ဇူလိုင် ၁၃၆

ဇူလိုင် ၁၃၆

အထက်ပါ ကိန်းဂဏန်းဟာ ဇူလိုင်လအတွင်း အညာဒေသမှာ သေဆုံးခဲ့ရတဲ့ ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်စုစုပေါင်းရဲ့ စာရင်းဖြစ်ပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ဇူလိုင်လ တလတည်းမှာတင် သေဆုံးခဲ့ရတဲ့ အရေအတွက်ပါ။ မြေလတ်အသံသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းထားတာသာဖြစ်ပြီး တကယ်တမ်း မြေပြင်အရေအတွက်ဟာ အခုဖော်ပြထားတဲ့ ကိန်းဂဏန်းထက်လည်း ပိုများနိုင်ပါသေးတယ်။ ဒီလူဦးရေ ၁၃၆ ဦးထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးတပ်ဖွဲ့ဝင် သေဆုံးစာရင်းကို ထည့်သွင်း ထားခြင်း မရှိပါဘူး။ 

ဇူလိုင်လအတွင်း သေဆုံးခဲ့ရတဲ့ စာရင်းတွေကို ကြည့်မယ်ဆိုရင် ကလေး ၉ ဦး၊ အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၇၄ ဦး၊ PDF နဲ့ ပကဖ တပ်ဖွဲ့ဝင် ရဲဘော် ၃၆ ဦး၊ ဘုတလင်မြို့က ဗကသကျောင်းသား ၃ ဦးတို့ ဖြစ်ပါတယ်။ 

သေဆုံးခဲ့ရတဲ့ကလေးငယ် ၉ ဦးအနက် အသက်အငယ်ဆုံးက ၂ နှစ်အရွယ် မိန်းကလေးပါ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီက ပတ္တာဆိပ်ကမ်းကနေ မအူကျေးရွာဘက်ကို ဇူလိုင် ၁ ရက်မှာ ၆၀ မမ ၆ လုံးနဲ့ပစ်ခတ်လိုက်ရာ ပေါက်အူကျေးရွာက နေအိမ်ထဲမှာဆော့နေတဲ့ အသက် ၂ နှစ်အရွယ် မနှင်းရွှေရည်လင်းကို ထိမှန်ခဲ့တာပါ။

မနှင်းရွှေရည်လင်းအပါအဝင် ကလေး ၅ ဦးဟာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ကြတာဖြစ်ပြီး ကျန် ၄ ဦးကတော့ လူကြီးတွေနဲ့အတူ အဖမ်းခံရစဉ်မှာ အသတ်ခံလိုက်ရတာပါ။ 

ဇူလိုင်လအတွင်းမှာ ဒေသခံပြည်သူသေဆုံးမှု အများဆုံးဖြစ်စဉ်တွေကတော့ အရာတော်မြို့နယ်က ငွေတွင်းကြီးကျေးရွာ၊ ယင်းမပင်မြို့နယ်က စုန်းချောင်းရွာနဲ့ ဝက်လက်မြို့နယ်က သမ္မာရိုးကျေးရွာ အသတ်ခံရမှုတွေပဲ ဖြစ်ပါတယ်။

အရာတော်မြို့နယ်ထဲက ငွေတွင်းကျေးရွာဟာ ပျူစောထီးကျေးရွာတခုပါ။ လူနေအိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး စစ်ကောင်စီက တပ်စွဲထားတာ ၂ နှစ် နီးပါးရှိပါပြီ။ ဇူလိုင် ၅ ရက်မှာတော့ ကျေးရွာအရှေ့ဘက်က ဘုန်းကြီးကျောင်းမှာ ဒေသခံ ၁၅ ဦး အသတ်ခံလိုက်ရပါတယ်။ အသတ်ခံလိုက်ရတဲ့သူတွေဟာ လက်ပြန်ကြိုးတုတ် ဖမ်းဆီးခံရပြီးမှ အသတ်ခံလိုက်ရတာပါ။ 

အဲဒီအသတ်ခံရမှုကို စစ်ကောင်စီဘက်က PDF တွေ သတ်ဖြတ်သွားတာလို့ စွပ်စွဲထားပြီး PDF တပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီက သူတို့ဖမ်းဆီးထားတဲ့သူတွေကို သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အရွယ်မရောက်သေးတဲ့ ကလေး ၄ ဦးအပါအဝင် ဒေသခံပြည်သူ ၁၅ ဦးကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

နောက်ထပ် အစုလိုက်အပြုံလိုက်အသတ်ခံရမှုကတော့ ယင်းမာပင်မြို့နယ်ထဲက စုန်းချောင်းရွာသားတွေ အသတ်ခံရမှုပဲဖြစ်ပါတယ်။ ဇူလိုင် ၂၁ ရက် မနက် ၂ နာရီ နေမထွက်ခင်မှာ စစ်ကောင်စီတပ်သားတွေဟာ စုန်းချောင်းကျေးရွာထဲကို တိတ်တဆိတ်ဝင်ရောက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးနဲ့ သာမန်အရပ် သား ၈ ဦး စုစုပေါင်း ၁၄ ဦးကို ပစ်ခတ်ဖမ်းဆီးပြီးနောက် အားလုံးကို သတ်ပစ်လိုက်တာဖြစ်ပါတယ်။

နောက်ထပ်သေဆုံးမှုဖြစ်စဉ်ကတော့ ဝက်လက်မြို့နယ်ထဲက သမ္မာရိုးကျေးရွာမှာ အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်ပါ။ အဲဒီဖြစ်စဉ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက မနက်စောစော နေမထွက်ခင်မှာ သမ္မာရိုးကျေးရွာကို ဝင်ရောက်လာပြီး အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦးကို သတ်သွားခဲ့တာပါ။

