စစ်မှုထမ်းဥပဒေအောက် ကျွန်ခံမလား တော်လှန်မလား (သတင်းဆောင်းပါး)

စစ်မှုထမ်းဥပဒေအောက် ကျွန်ခံမလား တော်လှန်မလား (သတင်းဆောင်းပါး)

မြန်မာနိုင်ငံမှာ အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ကစပြီး စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်တာကြောင့် ရက်ပိုင်းအတွင်း မြို့ပြတွေမှာ အလုပ်လုပ်နေကြတဲ့ လူငယ် မြောက်များစွာဟာ စစ်မှုမထမ်းလိုတဲ့အတွက် တချို့က နယ်မြို့တွေ၊ ကျေးရွာတွေကို ပြန်ကြပြီး တချို့က တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်သွားကြပါတယ်။

မန္တလေးမြို့ပေါ်မှာ အလုပ်လုပ်နေတဲ့ မနွဲ့တို့လင်မယားဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကျင့်သုံးပြီ ဖြစ်ကြောင်း ကြေညာချက်ကို ကြားတဲ့အခါ ရွှေဘိုမြို့နယ်ထဲက သူတို့မိဘဆွေမျိုးတွေနေထိုင်ရာ ကျေးရွာကို ပြန်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ 

တအာင်း(TNLA)၊ ကိုးကန့်(MDAA)၊ ရက္ခိုင်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ နောက်လိုက် စစ်သားတွေဟာ အသေအဆုံးများပြီး အင်အားဖြုန်းတီးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့တာပါ။ 

အထူးသဖြင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီရဲ့ တပ်သားတွေဟာ အသေအဆုံး များနေတာပါ။

ဒီလိုယုတ်လျော့လာတဲ့ အင်အားကိုဖြည့်တင်းဖို့ စစ်ကောင်စီဟာ ပျူစောထီး၊ ပြည်သူ့စစ်တွေကို အတင်းအဓမ္မ စုဆောင်းတာတွေလုပ်သလို စစ်မှုထမ်းဟောင်းတွေကိုပါ စစ်သင်တန်းပေး လက်နက်တပ်ဆင်ဖို့ ကြိုးစားနေတာပါ။ 

အဲဒီတဆက်တည်းမှာပဲ ၂၀၁၀ တုန်းကပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဒီနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေမှာ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၂၇ နှစ်၊ အမျိုးသားဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပြီး အသက်မွေးဝမ်း ကျောင်းအတတ် ပညာတခုခု တတ်မြောက်တဲ့ ပညာရှင်ဖြစ်ပါက အမျိုးသမီးဆိုရင် အသက် ၃၅ နှစ်၊ အမျိုးသားဆိုရင် အသက် ၄၅ နှစ်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ 

မနွဲ့ဟာ အသက် ၃၇ နှစ်ဖြစ်တာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရပေမယ့် အမျိုးသား ဖြစ်သူက အသက် ၃၄ နှစ်ပဲရှိသေးတာကြောင့် အခုလို နယ်ပြန်ဖို့ဆုံးဖြတ်လိုက်ရတာလို့ မနွဲ့က ပြော ပါတယ်။ 

"စစ်တပ်ထဲတော့ ဘယ်နည်းနဲ့မှ မလိုက်ဘူး" လို့ သူက မာမာထန်ထန်ပဲ ပြောပါတယ်။ 

သူတို့လင်မယား ၂ ယောက်ပြန်ဖို့ဆုံးဖြတ်ထားတဲ့ ရွှေဘိုမြို့နယ်ထဲက သူတို့ကျေးရွာဟာ ၂၀၂၁ ကတည်းက စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးထားလို့ တရွာလုံးနီးပါးပြာပုံဖြစ်နေတဲ့ ကျေးရွာပါ။ 

ကျေးရွာမှာ ဘယ်လိုအခြေအနေဖြစ်စေ မနွဲ့ကတော့ ရွာမှာ ရရာအလုပ်လုပ်ပြီး ပြန်နေဖို့ကို ဆုံးဖြတ် ထားပြီးဖြစ်ပါတယ်။

သူတို့နေထိုင်တဲ့ကျေးရွာအပါအဝင် ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကသာ စိုးမိုးထားတာကြောင့် စစ်ကောင်စီရဲ့အာဏာသက်ရောက်မှု မရှိတဲ့အတွက် “ရွာတွေအထိတော့ စစ်တပ်က လိုက်မဆွဲနိုင်ဘူး” လို့ သူက ရှင်းပြပါတယ်။ 

တကယ်လို့ စစ်တပ်က စစ်ကြောင်းထိုးလာရင်လည်း ဘေးကင်းရာကို ရှောင်ပြေးပြီး စစ်ကြောင်းပြန် ထွက်သွားပါက ရွာထဲပြန်နေကြရုံပဲလို့ သူက ပြောပါတယ်။ 

