ပဲခူးမြို့ ရေကြီးမှု စစ်ကောင်စီ ဘာကူပေးသလဲ

ပဲခူးမြို့ ရေကြီးမှု စစ်ကောင်စီ ဘာကူပေးသလဲ

နှစ်စဉ်ရေကြီးနေကျ ပဲခူးမြို့ဟာ ဒီနှစ်မှာတော့ မကြုံစဖူး အဆိုးရွားဆုံးရေကြီးမှုကြောင့် ပဲခူးမြို့ရဲ့ ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို ရေလွှမ်းမိုးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

အောက်တိုဘာ ၇ ရက် ညပိုင်းမှာ မိုးသည်းနေရာကနေ မြို့အလယ်ကို ဖြတ်စီးနေတဲ့ ပဲခူးမြစ်ထဲက မြစ်ရေတွေ လျှံတက်လာပြီး တမြို့လုံးနီးပါး ရေလွှမ်းမိုးသွားခဲ့တာပါ။ 

“တချို့က ဘယ်ရပ်ကွက်တွေမြုပ်လဲ မေးတာပေါ့နော်။ တကယ်က တမြိုလုံးနီးပါးပဲ။ မမြုပ်တဲ့ ရပ်ကွက်က အနည်းငယ်ပဲရှိတာ။”လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

လျှံတက်လာတဲ့မြစ်ရေတွေဟာ မြစ်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကောလိပ်ဘက်ခြမ်းအထိပါ ရောက်လာတာဖြစ်ပြီး ယခင်က ရေတကြိမ်တခါမှ မဝင်ဘူးတဲ့ ရပ်ကွက်တွေအထိပါ ရေတွေ ဝင်ကုန်တယ်လို့ သူက ဆိုပါတယ်။ 

ခါတိုင်းရေမြုပ်လေ့မရှိတဲ့ မြေအမြင့်ပိုင်းက ဆိုရှယ်လစ်၊ မှော်ကန်၊ ပုဏ္ဏားစု စတဲ့ရပ်ကွက်က နှစ်ထပ်အိမ်တချို့ဟာ အောက်ထပ်တွေအထိ ရေမြုပ်ကြပြီး တချို့အိမ်တွေကတော့ တအိမ်လုံးမြုပ်သွားပါတယ်။  

ပဲခူးမှာ အခုတကြိမ်လို မြစ်ရေကြီးပြီး တမြို့လုံးနီးပါးရေလွှမ်းသွားတာကို ပဲခူးမြို့သူ၊ မြို့သားတွေ တခါမှမကြုံဖူးပါဘူး။ 

အခုလို ပဲခူးမြို့ တမြို့လုံးနီးပါး ရေလွှမ်းမိုးခံလိုက်ရတဲ့အခြေအနေမှာ စစ်ကောင်စီက ဘာတွေကယ်ဆယ် ပေးနိုင်ခဲ့သလဲ၊ ဘာတွေ ကူညီထောက်ပံ့ပေးခဲ့သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

 

ပဲခူးမြို့ရေကြီးမှု

မိုးဇလရဲ့ တိုင်းထွာချက်အရ အောက်တိုဘာ ၇ ရက်က နေ့လယ်ပိုင်းမှာ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက် ၃ ပေမှာရှိနေတာကနေ မိုးသည်းထန်စွာရွာသွန်းပြီး ညပိုင်းမှာ ရေတွေဟာ လူနေရပ်ကွက်တွေထဲ ရုတ်တရက်ဝင်ချလာခဲ့တာပါ။  

“ရေစီးကလည်း ကြမ်းတယ်။ ညတွင်းချင်းကို ရေတက်လာလို့ အရေးပေါ် လူလွတ်အောင် ပြေးကြရတဲ့ မိသားစုများတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။  

အောက်တိုဘာ ၇ ရက်ညပိုင်းမှာ ပဲခူးမြစ်ရေဟာ စတင်မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဖောင်တော်ဦး၊ ကျောက်ကြီးစုရပ်ကွက်တွေကို ရေစတင်ဝင်လာချိန်ကစလို့ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

