စစ်သင်္ဘော ၉ စီးရဲ့ ဗန်းမော်ခရီး  (ဆောင်းပါး)

စစ်သင်္ဘော ၉ စီးရဲ့ ဗန်းမော်ခရီး  (ဆောင်းပါး)

မန္တလေးကနေ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောစီးသွားမယ်ဆိုရင် ၂ ညအိပ် ၃ ရက် ခရီးပါ။ အသွားအပြန်ဆိုရင် ၇ ရက်အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေး စစ်အတွင်း ကာလမှာတော့ စစ်ကောင်စီရဲ့ သင်္ဘောတွေဟာ မန္တလေးကနေ ဗန်းမော် ကိုရောက်ဖို့  ၂၃ ရက်အထိ ကြာမြင့်ခဲ့ပါတယ်။ 

ဒီသင်္ဘော ၉ စီးရဲ့ ခရီးစဉ်တလျှောက် မြစ်ကမ်းဘေးနေထိုင်ကြတဲ့ ကလေးငယ်တဦး အပါအဝင် ဒေသခံ ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ် ရာရခဲ့ပါတယ်။ ဒါ့အပြင် အဖမ်းခံရတဲ့ ဒေသခံပြည်သူ ၅၀ နီးပါးရှိခဲ့ပြီး ၅ ဦးကတော့ ပျောက်ဆုံးနေပါတယ်။ 

ရက်ပေါင်း ၂၀ ကျော်ကြာ မန္တလေးကနေ ဗန်းမော်ကို ခရီးဆက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဒီသင်္ဘောတွေ နောက်ကို ခြေရာကောက်ကြည့်ကြရအောင်ပါ။ 

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်ကို စစ်သားအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ဖြည့်တင်းဖို့ စစ်ကောင်စီရဲ့ သင်္ဘော ၉ စီးဟာ ဇူလိုင် ၂၆ ရက် မနက် ၆ နာရီမှာ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာပြီး ဗန်းမော်ကို ဦးတည် ဆန်တက်ခဲ့ပါတယ်။ 

မန္တလေးခရိုင်တပ်ရင်း ၄ က ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက စစ်ကောင်စီဟာ တပြိုင်နက်တည်းမှာ အခုလို သင်္ဘောအရေအတွက်များများနဲ့ ဗန်းမော်ကို ဆန်တက်လေ့မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ဒီသင်္ဘောတွေပေါ်မှာ စစ်ကောင်စီတပ်သား ၂၀၀ ကျော် လိုက်ပါလာပြီး သင်္ဘော ၉ စီး အနက် ၃ စီးဟာ လုံခြုံရေးအဖြစ်လိုက်ပါတဲ့ စစ်သင်္ဘောတွေဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ သင်္ဘောတွေ ဧရာဝတီမြစ်အတိုင်း အခုလိုအင်အားတောင့်တောင့်နဲ့ အုပ်စုလိုက် ဆန်တက်လာတဲ့ သတင်းကို ကြားရတဲ့အခါ မြစ်ကြောင်း တလျှောက်ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်ကြရပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဒီသင်္ဘောတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ကြပါတယ်။

စစ်ကောင်စီဟာ လူအင်အား၊ လက်နက်နဲ့ ရိက္ခာတွေတင်ပြီး ချီတက်လာတဲ့ ဒီသင်္ဘောတွေကို မြစ်ကြောင်းထဲကနေ လုံခြုံရေးပေးရုံသာမက ကုန်းပေါ်ကနေလည်း မြစ်‌ရိုးတလျှောက်က ရွာတွေကို စစ်ကြောင်းထိုးပြီး သင်္ဘောတွေခရီးဆက်နိုင်ဖို့ ကာကွယ်ပေးခဲ့ပါတယ်။ 

 

မြစ်ရိုးတလျှောက်က လူတွေကို ရန်ပြုသွား

သင်္ဘောတွေ စမထွက်ခင်ကတည်းကကို မြစ်ကမ်းဘေးရွာတွေကို စစ်ကြောင်းထိုးတာကြောင့် သေဆုံးခဲ့သူတချို့နဲ့ ထွက်ပြေးရတဲ့သူတွေအများအပြား ရှိခဲ့ကြပါတယ်။ 

ဇူလိုင် ၂၄ ရက် ညနေ ၅ နာရီလောက်မှာ မြစ်ကြောင်းလုံခြုံရေးပေးဖို့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာကို စစ်ကောင်စီဟာ အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးခဲ့ပါတယ်။ 

