတက်ရတဲ့ အနေအထားအရ စစ်ကောင်စီတပ်တွေနဲ့ ယှဉ်ရင်တော့ လိုအပ်ချက်တွေ ရှိသေးတာပေါ့။ ပစ်ခတ်တတ်တယ်ဆိုတဲ့ သဘောသဘာဝလောက်ပဲ သင်ရတာဆိုတော့လေ" ဟု ရဲဘော် Killer က ပြောသည်။

ကြက်မနက် စခန်းကုန်းသိမ်း တိုက်ပွဲစစ်ဆင်ရေးကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ရဲဘော်တချို့ကတော့ စစ်ယူနီဖောင်များ ဝတ်ထားသည်။ တချို့ကတော့ အင်္ကျီလက်တို၊ ဘောင်ဘီတိုများနှင့် ဖြစ်သည်။ MRF-Nattalin အဖွဲ့ကိုယ်တိုင်လည်း စစ်ယူနီဖောင်း မရှိသည့်အတွက် အင်္ကျီလက်တို၊ ဘောင်ဘီတိုများနှင့် ဖြစ်သည်။ စစ်ဖိနပ်လည်း မရှိ။ ဗိုလ်လက်ျာကိုယ်ကိုင်သည်ပင် စစ်ဆင်ရေးထွက်မည့် မနက်မှ စခန်းတွင်ကျန်ခဲ့မည့် ရဲဘော်တဦးထံမှ စစ်ဖိနပ် ငှားဝတ်ခဲ့ရသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၏ ကြက်မနက်စခန်းသိမ်းစစ်ဆင်ရေးသည် အောင်မြင်မှု မရခဲ့သည့်အပြင် ရဲဘော်နှစ်ယောက်၏ အသက်ပင် အဆစ်ပေးဆပ်လိုက်ရသည်။

ဗိုလ်နေကတော့ "ကြက်မနက်က သင်ခန်းစာရော၊ ဥပမာရော ရလိုက်တယ်လို့ ပြောရမှာပဲ။ ဖော်ဆောင်တဲ့သူလည်း အခြေအနေမှန်ကို သိသွားတာပေါ့" ဟု မှတ်ချက်ပြုသည်။

တနာရီကျော်ကြာ တိုက်ခဲ့ရသည့် စခန်းသိမ်းတိုက်ပွဲအပြီးတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်များသည် ကျဆုံးသွားသော ရဲဘော်နှစ်ဦး၏ရုပ်အလောင်းကို ထမ်းကာ ပြန်ဆုတ်ခဲ့ရသည်။ ယင်းသို့ဆုတ်ခွာလာသည့်အချိန်၌ပင် စစ်ကောင်စီက လက်နက်ကြီးများနှင့် ပစ်ခတ်နေသေး၏။ စစ်ကောင်စီတပ်ဘက်မှ စစ်ကူစစ်ကြောင်းရောက်လာနိုင်သည့်အတွက် တပ်ဆုတ်ရန် နောက်တန်းမှ အမိန့်ပေးသဖြင့် ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။

ဗိုလ်လက်ျာကတော့ ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးသည် သူ့တပ်ခွဲမှ မဟုတ်သည့်တိုင် အဆိုပါ ရဲဘော်နှစ်ဦးကို နှမျောမိသည်။ တိုက်ခဲ့ရသည့် တိုက်ပွဲကို မတန်ဘူးဟု ခံစားရသည်။ ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ ညီအစ်ကိုအရင်းများဖြစ်တာကြောင့် သနားသည့်စိတ်နှင့်အတူ ပိုပြီးခံပြင်း နာကျည်းရသည်။

"NUG အစိုးရအနေနဲ့ ကျနော်တို့တွေ အခုလိုဖြစ်ပျက်နေတာကို ဒီအတိုင်းချည်းပဲထိုင်ကြည့်မနေပါနဲ့လို့။ ဘာဖြစ်လို့လဲဆိုတော့ ကြာလို့ရှိရင် ရဲဘော်တွေ တဖြုတ်ဖြုတ်အမှည့်ကြွေကြွေပြီးတော့မှ စိတ်ဓာတ်တွေ ကျလာမယ်။ သူတို့တွေက လက်နက်တွေ နောက်နေ့ရမယ်၊ နောက်လရမယ်နဲ့ အခုဆိုရင် တော်လှန်ရေးကာလ ၂ နှစ်ကျော်ပြီ။ ကျနော်တို့အဖွဲ့ဆို လက်နက် ၁၀ လက်တောင် မပြည့်ဘူး" ဟု ဗိုလ်လင်္ကျာက ဆိုသည်။

တိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခဲ့သည့် ဗိုလ်လက်ျာအား တိုက်ပွဲနှင့်ပတ်သက်၍ ဘာပြောချင်လဲဟု မေးသည့်အခါ သူက သူ၏ရဲဘော်များ ခံစားနေရသည့် ခံစားချက်ကိုသာ ပြောလိုသည်ဟု ဆိုသည်။

"ရဲဘော်တွေပြောတာက ဒီနေ့ကျနော်တို့ဘက်မှာ လူအင်အားလည်း သာတယ်။ အဘက်ဘက်က သာတယ်။ ဒါပေမဲ့ လက်နက်ချင်း မယှဉ်နိုင်တာလေး တခုနဲ့ ကျနော်တို့ တပ်ဆုတ်ခဲ့ရတယ်။ အဲတော့ သူတို့တွေက တကယ်တမ်း လက်နက်ချင်းသာ ကောင်းကောင်းယှဉ်ပြီး ပစ်နိုင်မယ်ဆိုရင် ကျနော်တို့တွေ နောက်မဆုတ်တမ်း တိုက်ချင်တယ်။ တိုက်လည်း တိုက်ရဲတယ်။ သေလည်း သေရဲတယ်" လို့ ပြောတယ်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် စီမံခန့်ခွဲရေးများကို တာဝန်ယူထားသည့် ခရိုင်တာဝန်ခံဆိုသူအား ယနေ့အထိ မမြင်ဖူးသေးသည့် ဗိုလ်နေက အုပ်ချုပ်ရေးပိုင်းမှာ ဦးဆောင်မှုပေးနေသည့် လူကြီးများအနေဖြင့် မြေပြင်က တိုက်ခိုက်ရေးသမားများ လိုအပ်နေသည့် အထက်ပါလိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ပါက “ ‘ဝ’ မရှိဘဲ ‘ဝိ’ လုပ်လို့ မဆင်ပြေဘူး” ဟု သတိပေးသည်။

​#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10