ချင်းအမျိုးသားနေ့အထိမ်းအမှတ် ACNFC ထံ မိတ်ဖက်လက်နက်ကိုင် အင်အားစုတွေ သဝဏ်လွှာပို့၊ ဘုံရည်မှန်းချက် နှစ်ရပ်နဲ့ ရှေ့ဆက်မယ်လို့ဆို

ချင်းအမျိုးသားနေ့အထိမ်းအမှတ် ACNFC ထံ မိတ်ဖက်လက်နက်ကိုင် အင်အားစုတွေ သဝဏ်လွှာပို့၊ ဘုံရည်မှန်းချက် နှစ်ရပ်နဲ့ ရှေ့ဆက်မယ်လို့ဆို

အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC) က ကြီးမှူးကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို မကွေးတိုင်းအတွင်းမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေက သဝဏ်လွှာတွေပေးပို့ကြသလို တပ်ဖွဲ့ခေါင်းဆောင်အချို့ကလည်း တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ ACNFC အဖွဲ့ ဆီက သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာကျရောက်တဲ့ ၇၆ နှစ်မြောက်ချင်းအမျိုးသားနေ့ကို ACNFC က အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ PRA Magway၊ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မကွေးလူထုသပိတ်တိုက်ပွဲတို့က သဝဏ်လွှာတွေ ပေးပို့သလို တပ်ဖွဲ့ခေါင်းဆောင်တွေကလည်း အမှာစကားပြောကြားခဲ့ကြပါတယ်။

“ကောင်စီအနေနဲ့ နိုင်ငံရေးလိုအပ်ချက်အရ နိုင်ငံရေးအရ ဦးဆောင်ဖွဲ့စည်းတည်ထောင်လာတာ ဖြစ်တယ်။ မဟာမိတ်အဖြစ်သွားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိတယ်။ မကွေးမှာလှုပ်ရှားနေတဲ့အဖွဲ့တွေ မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့  မိတ်ဖက်အနေနဲ့ ဖွဲ့စည်းထားတာရှိတယ်။” လို့ ACNFC ဗဟိုအလုပ်မှုဆောင်အထွေထွေအတွင်းရေးမှူးက မြေလတ်အသံကို ပြောပါတယ်။

မဟာမိတ်ဆိုရာမှာ မူဝါဒတွေနဲ့ အတူလက်တွဲလုပ်ဆောင်နေခြင်းမျိုး မရှိသေးဘဲ မိတ်ဖက်အနေနဲ့ သဝဏ်လွှာတွေ ပေးပို့နေတဲ့ အခြေအနေကို ရည်ညွှန်းတယ်လို့ သူက ဆက်ပြောပါတယ်။

အရှိုချင်းတိုင်းရင်းသားတွေနဲ့ မြေပြင်မှာ တော်လှန်ရေးဖော်ဆောင်နေမှုအခြေအနေတွေနဲ့ပတ်သက်ပြီး “လက်ရှိ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ကျနော်တို့ တိုင်းရင်းသားတွေဟာ အထူးသဖြင့် ကျနော်တို့ အရှိုချင်းတိုင်းရင်းသား လူငယ်တွေကလည်း မြေပြင်မှာ လုပ်ဆောင်နေကြတယ်။ မြေပြင်မှာလည်း ACDF အတူလုပ်ဆောင်နေကြပါတယ်လို့ ပြောကြားလိုတယ် အထူးသဖြင့် ရှေ့ဆက်ပြီး ကျနော်တို့ မျှော်မှန်းတဲ့ပန်းတိုင်ရောက်အောင် လုပ်ဆောင်သွားမယ်ဖြစ်ပါတယ်” မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံရန်ကြီးအောင် ကပြောပါတယ်။ 

ACNFC အနေနဲ့ ရည်မှန်းချက်ရည်ရွယ်ချက် ၈ ခုကို ချမှတ်ထားပြီး အချုပ်အားဖြင့် ဘုံရည်မှန်းချက် ၂ ရပ်နဲ့ တနိုင်ငံလုံးက တိုင်းရင်းသား ပြည်သူလူထုတွေနဲ့ တသားတည်း ရှေ့ဆက်နေတယ်လို့ ကောင်စီရဲ့ တာဝန်ရှိလူကြီးတွေက အမှာစကား ပြောပါတယ်။

“စစ်အာဏာရှင်စနစ်အမြတ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အတူတကွတည်ဆောက် ကြရန် ဆိုတဲ့ ဘုံရည်မှန်းချက်နှစ်ခုပဲဖြစ်တယ်။ အဲဒီဘုံရည်မှန်းချက်နှစ်ခုကို အတူတကွ လက်တွဲပြီးလုပ်ဆောင်နေကြလို့လည်း ဝမ်းသာမိပါတယ်။ ကျနော်တို့အနေနဲ့လည်း စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက်လုပ်ဆောင်ကြဖို့ ဆန္ဒပြရင်း ပြုလုပ်သွားကြရအောင်လို့ တိုက်တွန်းပါတယ်။” လို့ ACNFC ဗဟိုအလုပ်မှုဆောင်အထွေထွေအတွင်းရေးမှူး ကပြောပါတယ်။

လက်ရှိမှာတော့ မကွေးတိုင်းဒေသကြီး အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပြီး မကွေးဖက်ဒရယ်လွှတ်တော်နဲ့ ညှိနှိုင်းကာ မကွေးတိုင်းဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေမူကြမ်း ရေးဆွဲနိုင်ရေး ပေါင်းစည်းချိတ်ဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပုံစာ- ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့ကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက တောတွင်းတနေရာမှာ ကျင်းပခဲ့ကြစဉ်(ပုံဟောင်း)

သတင်း-ဝေလင်း

#မြေလတ်အသံ #ACNFC #ချင်းအမျိုးသားနေ့ #မကွေး #ပဲခူး #လက်နက်ကိုင်အင်အားစု #ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု #မိတ်ဖက် #မြေလတ်သတင်း #စစ်အာဏာရှင် #PRAMagway #ACDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10