ပဲခူးမြို့တွင်း အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်ပြီး ရေအမြင့်ပေ ၄ ပေကျော်လာချိန် အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ဖို့ ပဲခူးမြို့စီမံကောင်စီအဖွဲ့က အမိန့်ထုတ်ခဲ့တယ်လို့ ပဲခူးမြို့ရှိ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ 

ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့် ဘုန်းကြီးကျောင်းတွေမှာ စတင်ဖွင့်လှစ်ခဲ့ရပြီး နောက်ပိုင်းမှာ ကယ်ဆယ်ရေးစခန်း ၂၀ ကျော်ထိ ဆက်တိုက်ဖွင့်လှစ်လာရတာပါ။

ရေဘေးရှောင်စခန်းတွေ ဖွင့်လှစ်ပြီးနောက်မှာ ရေဘေးသင့်သူတွေရွှေ့ပြောင်းဖို့ ကူညီရေးလုပ်ငန်းတွေကို ဒေသလူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ စတင်ကူညီပေးခဲ့ကြပါတယ်။

ပဲခူးမြို့ပေါ်က လူမှုကူညီရေးအသင်းတွေရဲ့ ပြောကြားချက်အရ ရေဘေးသင့်သူ ၇၀,၀၀၀ ရှိပြီး ဒီလူတွေဟာ မြို့ရဲ့ အထင်ကရ ရွှေမော်ဓောဘုရားရင်ပြင်နဲ့ ရေမမြုပ်တဲ့ ကုန်းမြင့်ပိုင်းနေရာတွေမှာ ပုရွက်ဆိတ်အုံတွေလို စုပြုံတိုးဝှေ့နေခဲ့ကြပါတယ်။ 

 

ရေဘေးသင့်သူတွေကို ဘယ်သူတွေကယ်ခဲ့သလဲ

အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ မြစ်ရေဟာ စိုးရိမ်ရေအမှတ်ရဲ့အထက် ၄ ပေခန့်‌ကို ရောက်သွားခဲ့ပြီး ဒါဟာ ပဲခူးမြစ်ရဲ့ စံချိန်တင်မြစ်ရေ မြင့်တက်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းက ရေကြီးတုန်းက ကယ်ဆယ်ရေးစခန်းတွေအဖြစ် ဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းတချို့ပါ ရေမြုပ်ကုန်တယ်လို့ ဆိုပါတယ်။  

ရေလွှမ်းနေတဲ့ မြို့လယ်ကောင်လမ်းတွေပေါ်မှာတော့ ရေမြုပ်နေတဲ့ကားတွေကို မြင်ရပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လှေတွေကလည်း အစီအရီသွားလာနေကြပါတယ်။  

“တချို့ကလည်း ရေအတက်မြန်လို့ ကယ်ဆယ်ရေးစခန်းတွေကို မသွားနိုင်ဘဲ ပိတ်မိနေတဲ့လူတွေ ရှိတယ်။ သူတို့ကို လိုက်ကယ်ထုတ်ခဲ့ကြရတယ်။”လို့ ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ရေးလုပ်နေတဲ့ မြို့ခံတဦးကပြောပါတယ်။

အဲဒီလို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မီးသတ်နဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေမှာရှိတဲ့ စပိဘုတ်တွေ၊ ဒေသခံ တံငါလုပ်သူတွေရဲ့ စက်လှေတွေအသုံးပြုပြီးတော့ ပိတ်မိနေကြတဲ့သူတွေကို ကူညီကယ်ဆယ်ခဲ့ကြပါတယ်။