စစ်ကြောင်းဟာ ညောင်အုပ်ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာသား ၃ ဦးကို ပစ်သတ်ခဲ့ ကာ ကျေးရွာမှာ တပ်စွဲခဲ့ပါတယ်။ 

အဲ့ဒီစစ်ကြောင်းကြောင့် ဧရာဝတီမြစ်ကမ်းနားက ကျေးရွာတွေဖြစ်တဲ့ ညောင်အုပ်၊ နတ်ကြီးစင်၊ မြွေပုံကန်အရှေ့၊ မြွေပုံကန်တောင်၊ ကောက်ရိုးပုံ စတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

အလားတူ ဇူလိုင် ၂၄ ရက်မှာပဲ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကလည်း မတ္တရာမြို့နယ် အနောက်ခြမ်း ဟင်္သာရွာသစ်ဘက်ကို ရွှေ့ပြီး သင်္ဘောတွေကို လုံခြုံရေးယူထားပေးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

သင်္ဘောတွေဟာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ ဂေါဝန် ဆိပ်ကမ်းကနေ စထွက်ခွာလာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်နေရင်း ရေမိုင် ၁၀ မိုင်လောက် အကွာအရောက်မှာပဲ မြစ်ကမ်းဘေးက ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် လူတွေဒဏ်ရာရခဲ့ကြပါတယ်။

ဒီသင်္ဘောတွေဟာ မင်းကွန်းမှာ တထောက်နားပြီး  မွန်းလွဲ ၁ နာရီကျော် မတ္တရာမြို့နယ်ထဲအရောက် တိုက်ပွဲဖြစ်တာမရှိဘဲ ရွာတွေထဲကို လက်နက်တွေနဲ့ လှမ်းပစ်လို့ သားအမိ ၂ ဦိး ဒဏ်ရာရခဲ့တာပါ။ 

စစ်ကောင်စီတပ်ရဲ့ သင်္ဘောတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တာမရှိဘဲ စိန်ပန်းကုန်းကျေးရွာကို သင်္ဘောတွေက ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေလည်း ထွက်ပြေးခဲ့ကြရပါတယ်။ 

ဒဏ်ရာရရှိခဲ့တဲ့ သားအမိဟာ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ စိန်ပန်းကုန်းကျေးရွာက အသက် ၄ နှစ် အရွယ် တရုတ်ကြီးနဲ့ အသက် ၄၀ အရွယ် ဒေါ်မာလာတို့ ဖြစ်ကြပါတယ်။

“ရှေ့ပြေးသင်္ဘောက စက်လတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကျည်ထိသွားတာ" လို့ မတ္တရာမြို့နယ်က ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

 

ဧရာဝတီမြစ်ကြောင်းတလျှောက် တိုက်ပွဲတွေ

ဇူလိုင် ၂၆ ရက်ကထွက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေဟာ စဉ့်ကူးမြို့နယ်၊ ဆည်သည်ကျေးရွာမှာ ညအိပ်ရပ်နားပြီး ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာတော့ ဆက်လက်ခရီးဆက်ခဲ့ပါတယ်။

မွန်းလွဲ ၁ နာရီကျော် ကျောက်မြောင်းမြို့အထက်နားရောက်မှာတော့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာတွေကို ခံခဲ့ရပါတယ်။  

ခင်ဦးမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ကျောက်မြောင်းမြို့နယ်တဝိုက် အခြေပြု လှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။ 

အပြန်အလှန်ပစ်ခတ်တာတွေဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ကြီးလက်နက်ငယ် တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သင်္ဘော ၂ စီး စက်ရပ်သွားခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

စက်ရပ်သွားတဲ့သင်္ဘော ၂ စီးကို ကျန်သင်္ဘောတွေက ကူတွဲခေါ်ကာ သပိတ်ကျင်းမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်လိုက်ကြပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့အဆိုအရတော့ တိုက်ခိုက်မှုမှာ ဒဏ်ရာရသွားတဲ့ စစ်ကောင်စီ တပ်သားတချို့ကို သပိတ်ကျင်းမြို့ ဆေးရုံမှာ ဆေးကုသမှုခံယူရတာနဲ့ စက်ပျက်သွားတဲ့သင်္ဘောတွေကို ပြင်ဆင်ရတာကြောင့် ရှေ့မဆက်တော့ဘဲ သပိတ်ကျင်းမြို့မှာ ရပ်နားလိုက်ရတာလို့ ဆိုပါတယ်။ 

သင်္ဘောတွေ သပိတ်ကျင်းဆိပ်ကမ်းမှာ ရပ်နားထားတဲ့အချိန်မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တနာရီကျော်လောက် သွားရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့ခေါင်းဆောင် Zero One က ပြောပါတယ်။ 