တိုက်ပွဲတွေပြင်းထန်ရာ ယင်းမာပင်မြို့နယ်ကနေ မန္တလေးမြို့မှာ စစ်ရှောင်နေကြတဲ့ မအေးမြင့်တို့ သားအမိလည်း အခုအခါမှာတော့ နေရပ်ကို ပြန်ဖို့ စဉ်းစားနေရပါပြီ။ သူတို့ဟာ  ၂၀၂၂ ကတည်းက မန္တလေးမြို့ကို စစ်ရှောင်ဖို့ ရောက်လာကြတာပါ။  

စစ်မှုထမ်းဥပဒေထွက်လာတဲ့အခါ အသက် ၁၈ အရွယ်ဖြစ်တဲ့ သားဖြစ်သူအတွက် ပူပန်လာရတဲ့အတွက် သူတို့ နေထိုင်ရာ ယင်းမာပင်မြို့နယ်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

"ကားအဆင်သင့်နဲ့ ဆီအပြည့်အမြဲထည့်ထားတယ်။ တခုခုဆို ကားနဲ့တခါထဲ နယ်ပြန်မောင်းမယ်" လို့ နေရပ်ပြန်ဖို့ အဆင်သင့်ပြင်ထားတဲ့အခြေအနေကို မအေးမြင့်က ရှင်းပြပါတယ်။ 

မအေးမြင့်ရဲ့သားငယ်ကတော့ အသက် ၁၁ နှစ်သာရှိပြီး အတက်ရောဂါရှိသူဖြစ်လို့ စစ်မှုထမ်းဥပဒေရဲ့ ကင်းလွတ်ခွင့်ထဲပါနေသေးတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်မြို့နယ်ဟာလည်း စစ်ကောင်စီရဲ့ အာဏာသက်ရောက်မှုထက် ပြည်သူ့ကာကွယ်ရေးတပ်တွေကသာ နယ်မြေစိုးမိုးအုပ်ချုပ်ထားတဲ့နေရာတွေ ဖြစ်ပါတယ်။ 

စစ်မှုထမ်းဥပဒေကြောင့် မြို့ပေါ်မှာ အလုပ်လုပ်နေတဲ့ သားသမီးတွေကို စိတ်ပူနေကြလို့ အလုပ်က ထုတ်ပြီး ရွာပြန်ခေါ်နေကြတဲ့ မိဘတွေလည်းရှိနေကြပါတယ်။ 

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်မှာ မြို့မှာအလုပ်လုပ်နေတဲ့ လူငယ်တွေကို နယ်ကမိသားစုဝင် တွေက ပြန်ခေါ်တာတွေကြောင့် အလုပ်ထွက်သွားကြတဲ့ လူငယ်တွေလည်း အများအပြားရှိနေတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။ 

"တခုခုဖြစ်သွားရင် ကိုယ်လည်းဘာမှလုပ်မပေးနိုင်တော့ ပြန်ခေါ်တော့ ခွင့်ပြုလိုက်ရတာပေါ့။" လို့ သူက ပြောပါတယ်။  

သမီးဖြစ်သူကို ရန်ကုန်မြို့ကနေပြန်ခေါ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က မိခင်တဦးကလည်း "ရွာမှာအတူတူ စစ်ပြေးရတာက တော်သေးတယ်။ အခုကသူ့ ပူရ၊ ကိုယ့်ပူရနဲ့။ ရွာအထိတော့စစ်တပ်က လိုက်မဆွဲနိုင်ဘူး" လို့ ဆိုပါတယ်။ 

ဒီစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက် လူငယ်တချို့ PDF ထဲဝင်ကြတာရှိသလို တချို့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲဝင်ဖို့ ဆက်သွယ်လာတဲ့သူတွေ အများအပြားရှိတယ်လို့ စစ်ကိုင်းနဲ့ မကွေးတိုင်း အခြေစိုက်တဲ့တပ်ရင်း တပ်ဖွဲ့တွေက ဆိုပါတယ်။  

စစ်ကိုင်းတိုင်းထဲမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(Burma Liberation Democratic Front - BLDF)မှ စစ်ဒေသ (၁) စစ်ရေးတာဝန်ခံ ရဲဘော်ဂျွန်က စစ်မှုထမ်း ဥပဒေထွက်လာပြီး ၂ ရက်အတွင်းမှာပဲ BLDF တပ်သားသစ်လျှောက်ထားသူ ၂၀၀ အထိရှိလာတယ်လို့ ဆိုပါတယ်။ 

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Front - BLDF) တပ်ဖွဲ့ဝင်များ။
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Front - BLDF) တပ်ဖွဲ့ဝင်များ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ကြမယ့် လူငယ်တွေအနေနဲ့ စစ်တပ်ထဲဝင်တာဖြစ်တဲ့ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပင်ပန်းမှုဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ စိတ်ဓာတ်ကို ကြိုတင်ပြင်ဆင်လာသင့်တယ်လို့ ရဲဘော်ဂျိန်းက အကြံပြုပါတယ်။

