ပဲခူးအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးတွေ ဘာကြောင့် အစုလိုက်အပြုံလိုက် နုတ်ထွက်နေကြသလဲ (သတင်းဆောင်းပါး)

ပဲခူးအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးတွေ ဘာကြောင့် အစုလိုက်အပြုံလိုက် နုတ်ထွက်နေကြသလဲ (သတင်းဆောင်းပါး)

ပြီးခဲ့တဲ့သြဂုတ်လက ရုရှားမှာလုပ်တဲ့ ