စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးထားတဲ့ ကလေးမြို့မှာ တိုက်ပွဲဆက်ဖြစ်နေ (သတင်းဆောင်းပါး)

စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးထားတဲ့ ကလေးမြို့မှာ တိုက်ပွဲဆက်ဖြစ်နေ (သတင်းဆောင်းပါး)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ မတ်လ ၁၁ ရက်အထိ စစ်ကောင်စီဘက်က စစ်သား ၁၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။ 

ကလေးမြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာရှိတဲ့ ကျေးရွာတွေမှာ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့၊ ဒေသခံ ကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့က ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

တိုက်ပွဲတွေစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နဲ့  ၂၂ ရက်တွေမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ  ၂၃ ရက် မနက် ၄ နာရီလောက်မှာ ကလေးမြို့ မြောက်ပိုင်းက ကံကြီးရွာစခန်း၊ ကံသာယာရွာစခန်းနဲ့ ကလေးတောင်ပိုင်းက စက္ကန့်ရွာစခန်း စတဲ့ စစ်ကောင်စီစခန်း ၃ ခုကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က မိုင်းဆွဲတိုက်ခိုက်ခံရလို့  ခလရ ၂၂၈ က စစ်ကြောင်းမှူး ဗိုလ်ကြီးမင်းခန့်ကိုအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါးသေဆုံးကာ စစ်ကူလာတဲ့ တပ်မ ၇၇ က စစ်ကြောင်းမှူး ဗိုလ်ကြီးတဦးလည်း စနိုက်ပါထိမှန်ပြီး ထပ်မံသေဆုံးခဲ့ရပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုအနက် ကလေးမြို့နဲ့ ကပ်လျက်ရှိနေတဲ့ စက္ကန့်ကျေးရွာတပ်စခန်းကိုတော့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကြောင်းထိုးပြီး ပြန်လည်တိုက်ခိုက်လာတာကြောင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက နောက်ပြန်ဆုတ်ပေးထားခဲ့တယ်လို့ သိရပါတယ်။ 

ကလေးမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲအနေနဲ့ ၂၀၂၃ နိုဝင်ဘာ ၂၃ ရက်တုန်းကလည်း ကလေးမြို့တောင်ပိုင်း၊ တံဖိုရွာတောင်ဘက်အစပ်က စစ်ကောင်စီရဲ့ ရန်ကြီးအောင်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါသေးတယ်။ 

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် ရန်ကြီးအောင်စခန်းကနေ ထွက်ပြေးသွားတဲ့ စခန်းတာဝန်ခံ ဗိုလ်မှူးသန်းနိုင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို နိုဝင်ဘာလ ၂၄ ရက်မှာ ထပ်မံဖမ်းဆီးရမိခဲ့ပါသေးတယ်။ 

အဲဒီစခန်းသိမ်းတိုက်ပွဲအပြီး ၂၀၂၄ ခုနှစ်ထဲမှာ ဒေသကာကွယ်ရေးတပ်တွေက ကလေးမြို့နယ်အတွင်းမှာ အခုလို စခန်းသိမ်းတိုက်ပွဲတွေနဲ့ ထိုးစစ်တွေ ထပ်မံဆင်နွှဲလာတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈၊၂၉ ရက် နဲ့ မတ်လ ၂ ရက်မှာ ကလေးမြို့နယ်၊ ထိုမာရွာကနေ သာယာကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ၃ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက ပြောပါတယ်။ 

ထိုမာရွာတိုက်ပွဲတွင်း အသုံးပြုခဲ့တဲ့ကျည်ခွံများကို ကာကွယ်ရေး ရဲဘော်တဦးမှ သိမ်းယူနေစဥ်။

 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အား ၈၀နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းပစ်ကူနဲ့လည်း ၈ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တဦးက ဆိုပါတယ်။

တိုက်ပွဲရပ်နားသွားတဲ့အခါ စစ်ကောင်စီဘက်က သေဆုံးသွားတဲ့အလောင်းတွေကို စစ်ကား ၂ စီးအပါအဝင် နာရေးကားတွေနဲ့ပါ အလောင်းလာကောက်ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ တိုက်ခိုက်ရေးရဲဘော်တဦးက အခုလို ပြောပါတယ်။ 

“ကားပေါ်ကို ၁၃ လောင်းပါသွားတယ်။ ကျန်ခဲ့တဲ့ ၃ လောင်းကို ကျနော်တို့ဘက်က မြေမြှုပ်ပေးလိုက်ရတယ်။”လို့ သူက ရှင်းပြပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကလေးမြို့ကို တောင်ဘက်နဲ့ မြောက်ဘက်တွေကနေ ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်မှာလည်း ကလေးမြို့တောင်ပိုင်းမှာ မန်တောကတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၅၀ ခန့်ကို ရှားဖိုး၊ အောင်မင်္ဂလာရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅၀ ကျော်သေကာ သေနတ် ၁၅ လက်သိမ်းနိုင်ခဲ့ပြီး မတ်လ ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ ကလေးမြောက်ပိုင်း၊ ကံသာယာရွာအနီး တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၃ ဦးရဲ့အလောင်းနဲ့ သေနတ် ၂၄ လက် သိမ်းနိုင်ထားတယ်လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။ 

မတ်လ ၁၀ရက်က ဖြစ်ခဲ့တဲ့ ကလေးမြောက်ပိုင်း၊ ကံသာယာကျေးရွာအနီး တိုက်ပွဲက သိမ်းမိခဲ့တဲ့ လက်နက်ခဲယမ်းများ။

 

ကလေးမြို့တောင်ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းခွဲလာတာမှာ ဒေသကာကွယ်ရေးတပ်တွေက ကြိုတင်မိုင်းထောင်ထားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။ 

“သူတို့အင်အားကို ဖြုန်းဖို့က မိုင်းကအဓိကပဲလေ၊ သေနတ်နဲ့ အပိုင်စောင့်ပစ်တာထက် မိုင်းခွဲပြီး ဖြိုတာက ပိုထိရောက်တော့ မိုင်းထောင်ထားပြီး တိုက်ခိုက်တာပေါ့။” လို့ ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က အလောင်းကောက်ဖို့ ခွင့်တောင်းခဲ့ပေမယ့် ခွင့်မပြုတဲ့ကြားထဲက တက်လာတဲ့အတွက် မတ်လ ၁၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ သေဆုံးအလောင်းတွေလာကောက်တဲ့ စစ်ကောင်စီဘက်က ဖောကားတစီးကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းယူခဲ့ပြီး ကားပေါ်တင်ထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအလောင်း ၃၅ လောင်းကိုလည်း သဂြိုဟ်ပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။ 

“အခုချိန်မှာ ရန်သူနဲ့ ကျနော်တို့ကြားမှာ အလောင်းကောက်ခွင့်မပေးဘူး။ သူတို့လည်းမပေးဘူး။ ကျနော်တို့လည်း မပေးဘူး။ ဒါကြောင့် ခွင့်မပြုဘူး၊ ခွင့်မပြုတဲ့ချိန်မှာ သူတို့က အတင်းရော ဇွတ်ရော လာကောက်တယ်။ သေတဲ့အရေအတွက်သိရတာက ကျနော်တို့က အလောင်းကောက်တဲ့နေရာထိ သွားခဲ့တာဆိုတော့ အလောင်းတွေက မြင်ခဲ့ရတယ်။” လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

ကလေးမြို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိသလို ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဖေဖော်ဝါရီ ၂၁ ရက် ကနေ ၂၇ ရက်ထိ ၇ ရက်တာ တိုက်ပွဲအတွင်းမှာ ကာကွယ်ရေးရဲဘော်တွေ ဘက်ကလည်း ၆ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။ 

မတ်လ ၁၀ ရက်၊ ၁၁ရက်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာလည်း ကလေးခရိုင် တပ်ရင်း ၄ က ရဲဘော်တဦးသေဆုံးခဲ့ပြီး တဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၂၁ ရက် မနက် ၆ နာရီကျော်လောက်ကစပြီး ကလေးမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ထိတွေ့တိုက်ပွဲ တွေ ပြင်းထန်နေတဲ့အတွက် ကလေးတောင်ပိုင်းက မြောင်းဆုံ၊ ရှားတော၊ လေးအိမ်စု၊ သုံးအိမ်စု၊ စည်းဆိုင် စတဲ့ကျေးရွာတွေနဲ့ ကလေးမြောက်ပိုင်းရှိ ကံကြီးရွာ၊ ကံသာယာ ကျေးရွာ အပါအဝင် ကျေးရွာတချို့က ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

တိုက်ပွဲ စဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၃ ရက် စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ပစ်ခတ် တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၆ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နွား ၂ ကောင် သေဆုံးပြီး နေအိမ် ၇ လုံးထပ်မနည်း ပျက်စီးခဲ့ပါသေးတယ်။ 

ဒါကြောင့်လည်း ကလေးမြို့နယ်အတွင်းနဲ့ ကလေးမြို့တဝိုက်မှာ စစ်ရေးအရှိန်မြှင့်တော့မှာဖြစ်တဲ့အတွက် မြို့တွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အမြန်ဆုံး မြို့ကနေထွက်ခွာရှောင်တိမ်းကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်က သတိပေးစာ ထုတ်ပြန်ခဲ့ပါသေးတယ်။ 

ဒီထုတ်ပြန်ချက်ထဲမှာ ကလေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း နီးစပ်ရာကာ ကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့ကို တိုက်တွန်းထားပါတယ်။

ကလေးမြို့ဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိရာ မြို့တမြို့ဖြစ်ပြီး မြို့တောင်ဘက်မှာ ဂန့်ဂေါ-မုံရွာ ယာကြီးလမ်း၊ ပုံတောင်ပုံညာလမ်းတို့ရှိကာ မြို့ကြီးတွေထိ သွားလာလို့ရပါတယ်။