“ရှိသမျှ မာန၊ အတ္တတွေ အကုန်ထားခဲ့ရမယ်။ စစ်သည်တော် ကျင့်ဝတ်တွေကို မြဲမြဲ လိုက်နာနိုင်ဖို့၊ အမိန့်ကို လိုက်နာနိုင်ဖို့ စိတ်တွေ ပြင်ဆင်လာသင့်တယ်။ စစ်သင်တန်းတွေကလည်း ကြမ်းတမ်းမယ်။ ခက်ခဲမယ် တိုက်ပွဲမှာ သေနိုင်တယ်။ အစားအသောက်အနေအထိုင်ချို့တဲ့မယ်။ ဒါတွေအားလုံးအတွက် စိတ်တွေ ကြိုတင်ပြင်ဆင်လာဖို့ မှာချင်ပါတယ်” လို့ ဖြည့်စွက်ပြောပါတယ်။ 

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Front - BLDF) တပ်ဖွဲ့ဝင်များ။
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Front - BLDF) တပ်ဖွဲ့ဝင်များ။

စစ်ကောင်စီရဲ့ ပြုန်းတီးနေတဲ့အင်အားကို ပြန်ဖြည့်တင်းဖို့ ပြဌာန်းလိုက်တဲ့ ဒီဥပဒေကို စစ်တပ်ထောက်ခံသူတွေကတော့ ထောက်ခံကြိုဆိုပွဲတွေ ပြုလုပ်နေကြပါတယ်။ 

အဲဒီထောက်ခံပွဲတွေကို မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီထောက်ခံသူတွေက ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြတာပါ။ 

တချို့ မြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်ရင်းတွေနဲ့ ဌာနဆိုင်ရာရုံးဝန်ထမ်းတွေကို ထောက်ခံပွဲနေရာကို မလိုက်မနေရ ခေါ်ဆောင်တာတွေလည်း ရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က ပြည်မြို့တွင် ပြည်သူ့စစ်မှုမထမ်းဥပဒေ ထောက်ခံပွဲပြုလုပ်နေစဉ်
ဖေဖော်ဝါရီ ၁၈ ရက်က ပြည်မြို့တွင် ပြည်သူ့စစ်မှုမထမ်းဥပဒေ ထောက်ခံပွဲပြုလုပ်နေစဉ်

ပြည်မြို့မှာဆိုရင် ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲကို တက်ရောက်ဖို့ ကျူးကျော်လို့သတ်မှတ်ခံထားရတဲ့ မြို့ခံတွေကို မလိုက်မနေရ ခြိမ်းခြောက်ခေါ်ခံရတာလို့ ကာယကံရှင်တွေက ပြောပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာ စစ်ကောင်စီကလည်း အပတ်စဥ် ၁ အတွက် အမျိုးသားတွေ စတင် ခေါ်ယူမယ့်အကြောင်း တပ်တွင်းသတင်းထုတ်ထားပြီး လူ ၅,၀၀၀ ကို ပထမဆုံးခေါ်ယူဖို့ စာရင်းတွေ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုတွေမှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီအနေနဲ့ တပ်သားသစ်ခေါ်ယူတဲ့ လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နေပြီး အပတ်စဉ် ၅ မှာ အမျိုးသမီးတွေကို စတင်ခေါ်ယူမှာဖြစ်တယ်လို့ တပ်တွင်းသတင်းအရင်းမြစ်တဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်မှာ ဘယ်လိုနည်းနဲ့မှ ဝင်ရောက်တာဝန်မထမ်းဆောင်လိုတဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ အလုပ်လုပ်နေတဲ့ မနွဲ့ကတော့ ရွှေဘိုမြို့နယ်က သူတို့နေထိုင်ရာ ကျေးရွာကိုပြန်ဖို့ အထုတ်အပိုးတွေ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ 

စစ်တပ်ရဲ့ တရွာလုံးနီးပါး မီးရှို့တာကို ခံထားရတဲ့ သူတို့ကျေးရွာကို ပြန်ရောက်တဲ့အခါ တဲတလုံးထိုးပြီး တခြားသူတွေနည်းတူ ဖြစ်သလို နေထိုင်စားသောက်သွားမယ်လို့လည်း သူက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အခုလို ပြောပါတယ်။

"စစ်တပ်လာရင် သူများတွေလို ပြေးလိုက်မယ်။ စစ်တပ်ပြန်သွားရင် ကိုယ့်နေရာကိုယ် ပြန်နေမယ်။ ဒီမှာ(မန္တလေး)ထက်တော့ ရွာက ပိုအဆင်ပြေမှာပါ"

#မြေလတ်အသံ

#ဆောင်းပါး #စစ်မှုထမ်းဥပဒေ #ပြည်သူလူထု #တော်လှန်ရေး #ရွေးချယ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10