"ဖရဲသီးပြောပြချက်အရ အရာရှိတဦးက ဝမ်းဗိုက်ပေါက်ပြီး သေတယ်။ တပ်သား ၃ ယောက်ကတော့ ဆေးရုံမှာ သေတယ်" လို့ Zero One က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ် ပကဖ (ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ Nine PDF တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့၊ ခင်ဦးတပ်ရင်း ၃၊ KB ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒေသကာကွယ်ရေးတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်တာ ခံနေရတဲ့ ဒီသင်္ဘော ၉ စီးဟာ ဇူလိုင် ၃၀ ရက်မှာ သပိတ်ကျင်းဆိပ်ကနေ ဆက်လက်ထွက်ခွာခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက် မနက်မှာတော့ တကောင်း မြို့နယ်ထဲကို ရောက်ရှိလာကာ တကောင်းမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ပါတယ်။ 

အဲ့ဒီနောက် တကောင်းဆိပ်ကမ်းက ထွက်ခွာလာပြီး ထီးချိုင့်မြို့နယ်ထဲကို ဖြတ်သန်းတဲ့ ဩဂုတ် ၃ ရက်မှာလည်း စင်္ကြာကျွန်းနဲ့ ကန်းနီဝဲကြီးကျွန်းအနီးမှာ ထီးချိုင့်မြို့နယ်တပ်ရင်း (၃)နဲ့ ဒေသကာ ကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ စောင့်ကြိုပစ်ခတ်ရာ သင်္ဘောတစီးထိမှန် ပျက်စီးခဲ့ပါတယ်။ 

 

မြစ်ကမ်းဘေးရွာက ဓားစာခံပြည်သူတွေ

တကောင်းမြို့ဆိပ်ကမ်းကနေ ဆက်ထွက်လာတဲ့သင်္ဘော ၉ စီးကို လုံခြုံရေးပေးဖို့ စစ်ကောင်စီ စစ်ကြောင်းဟာ ထီးချိုင့်မြို့နယ် မြစ်ကမ်းဘေးက ကျေးရွာတွေကို ဩဂုတ် ၅ ရက်မှာ ဝင်ရောက်ခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ပစ်ခဲ့ကြပါတယ်။ 

ဒီလိုဖမ်းဆီးခဲ့ရာမှာ ကလုန်ကျေးရွာက ဒေသခံ ၁၅ ယောက်၊ နတ်အင်းကျေးရွာက ဒေသခံ ၁၇ ယောက် စုစုပေါင်း ၃၂ ယောက်ကို ဖမ်းဆီးသွားပြီး အဲ့ဒီအထဲက ၅ ယောက်ကို သတ်ပစ်ခဲ့တာပါ။ 

နောက်တနေ့ ဩဂုတ် ၆ ရက်မှာတော့ အသတ်ခံရသူ ၅ ယောက်ရဲ့ အလောင်းကို ထီးချိုင့်မြို့ အနောက်တောင်ရိုးပေါ်မှာ တွေ့ခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ဆိုပါတယ်။

အသတ်မခံရတဲ့ ကျန်ဖမ်းဆီးခံပြည်သူ ၂၇ ဦးကိုတော့ စစ်ကောင်စီတပ်က တကောင်းမြို့နယ်ထဲက နီကယ်စက်ရုံကို ခေါ်သွားပြီး အဲ့ဒီထဲက ၁၀ ဦးကို သေနတ်ဖြုတ်တပ်လုပ်နည်းတွေ ‌ သင်ပေးခဲ့ တယ်လို့ ဖမ်းဆီးခံခဲ့ရပြီး ရက် ၂၀ ခန့်မှာ ပြန်လည်လွတ်မြောက်လာတဲ့ နတ်အင်းရွာသားတဦးက ပြောပါတယ်။

“တကောင်းကနေ ထီးချိုင့်ဘက်ကိုလာတဲ့လမ်းမှာ တိုက်ပွဲတွေဖြစ်တဲ့အချိန်ကျရင် အဲ့ဒီလူတွေကို သေနတ်ပေးကိုင်တယ်။ တိုက်ပွဲကတော ကြီးကြီးမားမားမဖြစ်ခဲ့ဘူး” လို့ သူက ဆက်ပြောပါတယ်။ 

အဲ့ဒီအဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူတွေကို ဩဂုတ် ၂၂ ရက်မှာ တကြိမ်၊ ၂၅ ရက်မှာ တကြိမ်နဲ့ ၃၀ ရက်မှာ တကြိမ် သုံးကြိမ်ခွဲကာ စုစုပေါင်း ၂၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ 

အဲ့ဒီအထဲက နတ်အင်းကျေးရွာက ဒေသခံ ၃ ဦးနဲ့ ကလုန်ကျေးရွာက ဒေသခံ ၂ ဦးဟာ ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာ ပြန်ပါမလာဘဲ စစ်တပ်လက်ထဲမှာပဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

"နောက်ဆုံးလွတ်လာတဲ့သူတွေရဲ့စကားအရ စစ်ကြောင်းထဲမှာလည်း အဖမ်းခံထားရတဲ့သူတွေလည်း မရှိတော့ဘူးလို့ ပြောတယ်။ လမ်းမှာပဲသေလား။ ထွက်ပြေးလာကြလား မသိဘူး။ အခုထိ အိမ်ပြန် မရောက်လာသေးဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ သင်္ဘော ၉ စီးဟာ ဩဂုတ် ၃ ရက် ကသာမြို့နယ်ထဲ ရောက်လာတဲ့အခါမှာလည်း သင်္ဘောပေါ်ကနေပြီး ကမ်းနားက ကျေးရွာတွေကို လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပါသေးတယ်။ 

စစ်ကောင်စီရဲ့ သင်္ဘောတွေ မြစ်ကြောင်းအတိုင်းဆန်တက်လာတာကြောင့် ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဦးစောကျွန်းကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ ကြပါတယ်။ ဒါပေမဲ့ သင်္ဘောက ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဒေသခံတွေ ပုန်းခိုနေတဲ့အနားကို ကျရောက်ခဲ့တာကြောင့် မိသားစုနဲ့အတူ ပုန်းခိုနေတဲ့ အသက် ၁၀ အရွယ် မဝါဆိုမိုးဦး ထိမှန်သေဆုံးသွားခဲ့ပါတယ်။ 

 

ရွှေကူမြို့မှာ အထိနာတဲ့ စစ်ကောင်စီသင်္ဘောတွေ

စစ်ကောင်စီရဲ့ သင်္ဘောတွေဟာ ရွှေကူမြို့ဆိပ်ကမ်းကို ဩဂုတ် ၇ ရက်မှာ ဆိုက်ကပ်ခဲ့ကြပါတယ်။ အဲ့ဒီလို သင်္ဘောဆိုက်ကပ်ထားတဲ့အချိန်မှာ ရွှေကူမြို့ တဖက်ကမ်းက ဆင်တပ်ကျေးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးပြီး လူနေအိမ်တွေ၊ ဈေးဆိုင်တွေက ပစ္စည်းတွေကို ယူဆောင်ပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့ပါသေးတယ်။ 

"ဆင်တပ်ရွာကို သင်္ဘောတွေပေါ်ကနေဆင်းလာပြီး စျေးဆိုင်တွေက ပစ္စည်းတွေသယ်တယ်။ မိတဲ့ဒေသခံ အမျိုးသားတွေလည်း ခေါ်သွားတယ်။ ယောကျာ်းလေးဆို မိသမျှအကုန်ခေါ်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေဟာ ဩဂုတ် ၁၁ ရက်မှာ ဗန်းမော်ကို ထွက်လာတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ဗန်းမော်မြို့ပေါ်မှာ ဈေးဆိုင်ခန်းတွေ ပိတ်ထားပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီသင်္ဘောတွေဟာ အဲဒီနေ့ကမထွက်ဘဲ နောက်လေးရက်အကြာ ဩဂုတ် ၁၅ ရက်မှ ရွှေကူမြို့ဆိပ်ကမ်းက ထွက်ခွာခဲ့ကြရာ ရွှေကူမြို့အကျော် ကျွန်းတော်ရွာအရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတွေဟာ နောက်ကြောင်းပြန်ပြီး ရွှေကူဆိပ်ကမ်းကို ပြန်ကပ်ခဲ့ကြရပါသေးတယ်။

နောက်တနေ့ ဩဂုတ် ၁၆ ရက် မနက် ၇ နာရီမှာ သင်္ဘောတွေဟာ ဗန်းမော်မြို့ကို ထပ်မံဆန်တက်ခဲ့ ကြပြန်ပါတယ်။ 

ဒီလိုဆန်တက်လာရင်း ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်းအရောက်မှာတော့ မြို့လှ  K-PDF တပ်ရင်း၊ တပ်ခွဲ ၂ က အဲ့ဒီသင်္ဘော ၉ စီးကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့  မြစ်ကမ်းစပ်ကနေ တိုက်ခိုက်ခဲ့ပါတယ်။ 