မြို့မြောက်ဘက်မှာ မဟာမြိုင်လမ်းကတဆင့် ရေဦး၊ တန့်ဆည်၊ ရွှေဘို၊ မုံရွာ၊ မန္တလေးအထိ သွားလာလို့ရကာ၊ မြို့အနောက်ဘက်လမ်းကတော့ ထန်တလန်၊ ဟားခါး၊ ဖလန်း၊ ရိကောဒါက တဆင့် အိန္ဒိယနယ်စပ်အထိ သွားလာလို့ရသလို၊ မြို့အနောက်မြောက်လမ်းမှာဆိုရင်လည်း တမူးကတဆင့် အိန္ဒိယနယ်စပ်ထိ လမ်းပေါက်တာလည်း ဖြစ်ပါတယ်။

“ကလေးမြို့တည်ဆောက်ပုံက နေရာယူထားတာ တအားကောင်းတာ၊ နယ်စပ်ဒေသရဲ့ ထွက်ပေါက်မို့လည်း အရင်ထဲကသေချာကာထားတာ။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိတဲ့မြို့ ဖြစ်လို့ အစွမ်းကုန်ကာကွယ်ဖို့ ကြိုးစားမှာပဲ။ ဒီမြို့ရသွားရင် ချင်းပြည်နယ်က အော်တို လွတ်မြောက်သွားမှာ။ စစ်တပ်ကုန်သွယ်ရေးလမ်း ကြောင်းကိုပြန်ပြီး ဖြတ်တောက်ဖို့ အကောင်းဆုံးနေရာလည်းဖြစ်တယ်။ ဒီနေရာကို လွယ်လွယ်နဲ့အဆုံးရှုံးခံမှာ မဟုတ်ဘူး။”လို့ ရဲဘော်တဦးက သုံးသပ်ပြောပါတယ်။

ကလေးမြို့ မြို့လယ်ခေါင်မှာ လေဆိပ်ရှိပြီး ဘေးပတ်ပတ်လည်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချူပ်(ဒကစ)၊ ထောက်ပို့တပ်၊ ခရိုင်ရဲစခန်းတို့ တည်ရှိကာ မြို့အရှေ့ဘက်မှာ နယ်မြေရဲစခန်းတခု၊ အနောက်ဘက်မှာ နယ်မြေရဲစခန်းတခု၊ မြောက်ဘက်မှာ ၅ မိုင်နီးပါးရှည်လျားတဲ့ စစ်ကောင်စီအဆောက်အဦ တန်းလျားတွေ တည်ရှိတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဟာ မြို့တွင်းမှာရှိတဲ့ တပ်စခန်းနေရာတွေကို ကာကွယ်ဖို့ မြို့နဲ့ ကပ်လျက်မှာရှိတဲ့ ဇင်းကလင်း၊ ချင်းဆိုင်၊ သာစည်၊ မြို့လှ၊ အင်တိုင်းကုန်း၊ စက္ကန့်၊ ဆည်တော်ဦး၊ ကျောင်းတိုက်၊ ဒိုးဝိုင်းချောင်း၊ တောင်အူ၊ ပျဉ်သာ၊ နည်းပညာတက္ကသိုလ် စတဲ့ကျေးရွာ၊ ရပ်ကွက်တွေမှာ တပ်စခန်းပြုလုပ်အထိုင်ချတပ်စွဲထားတာဖြစ်ပါတယ်။ 

စစ်ကောင်စီအထိုင်စခန်းဖြစ်တဲ့ ကြံသာကျေးရွာကနေ ရှားဖို၊ အရှေ့စည်း ၊ မင်းလှ ၊တင်သား၊ ဒိုးနွယ်၊ ကျောက်ဖူးစတဲ့ ကျေးရွာတွေဘက်ကို နှစ်ဆင့်ကွဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချူပ် (ဒကစ)နဲ့ ထောက်ပို့တပ်ထဲကနေလည်း ထိုမာ၊ သာယာကုန်း၊ ထောက်ကြန့်၊ စီးစံ ၊မြောင်းစုံ၊ လေးအိမ်စု၊ ရှားတောစတဲ့ ကလေးမြို့အနီးနားက ကျေးရွာတွေကို နှစ်ဆင့်ကွဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက အခုလို မှတ်ချက်ပြုပါတယ်။

“မြို့သိမ်းလို့တော့ ပြောမရပေမယ့်၊ မဟုတ်ပေမယ့် ရသလောက်တော့ သွားမှာပါ၊ ရောက်နေတဲ့နေရာတွေကနေတော့ နောက်ပြန်လှည့်ဖို့ မရှိဘူး၊ ရှေ့ပဲဆက်တက်မှာ”

#မြေလတ်အသံ

#ကလေးမြို့ #စခန်းသိမ်းတိုက်ပွဲ #ဒကစ #စက္ကန့်ရွာ #တိုက်ပွဲ #ကလေးသတင်း #ကလေးမြို့တိုက်ပွဲ #တိုက်ပွဲသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10