ဒီလိုကူညီရာမှာ ရန်ကုန်၊ မန္တလေးနဲ့ မွန်ပြည်နယ်က မီးသတ်၊ လူမှုကယ်ဆယ်ရေးအသင်းတွေကလည်း အားဖြည့် ကူညီပေးခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ လှေ၊ ကြိုး၊ အပါအဝင် အထောက်အကူပြု ပစ္စည်းတွေနဲ့ မြို့အတွင်းပိတ်မိနေတဲ့ ပြည်သူတွေကို ရေဘေးလွတ်ရာကို ပိုမိုရွှေ့ပြောင်းကူညီပေးနိုင်ခဲ့ကြတယ်လို့ ရေဘေးမှာပါဝင်ကူညီပေးခဲ့တဲ့ ပဲခူးမြို့လူမှုကူညီရေးအသင်းက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကတော့ ပဲခူးမြို့လယ်ကောင်ရပ်ကွက်တွေဖြစ်တဲ့ မှော်ကန်၊ ညောင်ဝိုင်း အပါအဝင် ရပ်ကွက် ၅ ခုမှာသာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

"အဓိက လုပ်ဆောင်တာကတော့ လူမှုရေးအဖွဲ့တွေပါ။ ပြီးတော့ မီးသတ်ပေါ့။ ကျန်တဲ့ဌာနဆိုင်ရာနဲ့ စစ်တပ်ကတော့ နေရာတိုင်းတော့ သူတို့ဘက်ကမရောက်နိုင်ကြဘူး။" လို့ လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

 

စစ်ကောင်စီက ဘာတွေကူညီထောက်ပံ့ခဲ့သလဲ

အောက်တိုဘာလ ၈ ရက် နေ့လယ်ပိုင်းအချိန်မှာ ဒေသခံ ၅,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းတွေဆီ ပြောင်းရွှေ့ပြီးသွားတဲ့အခါမှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့က မြို့သစ် င ရပ်ကွက်နဲ့ ကျောက်ကြီးစုအပိုင်းတွေကို လာရောက်ကြည့်ရှု့ပြီး အနောက်ရွှေနံသာကျောင်း၊ ကလျာဏီသိမ်ကျောင်းနဲ့ ဒက္ခိဏသာခါ ရာမကျောင်းတိုက်တွေမှာ ရှိနေတဲ့ ရေဘေးရှောင်စခန်းတွေ အတွက် ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲနဲ့ ငါးတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ကလျာဏီသိမ်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းရောက် နေအိမ်တဝက်ရေမြုပ်ခဲ့တဲ့ ရေဘေးရှောင်ပြည်သူတဦးက ပြောပါတယ်။

"တရက်တော့ သူတို့ ရေနဲ့စားစရာတွေ လာပေးတယ်။ ကျန်တဲ့ရက်တွေမှာ လူမှုကူညီရေးအဖွဲ့တွေက လာပေးတဲ့ ထမင်းဟင်းတွေတော့ရတယ်" လို့ သူကပြောပါတယ်။ 

စစ်ကောင်စီဘက်က ထောက်ပံ့ပေးလာမှုတွေထဲမှာ တမိသားစုအတွက် ခေါက်ဆွဲခြောက် ၅ ထုပ်၊ ကြက်ဥ ၅ လုံး၊ ရေသန့် ၃ ဗူး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဆန်အိတ်၊ ရေသန့်နဲ့ ခေါက်ဆွဲခြောက်တွေကို သူတို့မှာပါရှိတဲ့ အရေအတွက်အတိုင်း လှူဒါန်းတာဖြစ်လို့ တချို့လူဦးရေးများတဲ့ ရေဘေးရှောင်စခန်းတွေမှာ ရိက္ခာတွေကို လူစေ့ငအောင် မရဘူးလို့ ဆိုပါတယ်။

ဒါကြောင့် လူဦးရေ ၅၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ ရေဘေးရှောင်စခန်းတခုမှာ စစ်ကောင်စီဘက်က ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေဟာ စခန်းတခုလုံးရဲ့ လူဦးရေ ၃ ပုံ ၁ ပုံစာတောင် မရရှိဘူးလို့ ရေဘေးရှောင်ပြည်သူတွေက ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာတော့ ပဲခူးမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းပေါင်း ၄၁ ခု ရှိတယ်လို့ ဖော်ပြထားပြီး ရေကြီးခဲ့တဲ့အချိန်ကစလို့ အောက်တိုဘာ ၁၁ ရက်အထိ ပဲခူးမြို့က ရေဘေးရှောင်စခန်းတွေကို စုစုပေါင်း ဆန်ရိက္ခာဖိုး ငွေကျပ် သိန်း ၄၀၀ နီးပါးနဲ့ ခေါက်ဆွဲခြောက်၊ ရေသန့် စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း ၂၅၀ နီးပါး ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေဟာ ပဲခူးမြို့လယ်ကောင်က ရေဘေးရှောင်စခန်းတွေကိုသာ သွားရောက်ထောက်ပံ့ပေးကြတာကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းအားလုံးကို စစ်ကောင်စီရဲ့ အထောက်အပံ့အကူအညီ မရရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့်လည်း ပဲခူးမြို့ပေါ်မှာ ရေမမြုပ်ဘဲကျန်ခဲ့တဲ့ အိမ်တွေက ရေဘေးသင့်သူတွေအတွက် ထမင်းထုပ်တွေ စီစဉ်ပေးနေကြပါတယ်။ 

“ရပ်ကွက်ထဲမှာဆိုလည်း ၂ အိမ်ခြားလောက်ကို နိုင်သလောက် ထမင်းထုပ် လုပ်နေကြတာတွေ့တယ်။”လို့ ဟင်္သာကုန်းရပ်ကွက်က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ 

စစ်ကောင်စီဘက်ကလည်း ထောက်ပံ့မှုက နေ့တိုင်းရောက်တာမဟုတ်တဲ့အတွက် ပြင်ပအလှူရှင်တွေနဲ့ လူမှုကူညီရေးအသင်းတွေရဲ့ ပံ့ပိုးမှုတွေကသာ ရေဘေးရှောင်ပြည်သူတွေအတွက် စားသောက်ရေး အဆင်ပြေခဲ့တာလို့ ပဲခူးမြို့ခံ ရေဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ လှူဒါန်းငွေတွေကို လူမှုကူညီရေးအသင်းတွေက လက်ခံပြီး ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းထုပ်၊ ရေသန့်နဲ့ ခေါက်ဆွဲခြောက်အပါအဝင် တခြား စားသောက်ဖွယ်ရာတွေကို ကူညီထောက်ပံ့ပေးခဲ့ကြတယ်လို့ ပဲခူးမြို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ 

ဒါပေမဲ့ လှေမလောက်ငမှုနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာကြောင့် ပဲခူးမြို့အနီးနားက ကျေးရွာတွေကိုတော့ လိုက်လံကူညီမျှဝေပေးနိုင်မှု မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။ 

မြို့ထဲကို ရေစဝင်ပြီး ၅ ရက်အကြာ အောက်တိုဘာ ၁၂ ရက်ရောက်သည့်တိုင် မြစ်ရေဟာ စိုးရိမ်ရေအမှတ် အထက် ၂ ပေမှာ ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ပြန်ရောက်သွားနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ 

ပဲခူးမြို့ကို ထိန်းချုပ်ထားရာ စစ်ကောင်စီကတော့ ရေဘေးသင့် ပြည်သူတွေကို လိုက်လံ ကူညီကယ်ဆယ်နေကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဓာတ်ပုံနဲ့တကွ ထည့်သွင်းဖော်ပြနေပါတယ်။ 

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ကူညီနေတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို မမြင်ရ မတွေ့ရဘဲ  ပြည်သူအချင်းချင်းသာ မနိုင်မနင်းကူညီထောက်ပံ့နေကြရတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“သူတို့ကိုလည်း ဘယ်သူမှ အဖက်လုပ်ပြီး ကူဖို့သွားမပြောကြဘူးလေ။ ကိုယ်ထူကိုယ်ထပဲ လုပ်နေကြတာပဲ။ ပရဟိတအသင်းတွေကတော့ အသင်းတိုင်းလိုပဲ ကူပေးကြတာပေါ့”

#မြေလတ်အသံ 

#ပဲခူး #ဆောင်းပါး #သတင်းဆောင်းပါး #ရေဘေး #ကူညီထောက်ပံ့ရေး #ရေဘေးရှောင် #ပြည်သူ #စစ်ကောင်စီ 

မြေလတ်အသံ Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10