မြို့လှ K-PDF တပ်ရင်း၊ တပ်ခွဲ ၂ ရဲ့ ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းမှာ တဖက်ကမ်းကနေ ပစ်ခတ်လိုက်တဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးဟာ မြစ်ရေပြင်ပေါ်ကနေ ရှပ်တိုက်သွားပြီး အဖြူရောင် ၂ ထပ်သင်္ဘောတစီးရဲ့ အလယ်တည့်တည့်ကို ထိမှန်သွားခဲ့ပါတယ်။ 

သင်္ဘောကို ထိမှန်ပေါက်ကွဲသံ ထွက်ပေါ်ပြီးတဲ့နောက် သေနတ်ပစ်သံတွေဟာ ဆက်တိုက်ဆိုသလို တရစပ်ပစ်ခတ်ပါတော့တယ်။ 

လက်နက်ကြီးထိမှန်သွားတဲ့သင်္ဘောဟာ မြစ်ကိုဆက်လက်ဆန်တက်သွားပေမယ့် အရှိန်လျော့သွားတာကို ဒီရုပ်သံမှတ်တမ်းထဲမှာ တွေ့ရပါတယ်။ 

မြို့လှ K-PDF တပ်ရင်း ထုတ်ပြန်ချက်မှာတော့ အဲ့ဒီသင်္ဘောကို ရှော့တိုက်ဒုံးထိမှန်ခဲ့သလို နောက်ထပ် သင်္ဘောတစီးကိုလည်း ရှော့တိုက်ဒုံး ၂ လုံး ထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

အပစ်ခံလိုက်ရတဲ့သင်္ဘော ၂ စီးဟာ နောင်မိုရွာအထက်နားမှာ အချိန်တော်တော်ကြာရပ်နားပြီး တခြားသင်္ဘောတွေနဲ့တွဲကာ စင်းခန်းရွာအထိ ဆက်လက်ဆန်တက်သွားပါတယ်။ 

စင်းခန်းကို ညနေ ၄ နာရီခွဲလောက်မှာ ကမ်းကပ်ပြီး အဲ့ဒီမှာပဲ သင်္ဘောတွေ ညအိပ်ရပ်နားလိုက်ကြတယ်လို့ မြို့လှ K-PDF တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲ့ဒီနေ့မှာပဲ ကုန်းပေါ်ကနေ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြစ်ကမ်းဘေးမှာရှိတဲ့ နောင်မိုရွာနဲ့ စင်းခန်းရွာကြားက ဇင်းဘုံရွာကို ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ခဲ့ပါသေးတယ်။ 

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဇူလိုင် ၂၆ ရက်က ထွက်လာတဲ့ စစ်ကောင်စီသင်္ဘော ၉ စီးဟာ ဩဂုတ် ၁၇ ရက်မှာတော့ ဗန်းမော်မြို့သို့ ဆိုက်ရောက်ခဲ့ပါတယ်။ သင်္ဘော ၉ စီးရဲ့ မန္တလေး-ဗန်းမော် ခရီးဟာ ၂၃ ရက် ကြာမြင့်ခဲ့ပါတယ်။ 

သင်္ဘောတွေ ဗန်းမော်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့အချိန်မှာလည်း လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အနီးနားဝန်းကျင်က လူဦးရေ ၇,၀၀၀ နီးပါးရှိတဲ့ မြလယ်ကျေးရွာနဲ့ လူဦးရေ ၂,၀၀၀ နီးပါးရှိတဲ့ ကောင်းတုံကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လူနေအိမ် မီးရှို့တာတွေ လုပ်ခဲ့ကြပါသေးတယ်။ 

ဩဂုတ် ၂၅ ရက်မှာတော့ ဒီသင်္ဘော ၉ စီးဟာ အနီးနားဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမြို့ကို ပြန်လည် စုန်ဆင်းလာခဲ့ပါတော့တယ်။ 

ပြန်စုန်ဆင်းလာတဲ့သင်္ဘောမှာ ဆရာဝန်တွေအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၅၀ ဝန်းကျင် လိုက်ပါလာပြီး ဩဂုတ် ၂၉ ရက်မှာ မန္တလေးမြို့သို့ ဆိုက်ရောက်ခဲ့တယ်လို့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ကောင်စီ #စစ်သင်္ဘော #မန္တလေး_ဗန်းမော် #ဧရာဝတီမြစ် #လက်နက်ရိက္ခာ #ခရီးစဉ် #တိုက်ပွဲ #ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10