တော်လှန်ရေးလမ်းဘေးက အမှိုက်သရိုက် အနုပညာရှင်တွေ (အတွေးအမြင်ဆောင်းပါး)

တော်လှန်ရေးလမ်းဘေးက အမှိုက်သရိုက် အနုပညာရှင်တွေ (အတွေးအမြင်ဆောင်းပါး)

အများတကာအသက်ပေးလုပ်နေကြတဲ့ တော်လှန်ရေးမှာလည်း မပါ၊ တော်လှန်ရေးအတွက် ဘာအထောက်အကူမှလည်း ပေးပုံမရတဲ့အပြင် တော်လှန်ရေးအတွက် အမှိုက်သရိုက်သဖွယ် အနှောင့်အယှက်လိုဖြစ်နေတဲ့ အနုပညာရှင်တချို့ရဲ့ တော်တလင်းလ ရာဂထကြွကြတဲ့အကြောင်းတွေကို မကြာခဏတွေ့မြင်ရတဲ့အခါ ယိုသူမရှက် မြင်သူရှက်ဆိုသလို ခံစားလာရတယ်။

အနုပညာရှင်ဆိုတဲ့ လူတချို့ဟာ အိပ်ယာပေါ်က လင်ခန်း၊ မယားခန်းတွေကို ရှက်စရာလို့ မမြင်နိုင်ဘဲ လူသိရှင်ကြား အပြန်အလှန် အားပါးတရပြောနေကြတာတွေ၊ လူတရုန်းရုန်းနဲ့ လင်လု၊ မယားလုကြတာတွေ၊ စိတ်မကျန်းမာသူတယောက်လို ထင်ရာမြင်ရာလျှောက်ပြောပြီး အနုပညာရှင်လို့ အမည်ခံနေကြသူတွေ ဒီလူတွေဟာ အနုပညာရှင်ပါလို့ ဆိုကြရင်တော့ သူတို့ကို အနုပညာရှင်အတန်းအစားအခုအဖြစ် သတ်မှတ်ပေးရမယ်။

ဒီလူတွေဟာ အနုပညာဆိုတဲ့ စကားလုံးနဲ့ မထိုက်တန်သလို ပြည်သူချစ်တဲ့ တကယ့် အနုပညာရှင်တွေနဲ့လည်း အုတ်ရောရော၊ ကျောက်ရောရော မဖြစ်စေချင်လို့ပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို တော်လှန်နေရလို့ နိုင်ငံအနှံ့ နေ့တိုင်းလိုလို သွေးစွန်းနေတယ်ဆိုတာ အားလုံး အသိပါ။ မြန်မာပြည်သူတွေ ဒုက္ခပေါင်းစုံနဲ့ နေ့စဉ်ကျပ်တည်းနေကြတယ်ဆိုတာလည်း သတင်းမီဒီယာတွေမှာ မမြင်ချင်အဆုံးပါ။ 

ဒါပေမဲ့ ဒီနေရာမှာ စိတ်မကောင်းစရာတခုက အခုလထဲ ပြည်သူတွေ ဒုက္ခပင်လယ်ဝေပြီး အသက်တွေပေးနေရတဲ့ အဖြစ်အပျက်များစွာထက် နဂါးမအကြောင်း၊ မင်းသားတယောက်ရဲ့ ၃ မိနစ်အကြောင်း၊ အမျိုးသမီး အဆိုတော် တယောက်ရဲ့ လင်လုတဲ့အကြောင်းတွေက ပိုပြီး ကျယ်ကျယ်လောင်လောင်ကြားရတယ်။ ဒီအပျော်အပျက်တွေကြားမှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရဲ့အသံတွေ တိုးတိတ်ပျောက်ကွယ်သွားရတယ်။ 

အခုလ(အောက်တိုဘာ)ဒုတိယပတ်ထဲမှာဆိုရင် ကချင်ပြည်နယ်မှာ စစ်တပ်က ဗုံးကြဲချခဲ့လို့ စစ်ဘေးရှောင်စခန်းက ပြည်သူ ၃၀ လောက်ဆိုးဆိုးရွားရွား တညတည်းမှာ သေဆုံးခဲ့ရတယ်။ အများအပြား ဒဏ်ရာရခဲ့ရတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၁၀ ဦးကျော်ပါတယ်။

ရင်နာစရာ အကောင်းဆုံးက သေဆုံးသွားရတဲ့ကလေးတွေထဲမှာ ၁ လသားအရွယ်ကလေးလည်းပါသလို ၃ နှစ် အရွယ် ကလေးတွေလည်းပါကြတယ်။ သူတို့ဟာ လူဖြစ်မယ်တောင် မကြံသေးဘူး ရက်ရက်စက်စက်ကြီး အသတ်ခံလိုက်ရတယ်။ 

ပြီးတော့ အောက်တိုဘာလ ဒုတိယပတ်ထဲမှာပဲ အညာဒေသ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတခုကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးပြီး ဒေသခံ ၆ ဦးနဲ့ PDF ၂ ဦးကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ 

ရွာသားတွေဟာ အဖမ်းခံရပြီး လက်ပြန်ကြိုးတုတ်ပြီးခါမှ ခေါင်းတွေကို တုတ်နဲ့ရိုက်သတ်ခံထားရတာပါ။ ဓာတ်ပုံတွေမှာတော့ ဦးခေါင်းနောက်စေ့တွေ ကွဲပြီး သေဆုံးနေတာ တွေ့ရတယ်။ တချို့ဟာ ဦးနှောက်တွေပါ ပွင့်ထွက်နေတယ်။ ရိုက်တဲ့တုတ်ဟာ သေချာခုတ်ထွင်းထားတဲ့ သစ်သားတုတ်ပါ။ အညာသူ၊ အညာသားတွေဟာ သွေးအေးအေးနဲ့ အသတ်ခံလိုက်ရတာပါ။ အသတ်ခံလိုက်ရတဲ့ သူတွေထဲမှာ အသက် ၁၇ အရွယ် ကလေးတဦးလည်း ပါသေးတယ်။ PDF တဦးဆိုရင် ခေါင်းဖြတ်သတ်ပြီး ခေါင်းကို ငုတ်တိုင်တခုပေါ် တင်ထားခဲ့တယ်။ 

ဒီလထဲမှာပဲ စခန်းဝင်စီးခံရလို့ အသက်ပေးလိုက်ရတဲ့ PDF ရဲဘော်တွေလည်း မနည်းဘူး။ စစ်ကြောင်းထိုးလို့ နေ့စဉ်ပြေးလွှားနေရပြီး နေအိမ်မီးရှို့ခံနေရတဲ့ အညာသူ၊ အညာသားတွေကလည်း ဒုနဲ့ဒေး။

တိုင်းပြည်ဟာ စစ်တပ်အုပ်ချုပ်တဲ့အောက်မှာ အသုဘအိမ်လိုဖြစ်နေတာ။ ဒီလိုအခြေအနေမှာ အနုပညာရှင်လို့ ဆိုတဲ့သူတချို့ဟာ ပျော်ပါးနိုင်ကြတုန်း၊ လင်လု မယားလု လုပ်နိုင်ရက်ကြတုန်း၊ နဂါးတွေ၊ သုံးမိနစ်ဆိုတာတွေကို အရသာရှိရှိ ပြောဆိုနေနိုင်ကြတုန်း။ အိပ်ယာပေါ်က အကြောင်းတွေပြောပြီး ရလာတဲ့ လက်ခုပ်သံတွေကို တကယ့်အနုပညာလို့ထင်ပြီး ယစ်မူးနေကြတုန်း။

လူတချို့ကလည်း အဲ့ဒီအတင်းအဖျင်းတွေနောက်ကို လိုက်ကြတယ်၊ မျှဝေကြတယ်၊ Like တွေပေးကြတယ်၊ ကွန်းမန့်တွေနဲ့ စည်ကားကြတယ်။ ဆိုရှယ်မီဒီယာပေါ်က ဒီလိုအတင်းအဖျင်းတွေအောက်မှာ တကယ့်သတင်းတွေ ပျောက်ကုန်ကြတယ်။ တော်လှန်ရေးသတင်းတွေ မှေးမှိန်သွားတယ်။ 

တော်လှန်ရေးလုပ်နေကြတဲ့ ရဲဘော်တွေ ကျည်မရှိလို့ အလှူခံတဲ့ ပို့စ်တွေ၊ စစ်ရှောင်တွေ စားစရာအခက်အခဲဖြစ်နေလို့ အကူအညီတောင်းတဲ့ ပို့စ်တွေ၊ သတင်းတွေဟာ အဲ့ဒီအတင်းအဖျင်းတွေလောက် မစည်ကားဘူး၊ လူမကြည့်ကြဘူး။ 

ပြောရရင် စစ်တပ်ကလည်း ဒါမျိုးကိုပဲဖြစ်စေချင်တာ။ ပြည်သူတွေကို တော်လှန်ရေးကြီးအပေါ်မှာ အာရုံမကျစေချင်ဘူး။ သူတို့ရဲ့ ရက်စက်မှုတွေအပေါ် ဝမ်းနည်းခွင့် မပေးဘူး။ လူထုကို ပွဲလမ်းသဘင်တွေ ဖန်တီးပြီး ပျော်ပါးစေချင်ကြတယ်။ အတင်းအဖျင်း၊ အပျော်အပျက်တွေနဲ့ တော်လှန်ရေးကြီးကို အာရုံလွှဲချင်ကြတယ်။ 

ဒီလိုသပ်လျှိုမှုတွေ၊ သွေးခွဲမှုတွေ၊ ဝါဒဖြန့်မှုတွေကို စစ်အာဏာရှင်တွေက လက်နက်သဖွယ်အသုံးချကြတယ်။ အနုပညာ သန္ဓေပျက်နေကြသူတွေဟာ စစ်တပ်အတွက်တော့ လက်နက်ကောင်းတခုပဲ။ အနုပညာရှင်အမည်ခံ တချို့ကလည်း အနူတောမှာ လူချောလုပ်ပြီး စစ်တပ်ကြီးကို အသုံးတော်ခံကြတယ်။ 

အဆိုးဆုံးက ပြည်သူလူထုအတွက် ဘာအကျိုးမှ မရှိဘဲ သူများတကာ ပုဂ္ဂိုလ်ရေးဆိုင်ရာအတင်းအဖျင်းတွေကို တခုတ်တရဖော်ပြနေကြတဲ့ အတင်းအဖျင်းမီဒီယာတွေပဲ။ ဒီမီဒီယာတွေအများစုဟာ မြန်မာလူထုကို တမင်သပ်သပ် အဆိပ်အတောက်တွေပေးနေကြသလို၊ အများတကာအသက်ပေး၊ ဘဝတွေပေးရင်းနှီးထားတဲ့ တော်လှန်ရေးကြီးကို တမင်မှေးမှိန်၊ သေးသိမ်အောင် ဒီမီဒီယာတွေက လုပ်နေကြတယ်။ 

တဖက်မှာ ပြန်ကြည့်တဲ့အခါ ဒီအတင်းအဖျင်းအဆံချောင်မီဒီယာတွေနဲ့ အနုပညာရှင်ဆိုသူတွေဟာ စစ်တပ်နဲ့ မကင်းရာမကင်းကြောင်း ပတ်သက်ဆက်နွယ်နေကြသူတွေဖြစ်နေတာကို တွေ့ရတယ်။

ဒါကြောင့် လူထုအနေနဲ့ကလည်း အာဏာရှင်တော်လှန်ရေးလုပ်တာဟာ လက်နက်ကိုင်တောခိုမှ၊ ငွေကြေး လှူဒါန်းပြီး ထောက်ပို့ပေးမှ မဟုတ်ပါဘူး၊ အခုလို အနုပညာသန္ဓေ မမှန်၊ ရပ်တည်ချက်မရှိ၊ စစ်တပ်ရဲ့ ဝါဒဖြန့် လက်နက်တခုအဖြစ်သာ အသုံးတော်ခံနေကြတဲ့ တော်လှန်ရေးလမ်းဘေးက အမှိုက်အသရိုက် အနုပညာရှင်တသိုက်နဲ့ အတင်းဖျင်းအဆံချောင်မီဒီယာတွေကို အားမပေးတာဟာလည်း တော်လှန်ရေးလုပ်နေတာလို့သာ နှလုံးပိုက်စေချင်တယ် ။ ။

#မြေလတ်အသံ

#မီဒီယာ #အနုပညာရှင် #သန္ဓေမမှန် #အတင်းအဖျင်းမီဒီယာ #စစ်တပ် #ဝါဒဖြန့်လက်နက် #တော်လှန်ရေး #ဆောင်းပါး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10