စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အဓမ္မဖမ်းဆီးခံရ

စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အဓမ္မဖမ်းဆီးခံရ

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း စတဲ့ မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ဆိုပါတယ်။ 

ဧပြီလအစောပိုင်းက စတင်ကာ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြို့ရွာတွေမှာ လူစာရင်းကောက်ယူ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့ရဲ့ မြို့နယ်ပေါင်း ၂၀ က  လူငယ် ၉၀၀ ကျော် အဓမ္မဖမ်းဆီးခံခဲ့ရတာလို့ BACS ရဲ့  ‘စစ်ကောင်စီ၏စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း- အပတ်စဉ် ၂’ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

ဖမ်းဆီးခံရသူတွေထဲက လူငယ် ၈၀၀ ကျော်ဟာ စစ်ကိုင်းတိုင်းက မုံရွာ၊ ရေဦး၊ စစ်ကိုင်းမြို့နယ်၊   မကွေးတိုင်းက မကွေး၊ အောင်လံ၊ နတ်မောက်၊ ရေနံချောင်း၊ တောင်တွင်းနဲ့ မြို့သစ်မြို့နယ် နဲ့ ပဲခူးတိုင်း၊ ဒိုက်ဦး၊ ဖြူး၊ ပေါင်းတည်၊ အုတ်ဖို၊ မိုးညို၊ နတ်တလင်း၊ မင်းလှ၊ သာယာဝတီနဲ့ ပဲခူး စတဲ့မြို့နယ်တွေက ဖြစ်တယ်လို့ BACS က တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ပထမအကြိမ် စစ်မှုထမ်းစုဆောင်းကတည်းက လူငယ်တွေကို အတင်းအကျပ်ဖမ်းခေါ် တာတွေရှိခဲ့ပြီး  ယခုဒုတိယအကြိမ်စုဆောင်းရာမှာတော့ ပထမအကြိမ်ကထက် ပိုမိုဆိုးဝါးလာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ 

စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ စာရင်းအသွင်းခံထားရသူတွေအပါအဝင် လူငယ်အများစုဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတာကြောင့် အမှတ်စဥ် ၂ အတွက် စုဆောင်းရာမှာ လက်ဖက်ရည်ဆိုင်၊ စစ်ဆေးရေးဂိတ်မှာတွေ့တဲ့သူတွေနဲ့ လမ်းသွားလမ်းလာတွေကိုပါမချန် အဓမ္မဖမ်းဆီးတဲ့အထိ ဆိုးရွာလာတာလို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီအစီရင်ခံစာဟာ မြေလတ်အသံသတင်းဌာနအပါအဝင် မြန်မာသတင်းဌာန ၅၀ ကျော်ရဲ့ သတင်းတွေကို ကိုးကားဖော်ပြတာလို့ BACS ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာတော့ စစ်မှုထမ်းအပတ်စဉ် ၁ အတွက် ရည်မှန်းထားတဲ့ လူငယ်အယောက် ၅,၀၀၀ ဝန်းကျင်ကို ခေါ်ယူသင်တန်းပေးနိုင်ခဲ့ပြီး မေ ၁၅ ရက်မှာ အပတ်စဉ် ၂ အတွက် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဖွင့်ပွဲလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပုံစာ - IPRD ဝဘ်ဆိုက်ပါ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)သို့တက်ရောက်ရန် မကွေးတိုင်း မင်းဘူးခရိုင်မှ စုဆောင်းခံထားရသူများကို ရှမ်းပြည်နယ်တောင်ပိုင်း အမှတ်(၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (ကျိုင်းတောင်း)သို့ ပို့ဆောင်နေစဥ်။  

#မြေလတ်ဒေသ 

#စစ်မှုထမ်းဥပဒေ #လူငယ် #အဓမ္မဖမ်းဆီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10