သေဆုံးခဲ့ရသူတွေထဲမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးဟာ သမ္မာရိုးကျေးရွာကနေ တခြားကျေးရွာမှာ ဈေးသွားရောင်းဖို့ ရွာကထွက်လာတဲ့အချိန်မှာ ပစ်သတ်ခံလိုက်ရတာပါ။ 

ဇူလိုင်လထဲမှာ ကျဆုံးခဲ့တဲ့ PDF နဲ့ ပကဖ တပ်ဖွဲ့ဝင် ရဲဘော် ၃၆ ဦးကတော့ စစ်ကိုင်းတိုက်ပွဲ၊ အရာတော်တိုက်ပွဲ၊ ချောင်းဦးတိုက်ပွဲ၊ ယင်းမာပင်တိုက်ပွဲ စတဲ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့တာဖြစ်သလို မိုင်းထောင်ရင်း မတော်တဆမှုဖြစ်တာ၊ မိုင်းထောင်သွားရင်း စစ်တပ်ကင်းပုန်းနဲ့ ထိပ်တိုက်တိုးမိတာ၊ လမ်းမှာ ဖမ်းဆီးမိပြီး သတ်ဖြတ်ခံရတာ စတဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်ပါတယ်။  

ဒါပေမဲ့ ဇူလိုင်လမှာ ကျဆုံးခဲ့တဲ့ PDF နဲ့ ပကဖ အရေအတွက်ဟာ အရင်ဇွန်လမှာ ကျဆုံးခဲ့တဲ့ အရေအတွက်ထက် တဝက်လောက်လျော့နည်းသွားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကဆိုရင် အညာဒေသမှာ ကျဆုံးခဲ့တဲ့ PDF နဲ့ ပကဖ ရဲဘော်စုစုပေါင်းဟာ ၆၀ ကျော်ကျဆုံးခဲ့တာပါ။

ဇူလိုင်လထဲမှာ နောက်ထပ်အသက်ပေးလိုက်ရတဲ့ လူငယ်တွေကတော့ ဘုတလင်မြို့နယ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ၊ ဒုဥက္ကဌ နဲ့ အတွင်းရေးမှူး ၃ ဦးပါ။ အဖွဲ့ချုပ်ရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းတဲ့အခါ အဲဒီလူငယ် ၃ ဦး သတ်ဖြတ်ခဲ့တာပါ။ 

သမ္မတဖြစ်ခွင့်မရတဲ့ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးနဲ့ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် အများစုမှ တိုက်ပွဲတွေဖြစ်ပြီး သာမန်အရပ်သူ၊ အရပ်သားပြည်သူတွေနဲ့ လက်နက်ကိုင် တော်လှန်ရေးသမားတွေဟာ နေ့စဉ်လိုလိုအသက်ပေးနေရတာပါ။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဩဂုတ်လ ၁ ရက် ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဒီနေ့ (သြဂုတ် ၃) အထိ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားရင်း ကျဆုံးခဲ့ရသူ စုစုပေါင်းဟာ ၃,၈၆၁ ဦး ရှိသွားပြီလို့ ထုတ်ပြန်ထားပါတယ်။ 

ကျဆုံးခဲ့ရသူအများစုဟာလည်း ဖမ်းဆီးနှိပ်စက်ခံရပြီးမှ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံရတာ၊ ခေါင်းဖြတ် သတ်ခံရတာ၊ ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်း လို လေကြောင်းကနေ တိုက်ခိုက်ခံရပြီး ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာတွေက အများစုပါ။ 

အဲဒီလိုဆိုးရွားရက်စက်တဲ့ လူသတ်မှုပေါင်းများစွာကို ကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တဆူကို တည်ပြီး ဘုရားဒယကာ သူတော်ကောင်းဘွဲ့ကို ခံယူလို့နေပါတယ်။ တိုင်းပြည်မှာ သွေးထွက်သံယိုမှုတွေနဲ့ဒုက္ခပင်လယ်ဝေနေပြီး ဆင်းရဲတွင်းနက်နေတဲ့အချိန် အမေရိကန်ဒေါ်လာသန်း ၄၀ အကုန်အကျခံပြီး အဲဒီဘုရားကို တည်ထားခဲ့တာပါ။ တနည်းအားဖြင့် လူတကာ မသဒ္ဓါတဲ့ လူသတ်သမားတည်တဲ့ ဘုရားပါ။

မင်းအောင်လှိုင်က တိုင်းပြည်မှာ ပြည်သူတွေ ဘယ်လောက်သေသေ သူ့အာဏာတည်မြဲဖို့ကလွှဲရင် ဘာတခုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ လာတော့မယ့် မနက်ဖြန်တွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့် တိုင်းပြည်အတွင်းမှာ လူတွေ ဘယ်လောက်ထပ်သေဦးမလဲ။ 

ပြီးတော့ မကွေး၊ စစ်ကိုင်း အညာဒေသမှာရော လာမယ့်လမှာ လူ့အသက်တွေ ဘယ်လောက်အထိ သေပေးရဦးမှာလဲ။

#မြေလတ်အသံ 

#ဆောင်းပါး #သတင်းဆောင်းပါး #အညာဒေသ #စစ်ကောင်စီ #PDF #အရပ်သား #အစုလိုက်အပြုံလိုက် #သေဆုံးမှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10