ပဇီကြီးရွာသားတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ ထပ်မံကြိုးစားနေတဲ့ စစ်တပ်

ပဇီကြီးရွာသားတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ ထပ်မံကြိုးစားနေတဲ့ စစ်တပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်က Yak-130 တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဧပြီ ၁၁ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်နှင့် အမျိုးသမီးအပါအဝင် အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ရသည်။ 

ပြည်သူ့အုပ်ချုပ်ရေးရုံးအဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအရ စားသောက်ဖွယ်ရာများနှင့် ဧည့်ခံကျွေးမွေးနေသည့်အချိန် ယခုလို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အစုလိုက်အပြုံလိုက်သေဆုံးရမှုအတွက် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအများစုက ဝမ်းနည်းကြေကွဲခဲ့ကြရသလို အာဆီယံ၊ ကုလသမဂ္ဂနဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် နိုင်ငံတကာကလည်း စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန် ရှုံ့ချခဲ့ကြသည်။ 

သို့သော် စစ်ကောင်စီဘက်ကတော့ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့သည့်အချက်အလက်များ မပေါက်ကြားစေရန်  အမျိုးမျိုးဖုံးဖိဖို့ ကြိုးစားရာမှာ ပဇီကြီးကျေးရွာသူ၊ ကျေးရွာသားတွေ အားလုံးကိုပင် နှုတ်ပိတ်ရှင်းလင်းဖို့အထိ လုပ်လာကြသည်ဟု ကျေးရွာမှ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပဇီကြီးကျေးရွာသားများနှင့် ကန့်ဘလူမြို့နယ်အတွင်းက ပကဖ၊ ပအဖ၊ ပလဖအဖွဲ့ဝင်များက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်က လွတ်မြောက်ဖို့အတွက် ပဇီကြီးကျေးရွာသူ၊ ကျေးရွာသားများကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ခံတဦးက “(နေရာပြောင်း) ရွှေ့ရတဲ့ အကြိမ်အရေအတွက် ၁၅ နေရာလောက်ရှိတယ်” ဟု ပြောသည်။ 

သူတို့ကိုယ်တိုင်လည်း ပဇီကြီးကျေးရွာသူ ကျေးရွာသားများနှင့်အတူ လိုက်ပါတိမ်းရှောင်နေရသည်။ 

ပဇီကြီးစစ်ရှောင်များ ထွက်ပြေးခဲ့ရသည်မှာ ကန့်ဘလူမြို့နယ်မှ တခြားမြို့နယ်တခုသို့ ရောက်နေပြီဖြစ်သည်။ ဖြေကြားသူက မြို့အမည်ကို ပြောပြသော်လည်း မြေလတ်အသံဌာနက စစ်ရှောင်များ၏ လုံခြုံရေးအရ မြို့အမည်ကို မဖော်ပြဘဲ ထိန်ချန်ထားခြင်းဖြစ်သည်။

 “လူတွေက တခါတခါ ရွှေ့ရရင် ရာချီနေတော့ မလွယ်ဘူး” ဟု ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ဆိုသည်။

 

ပဇီကြီးမှာ ဘာဖြစ်ခဲ့သလဲ

စစ်ကိုင်တိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီ ၁၁ ရက်၊ မနက်ပိုင်းက ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးအဆောက်အအုံသစ်တခု ဖွင့်လှစ်ခဲ့သည်။  

အဆိုပါ ရုံးသစ်ဖွင့်ပွဲတွင် အကျွေးအမွေးများနှင့် တည့်ခင်းဧည့်ခံသည်ဖြစ်ရာ ပဇီကြီးကျေးရွာအပြင် တခြားသော အနီးနားရှိကျေးရွာများမှ ဒေသခံများလည်း ရောက်နေကြသည်။ 

ထိုလူအုပ်ထဲတွင် ကလေးများ၊ ကိုယ်ဝန်ဆောင်သည်နှင့် အမျိုးသမီးများ၊ အသက်ကြီးရွယ်အိုများလည်း ပါကြသည်။ ယင်းရုံးတည်နေရာက ပဇီကြီးကျေးရွာသို့ ဝင်ဝင်ချင်း ရွာထိပ်တွင် ဖြစ်သည်။

ယင်းသို့ဒေသခံပြည်သူများ မနက် ၈ နာရီအချိန် အကျွေးအမွေးများကို စားသောက်နေသည့်အချိန်တွင် အာဏာသိမ်းမင်းအောင်လှိုင်စစ်တပ်က  Yak-130 တိုက်ခိုက်ရေးလေယာဉ်တစီးဖြင့် ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သည်။ 

ထိုဗုံးသီး ၂ လုံးကြောင့် ရုံးအဆောက်အအုံနှင့် ပတ်ဝန်းကျင်တဝိုက်မှာ မီးလောင်ပြင်ကြီးတခုလို ဖြစ်သွားသည်။ အဆောက်အအုံမှာ အမိုးအကာများမရှိတော့ဘဲ သစ်သားတိုင်များသာ ကျန်တော့သည်။ 

အဆောက်အအုံ၏ အပြာရောင်သွပ်အမိုးများမှာ လုံးခြေလွှင့်ပစ်ထားသလို ပတ်ဝန်းကျင်အနှံ့ ဟိုတစ၊ ဒီတစ။

ထိုနည်းတူ အဆောက်အအုံအတွင်း ရောက်နေကြသည့် လူထုပရိသတ်တချို့မှာ မီးလောင်ခံထားရသလို ခန္ဓာတခုလုံးမည်းမှောင်နေသည်။ 

အများစုကတော့ ခြေ၊ လက်၊ ခေါင်းပြတ်ခြင်း၊ ဗိုက်ပွင့်၊ ခေါင်ပွင့်စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ တစစီပိုင်းပြတ်ထွက်ကာ ပတ်ဝန်းကျင်တလုံးမှာ ဟိုတစ၊ ဒီတစ ပြန့်ကျဲသွားသည်။

တချို့သော လူခန္ဓာကိုယ်အစိတ်အပိုင်းများမှာ မီးလောင်လျှက် အဆောက်အအုံ အနီးအနားရှိ ဝါးရုံပင်ပေါ်တွင် ချိတ်တင်နေသည်။ 

ဗုံးဒဏ်ကြောင့် အဆောက်အအုံအတွင်းမှာသာမက အဆောက်အအုံပတ်ဝန်းကျင်သို့ရောက်ရှိနေသူများလည်း သေဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ 

အနီးဝန်းကျင်တွင် မီးလောင်ကျွမ်းနေသော ဆိုင်ကယ်များနှင့် ယင်းဆိုင်ကယ်ပေါ်တွင် အသားစိုင်များ အတုံးလိုက်ကပ်နေသည်။

မျက်မြင်တွေ့ခဲ့ရသူများ၏ ပြောကြားချက်များအရ ထိုတဒင်္ဂအတွင်း အော်ဟစ်အကူအညီတောင်းသံများ၊ ညည်းတွားသံများ၊ လူပျောက်ရှာသူများ၏ ခေါ်သံများနှင့် ဆူညံနေသည်ဟု ဆိုသည်။ 

ယင်းသို့ ဆူညံပွက်လောရိုက်နေချိန်တွင် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ်တစီး ထပ်မံရောက်ရှိလာပြီး ဒဏ်ရာရရှိနေသူများနှင့် အနီးပတ်ဝန်းကျင်ရှိသူများကို လှည့်ပတ်ကာ ပစ်ခတ်ခဲ့သည်။ ဗုံးကြဲပြီး နောက်ထပ် ၅ မိနစ်ခန့်အကြာတွင် ဝေဟင်ကနေ အနီးကပ်ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူအများအပြား ထပ်မံသေဆုံးခဲ့ရသည်ဟု ဒေသခံများကဆိုသည်။ 

အခင်းဖြစ်ပွားသည့်နေရာသို့  ရှင်းလင်းရေးသွားလုပ်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “ကျနော်တို့ရောက်သွားတော့ ရုတ်ရုတ်သဲသဲဖြစ်နေကြပြီ။ မီးခိုးတလူလူနဲ့၊ လောင်တဲ့ဟာတွေကလည်း လောင်ပေါ့။ အဲ့ဒီမှာ လုံခြုံရေးက တဖွဲ့ယူတယ်၊ ကျနော်တို့က စပြီးရှင်းလင်းရေးလုပ်တယ်။ မြင်မြင်ချင်းက လမ်းပေါ်မှာ အလောင်းစတွေက ပြန့်ကျဲလို့။ ဆိုင်ကယ်တွေလောင်တဲ့ဟာတွေနဲ့ အသားဖတ်တွေနဲ့။ စုတ်ပြတ်သတ်နေတာပဲဗျာ” ဟု ပြောသည်။

သူတို့ရောက်သွားသည့်အချိန်တွင် အသက်ရှင်ကျန်ရစ်သူများက ဒဏ်ရာရရှိ သူများကို ကယ်ထုတ်သွားကြပြီဖြစ်သည်။ သူတို့က ကျန်ရှိနေသော အပျက်အစီးနှင့် အလောင်းများကို ရှင်းလင်းကြသည်။ 

ရုံးအဆောက်အအုံတဝိုက်နှင့်  ကားလမ်းမပေါ်အထိ ပြန့်ကျဲသွားသော အလောင်းများ၊  ခန္ဓာကိုယ် အစိတ်အပိုင်းများကို လိုက်ကောက်ရသည်။ 

ခြုံစောင်ကို အနားနှစ်ဖက်ကနေ ဝါးလုံးထိုးထားသည့် ထမ်းစင်ထဲသို့  ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကောက်ထည့်ပြီး တနေရာတွင် မီးပုံရှို့ခဲ့လိုက်သည်ဟု အဆိုပါ ရှင်းလင်းရေးလုပ်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

“အလောင်းက ၂၀ ကျော်လောက်ပဲ ဘယ်သူဘယ်ဝါဆိုတာ ပြောလို့ရတာ။ တော်တော်များများဟာ အလောင်းကို ခွဲခြားလို့မရဘူး” ပဇီကြီးစစ်ရှောင်များကို လိုက်ပါကူညီနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကနဦး ထုတ်ပြန်ထားသည့်စာရင်းအရ လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း သေဆုံးသူစာရင်းမှာ ၁၆၈ ဦးဟုဖော်ပြခဲ့သည်။ သို့သော် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ နောက်ဆုံးကောက်ယူရရှိသည့်စာရင်းအရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၁၇၃ ဦးသေဆုံးခဲ့သည်။ 

အဆိုပါသေဆုံးမှုစာရင်းတွင် ၅ နှစ်အောက် ကလေး ၆ ဦးအပါအဝင် ကလေးပေါင်း ၄၀ ခန့်သေဆုံးခဲ့ရသည်။ 

သေဆုံးသူတွေထဲတွင် ပဇီကြီးကျေးရွာမှ အများဆုံးဖြစ်ပြီး အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် ရွာသာယာ၊ သာယာမွန်၊ လေးတွင်းစင်၊ ကျောက်တံခါး၊ မယ်ဇတော၊ ထနောင်းကိုင်းကြီး စသည့်ကျေးရွာများမှ ပြည်သူများလည်းပါဝင်ကြသည်။ 

“မိသားစုလိုက်ပါသွားတာ ရှိတယ်။ ပဇီကြီးက များတယ်။ တချို့ဆို ၄ ယောက်ပါတာ ရှိတယ်။ ၅ ယောက်ပါတာ ရှိတယ်။ တချို့မိသားစုဆို အမေတယောက်ကျန်တာ ရှိတယ်။ တချို့မိသားစုဆို အိမ်ထောင်ဦးစီးတယောက်ထည်း ကျန်တာတွေ ရှိတယ်။ တဦးတယောက် ကျန်တာက ကျနော် သိသလောက် ၃ ယောက် ရှိတယ်။ တချို့ဆို ရူးနေပြီလေ။ မနေ့တုန်းကကို ၂ ယောက်လောက် တွေ့ခဲ့တယ်။ အဲ့နားလေးမှာပဲ သူ့သား၊ သူ့သမီးတွေရှိသေးတဲ့ ပုံစံမျိုးနဲ့ ပတ်သွားနေတာ” ဟု အခင်းဖြစ်ပွားသည့်နေ့က ကယ်ဆယ်ရေးလုပ်ခဲ့သူတဦးက မြေလတ်အသံသတင်းဌာနကို ပြောခဲ့သည်။ 

နယ်မြေလုံခြုံရေးအခြေအနေအရ အလောင်းများ၊ ခန္ဓာကိုယ်အပိုင်းအစများနှင့် အပျက်အစီးများကို တနေ့တည်း အပြီးမရှင်းနိုင်ဘဲ သုံးရက်ကြာမှ ပြီးစီးအောင်ရှင်းနိုင်ခဲ့သည်။

ဗုံးကြဲခံရသည့် ဧပြီ ၁၁ ရက် နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ် တစီးထပ်မံရောက်ရှိလာပြီး ညနေပိုင်းတွင်လည်း ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ်တာတွေ ပြုလုပ်ခဲ့သည်။

အလားတူ နောက်ရက်တွင်လည်း အခင်းဖြစ်ပွားခဲ့သည့်နေရာသို့ ကင်းထောက်လေယာဉ် ထပ်မံရောက်ရှိလာခြင်းကြောင့်ဖြစ်သည်။

စစ်ကောင်စီက ပဇီကြီးကို ဗုံးကြဲပြီးပြီးချင်းမှာပဲ နေ့လယ်တကြိမ် ညနေတကြိမ် စုစုပေါင်းနောက်ထပ်နှစ်ကြိမ် ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။ နောက်တနေ့တွင်လည်း ကင်းထောက်လေယာဉ်တစီးပတ်ဝဲနေသည်။ 

 

ပဇီကြီးကို ထိုးတဲ့စစ်ကြောင်း

စစ်ကောင်စီက ပဇီကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ပြီး နောက်တပတ်အကြာ ဧပြီ ၁၉ ရက်တွင် စစ်ကြောင်း ၃ ကြောင်း ချီလာပြန်သည်။ 

ထိုစစ်ကြောင်းတွေကြောင့် ပဇီကြီးအပါအဝင် ရွာသာယာ၊ လေးတွင်းစင်၊ မယ်ဇတော၊ မလည်၊ ထနောင်းကိုင်းကြီးစတဲ့ ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ပဇီကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်း ၃ ကြောင်းသည် လမ်းတလျှောက်ရှိ ကျေးရွာတချို့ကို ဝင်ရောက်မီးရှို့ခဲ့ကြသေးသည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ပဇီကြီးကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်း မဝင်ရောက်ခင်ကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ကြိုတင်ဟောကိန်းထုတ်ထားခဲ့သည်။

“သူတို့လော်ဘီတွေနဲ့ သူတို့ပုံရိပ်ကျသွားတာကို ပြန်အဖက်ဆယ်ဖို့ ပဇီကြီးက အခင်းဖြစ်ထားတဲ့နေရာကို PDF စခန်း၊ PDFထောက်ပံ့ရွာဆိုပြီးတော့ ချပြဖို့ စီစဉ်နေတာ။ ခုနယ်မြေဧရိယာကို ထိန်းချုပ်နိုင်ဖို့ အတွက် လောလော ဆယ်စစ်ကြောင်းနဲ့ ထိန်းမှာပေါ့။ ထိန်းလို့ရပြီဆို လုပ်ဇာတ်တွေ ရိုက်မယ်။ အင်တာဗျူးတွေ လုပ်မယ်။ အရင်တုန်းက ဖမ်းမိထားတဲ့ PDF တွေရဲ့ လက်နက်အဟောင်းတွေကို ချပြမယ်လို့ ကျနော်ကတော့ ယုံကြည်တယ်” ဟု ဆိုသည်။

နောက်တနေ့ ဧပြီ ၂၀ ရက်မှာ စစ်ကြောင်းက ပဇီကြီးကျေးရွာသို့ရောက်လာပြီး လေယာဉ်တစီးနဲ့စတင် ဗုံးကြဲပြီး အိမ်ခြေ ၂၃၀ ရှိသည့်အနက် အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ကျေးရွာ ဒေသခံတွေကဆိုသည်။

ဧပြီ ၂၁ ရက်မှာတော့ စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ပဇီကြီးကျေးရွာနှင့်ပတ်သက်သည့် သတင်းများကို ဖော်ပြခဲ့ရာ မြေပြင်အချက်အလက်များနှင့် ကွဲလွဲနေသည်။   

စစ်ကောင်စီက ပဇီကြီးကျေးရွာကို နယ်မြေရှင်းလင်းဆောင်ရွက်ရာတွင် KIA/ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အလောင်းများ၊ လက်နက်၊ ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။ 

၎င်းတို့ဖော်ပြထားသည့်စာရင်းတွင် မိုင်းရှာစက် ၁ လုံး၊ ဗုံးခိုကျင်း ၁ ကျင်း၊ ယူနီဖောင်း ၃ စုံ၊ ကင်းဇယားစာအုပ်၊ ဆန် ၂၅ အိတ်၊ ဆီ ၂၃ ပုံး၊ ဆိုလာ ၄ ချပ် ၊ ဘထ္ထရီအကြီး ၃ လုံး၊ စစ်သုံးဟန်းကောချိုင့် ၂ လုံး၊ တဲ၊ ဆိုင်ကယ်နှင့် ကျည်တချို့တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီကထုတ်ပြန်သည့် သတင်းများနှင့် စစ်သုံးပစ္စည်းဟူသော စာရင်းများသည် လုပ်ကြံဝါဒဖြန့် ခြင်းသာဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့်အမှားကို ဖုံးကွယ်ရန်အတွက် ကြိုးစားခြင်းသာ ဖြစ်သည်ဟု ကျေးရွာခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ 

ပဇီကြီးကျေးရွာဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သူတို့ကျူးလွန်ထားသည့်အမှု၏ သက်သေများအားလုံးကို ဖျောက်ဖျက်ရန် ပဇီကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည့်အပြင် ရွာခံတွေအားလုံးကိုလည်း ရှင်းလင်းသုတ်သင်ဖို့ပါ ကြံစည်ကြိုးစားနေကြသည်ဟု ပြောသည်။

ထို့ကြောင့် ပဇီကြီးကျေးရွာတွင် စစ်ကောင်စီက အထိုင်ချပြီး ပဇီကြီးကျေးရွာသူ၊ ကျေးရွာသားများကိုလည်း လိုက်လံရှာဖွေခဲ့ကြသေးသည်။ 

ပဇီကြီးကျေးရွာမှာ စစ်ရှောင်များကို လိုက်လံကူညီပေးနေသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက- “လူလည်းရှာတယ်။ နှံ့နေအောင် မွှေတယ်။ သူတို့စစ်ရေးရည်ရွယ်ချက် ဘာကြောင့်ဆိုတာ မသိဘူး။ ဒါပေမဲ့ အဲ့ဒီစစ်ကြောင်းက အဲ့ဒီဘက်ကို ၁၀ ရက် ဝန်းကျင်လောက်မွှေတယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း တာဝန်အသီးသီးခွဲပြီးတော့ အားလုံးကို ကယ်ထုတ်လိုက်တယ်” ဟု ရှင်းပြသည်။

 

စစ်ကောင်စီ၏ ပဇီကြီးရွာသားရှာပုံတော်

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးသည့်နောက်ပိုင်း ဧပြီ ၁၉ ရက်တွင် စစ်ကောင်စီ စစ်ကြောင်းများ မန္တလေးတိုင်းမှ စစ်ကိုင်းတိုင်းဘက်သို့ မလည်ရွာမှတဆင့် ပဇီကြီးဘက်သို့ စစ်ကြောင်းထိုးလာသည်ဟု သတင်းရကတည်းကပင် ပဇီကြီးကျေးရွာသူ၊ ကျေးရွာသားများသည် ဘေးလွတ်ရာသို့ ရှောင်ပြေးထားပြီး ဖြစ်သည်။

ယင်းမတိုင်ခင်ကပင် ရွာခံအများစုက ၎င်းတို့အလုပ်လုပ်ရာ ယာတဲများ၌ စားနပ်ရိက္ခာများကို ကြိုတင်ရွှေ့ပြောင်းထားကြပြီးဖြစ်သည်။

ပဇီကြီးကျေးရွာထဲသို့ စစ်ကောင်စီစစ်ကြောင်းများ မဝင်ရောက်ခင် လူနေအိမ်များအပေါ် ဂျက်ဖိုက်တာ တစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အချိန်က ပဇီကြီးကျေးရွာသားများသည် ကျေးရွာအနီးဝန်းကျင်မှာသာ ရှိသေးသည်။ 

“ကျနော်တို့က ရွာနဲ့မလှမ်းမကမ်းမှာရှိတယ်။ ဂျက်ဖိုက်တာကြဲသွားတာက ကျနော်တို့အပေါ်ကပဲ ကြဲသွားတာ။ အသံတွေကြားရတယ်။ ပြည်သူတွေလည်း နေရာတွေ ထပ်ရွှေ့ရတယ်။ တချို့လည်း နီးစပ်ရာမြို့နယ်တွေကို သွားကြရတယ်” ဟု ပဇီကြီးကျေးရွာက စစ်ရှောင်တွေကို လိုက်ပါကူညီဆောင်ရွက်ပေးနေသော ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ဆိုသည်။ 

ဤသို့တိုက်ခိုက်ခံရပြီးနောက် ပဇီကြီးကျေးရွာခံများသည် သူတို့ကျေးရွာနှင့်ဝေးရာသို့ နောက်ထပ် ထပ်မံပြောင်းရွှေ့ခဲ့သည်။ ထိုသို့ပြောင်းရွှေ့စဉ်ကာလအတွင်း ပဇီကြီးကျေးရွာစစ်ရှောင်များနှင့်ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံများ သတင်းမီဒီယာများ အပေါ် တက်လာသည်။ ပြီးလျှင် ကူညီကယ်ဆယ်ရေးအဖွဲ့ တချို့၏ ကူညီပေးသည့်ဓာတ်ပုံများ ဖေ့ဘွတ်ဆိုရှယ်မီဒီယာပေါ်တွင် တက်လာတတ်သည်။

ဤသို့ သတင်းနှင့်ဓာတ်ပုံများ ထွက်ပေါ်လာပါက စစ်ကောင်စီ၏ စစ်ကြောင်းများသည် ယင်းနေရာသို့ နောက်ရက်ဆိုလျှင်ရောက်လာတတ်သည်။ 

“ပြည်သူတွေရောက်တဲ့နေရာတွေကို စစ်ကြောင်းက တောက်လျှောက်လိုက်နေတာ။ အဲ့ဒါကြောင့်မို့ ပဇီပြည်သူတွေကို စစ်ကြောင်းက လိုက်နေတယ်လို့ ယူဆကြတာပေါ့” ဟု စစ်ရှောင်များနှင့်အတူ လိုက်ပါ၍ ကူညီဆောင်ရွက်ပေးနေသည့် ကန့်ဘလူမြို့နယ်ပကဖအဖွဲ့ဝင် တဦးက ပြောသည်။

ပဇီကြီးစစ်ရှောင်တွေကို ကူညီပေးနေသည့် PDF တပ်ဖွဲ့ဝင်တဦးကလည်း ယခုလို ထပ်ပြောပြသည်။

“စစ်ရှောင်တွေ တည်းခဲ့တဲ့နေရာ တောကြိုအုံကြားပါမကျန်ရောက်တယ်။ အဲ့ဒီမှာ နဂိုကတည်းက ပဇီက ပြည်သူတွေက ရိက္ခာတွေကို ရွာထဲမှာ မထားဘဲ ယာတဲတွေမှာ ထားတာရှိတယ်။ တောင်ယာလုပ်တဲ့ တဲတွေမှာ ထားတာရှိတယ်။ အဲ့ဒီဟာတွေပါ စစ်တပ်က အကုန်မီးရှို့သွားတယ်” 

နောက်ပိုင်းတွင် ပဇီကြီးစစ်ရှောင်များကို မီဒီယာများနှင့် အင်တာဗျူး မလုပ်ရန်၊ အကူအညီပေးသည့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်မချိတ်ဆက်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်လိုက်ပြီး စစ်ရှောင်များထံက တယ်လီဖုန်းများကိုလည်း သိမ်းဆည်းလိုက်သည်။

စစ်ရှောင်များကို ကူညီစောင့်ရှောက်ပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက စစ်ရှောင်များ၏ သတင်းအချက်အလက်ကို ထိန်းချုပ်လိုက်သည့်နောက်ပိုင်းမှ အဆင်ပြေသွားပုံကို ယခုလိုပြောပြသည်။

“ပြေးရတာက ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက်ကြီးရွယ်အိုတွေ အကုန်ပါတာ။ အားလုံးက ပြေးရလွှားရတော့ လူမမာရုပ်ကို ပေါက်နေကြတာ။ အဲ့ဒီလိုထိန်းချုပ်လိုက်တော့မှာ နေလို့ရတာ။ နို့မိုဆို နေ့တိုင်းပြေးနေရတာ။ ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရပေါ့။ ငိုချင်တာတောင် ကောင်းကောင်း မငိုရဘူး” ဟု ရှင်းပြသည်။ 

ထိုသို့ သတိထားဆင်ခြင်လိုက်သည့် နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်မလာတော့ဘဲ  ရွာသားများလည်း နေရာပြောင်းရွှေ့ရသည့် ဒုက္ခကနေ သက်သာသွားသည်။

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရအောင် စစ်ကောင်စီတပ်ကို သတင်းပေးခဲ့သည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို  ဖမ်းဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ ကန့်ဘလူမြို့နယ်တွင်း စစ်တပ်သတင်းပေးအဖြစ် နာမည်ကြီးပြီး စစ်ကောင်စီထောက်ခံသူ၊ ပျူစောထီးလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဥူးဝါသဝနှင့် ဒေါ်နွဲ့ယဥ်ဆိုသူ အမျိုးသမီးတို့ကိုလည်း ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများနှင့် အမှုဖွင့်ထားသည်။ 

ယခုအချိန်ထိ စစ်ကောင်စီက ပဇီကြီးကျေးရွာမှ ရွာသား  ၁ ဦးကိုမျှ မဖမ်းနိုင်သေးဘဲ အနီးကတခြားရွာများဖြစ်သည့် လေးတွင်းစင်နှင့် ချောင်းသာကျေးရွာတို့မှ ရွာသား ၅ ဦးကို ဖမ်းခဲ့သည်ဟု ဒေသခံများက ဆိုသည်။   

 

လေယာဉ်မုန်းသည့် ပဇီကြီးရွာခံများ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းကို အပြင်းအထန်ခံလိုက်ရသော ပဇီကြီးကျေးရွာတွင် လျှပ်တပြက်အတွင်းမှာတင် မိသားစုနှင့် ဆွေမျိုးအသိုင်းအဝိုင်းအားလုံးကို ဆုံးရှုံးလိုက်ရသူ များစွာရှိကြသည်။ တချို့ဆို မိသားစုဝင်အားလုံးထဲ ၁ ဦးတည်းသာ ရှင်ကျန်ရစ်နေသူများဖြစ်သည်။ 

သို့သော် ၎င်းတို့သည် သေဆုံးသွားသည့်သူများအတွက်  ဝမ်းနည်းပူဆွေးချိန်ပင်မရဘဲ စစ်တပ်၏ လေကြောင်းမှ ထပ်မံဗုံးကြဲခြင်း၊ ကျေးရွာအတွင်း ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ခြင်း၊ ထပ်ကြပ်မကွာ လိုက်လံရှာဖွေခြင်းများနဲ့သာ ရင်ဆိုင်နေရသည်။

ထို့ကြောင့် ပဇီကြီးရွာသားများသည်  စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာရှိနေပြီး ရွာသားအချင်းချင်းပင် မယုံနိုင်ဖြစ်နေသည်ဟု စစ်ရှောင်များကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

“သူတို့ရွာသားတွေက ဒလန်လုပ်လို့ ဒီလိုပစ်ခတ်တာဆိုတော့ သူတို့ အခုပုန်းနေတဲ့နေရာကိုက သူတို့ရွာသား အချင်းချင်းတွေ့မှာ ကြောက်နေကြတယ်။ တယောက်နဲ့တယောက် မယုံတော့ဘူး” ဟု ပဇီကြီးရွာခံစစ်ရှောင်များနှင့် အတူရှိနေသည့် PDF တဦးက ပြောသည်။

ထို့အပြင် သူတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်းများကိုပါ အယုံအကြည်မရှိတော့တာကြောင့် အချိန်ပေးပြီး ယုံကြည်မှုတည်ဆောက်ကာ ကူညီပေးခဲ့ရသည်ဟု သူက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တဲများဆောက်ပေးသော်လည်း စစ်ဘေးရှောင်ပဇီကြီးရွာခံများက တဲများတွင် မနေရဲကြ။

တောထဲသို့သွားကာ ချုံများအောက်တွင် မိုးကာ၊ ခြုံစောင်နှင့် ဖျာများခင်း၍သာ နေကြသည်။ တဦးနဲ့တဦး ယုံကြည်မှုရလာသည့် နောက်ပိုင်းမှသာ တဲများတွင် ဝင်ရောက်နေထိုင်ကြခြင်းဖြစ်သည်။

“အားလုံးက လန့်သွားကြတာ။ အခုကျောင်းတွေ ဖွင့်မယ်ဆိုရင်တောင် ကျောင်းတွေ ဗုံးကြဲခံရမလားဆိုပြီး ကြောက်နေကြတယ်။ မိဘတွေက ကျောင်းထားဖို့တောင် တအားကြောက်သွားကြတယ်။ စုစုဝေးဝေးလုပ်ဖို့ဟာတွေကအစ အကုန်ကြောက်ကုန်ကြတာ” ဟု ကန့်ဘလူမြို့နယ်က PDF တပ်ဖွဲ့ဝင်တဦးက ဆိုသည်။ 

လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်ခံရပြီးသည့်နောက်ပိုင်း လူကြီးများနည်းတူ ကလေးများတွင်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများရှိနေကြသည်။ ကလေးများသည် ယခင်က လေယာဉ်ကိုမြင်လျှင် အပြေးလိုက်ကြည့်ကြသည်။ သို့သော် ယခုအခါမှာတော့ လေယာဉ်ရုပ်ပေးသည်ကိုပင် မယူရဲကြသည့်အခြေအနေ ဖြစ်နေသည်။

“သူတို့လေယာဉ်ကြောင့် ဒါမျိုးဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီအရုပ်တွေပေးရင် မယူချင်ကြဘူးဆိုတဲ့ ခံစားမှုကတော့ ရှိနေဆဲပါပဲ” ဟု စစ်ရှောင်များကိုကူညီနေသည့် PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ 

ဒါကြောင့်လည်း ကလေးများ စိတ်ဒဏ်ရာသက်သာစေရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပုံပြင်ပြောပြခြင်း၊ ကလေးများနှင့် စကားပြောပေးခြင်း၊ မုန့်နှင့် ကစားစရာများ ဝယ်ပေးခြင်း၊ အဝတ်အစားများဝယ်ပေးခြင်းနှင့် ပန်းချီဆွဲခိုင်းခြင်း စသဖြင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများပေးနေသည်။ 

“စိတ်ပိုင်းဆိုင်ရာ ကုစားမှုလုပ်ပေးခဲ့တာ ၃ ကြိမ်ရှိပြီ။ ကလေးတွေက တက်တက်ကြွကြွရှိတယ်။ ကြောက်တာ ရွံ့တာမရှိတော့ဘူး။ အရင်ကထက်စာရင် တက်တက်ကြွကြွလေးတွေဖြစ်လာကြတယ်” ဟု ကလေးများ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှု အစီအစဉ်များတွင် ပါဝင်ကူညီပေးနေသည့် PDF တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

သားသမီးဆုံးရှုံးလိုက်ရသည့် မိဘများ၏ စိတ်ဒဏ်ရာကမူ လွယ်လွယ်နှင့် ပျောက်မသွားနိုင်ဖြစ်နေကြသည်။ 

“ကလေးတွေကို ပုံပြင်တွေပြောပြတဲ့အချိန်ဆိုရင် သားသမီးဆုံးရှုံးသွားတဲ့ မိဘတွေက အနောက်ဘက်နားမှာ သွားငိုနေကြတာမျိုးတွေတော့ ရှိသေးတယ်” ဟု  ကလေးများကို စိတ်ပိုင်းဆိုင်ရာကုစားမှုပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။ 

ခင်ပွန်း၊ သား ၂ ယောက်နှင့် မြေးတဦးဆုံးရှုံးလိုက်ရသည့်အမျိုးသမီးနှင့် အလားတူ မိသားစုဝင်အမျာအပြားဆုံးရှုံးခဲ့ရသည့် ရွာခံတွေအတွက် စိတ်ပိုင်းဆိုင်ရာပြန် လည်သက်သာလာနိုင်ရန် အချိန်ယူရဦးမည်ဖြစ်သော်လည်း လက်ရှိတွင် ပဇီကြီးကျေးရွာမှ စစ်ရှောင်အများစု ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေသည် ပြန်လည်သက်သာလာသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်ဟု စစ်ရှောင်ကူညီပေးသူများက မှတ်ချက်ပြုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပဇီကြီးကျေးရွာက စစ်ဘေးရှောင်များအတွက် ယာယီတဲများ ဆောက်လုပ်ပေးထားသည်။ တချို့ကတော့ အခိုင်အမာအိမ်များဆောက်လုပ်နေထိုင်လျက်ရှိသည်။ 

သူတို့အားလုံးသည် ပဇီကြီးကျေးရွာကို ခြေဦးပြန်လှည့်ဖို့ စိတ်ကူးမရှိကြတော့။ ရွာကို မပြန်ရဲတော့သည့် ပဇီကြီးစစ်ရှောင်များ၏ အခြေအနေကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ယခုလို ရှင်းပြသည်။

“ရွာကို ပြန်မယ်ဆိုရင်လည်း နေစရာအိမ်လည်း မရှိတော့ဘူး၊ လူတွေလည်း မရှိကြတော့ဘူးလေ”

 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ကောင်စီ #ပဇီကြီး #ဗုံးကြဲတိုက်ခိုက် #လူမျိုးတုန်းသတ်ဖြတ် #ထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10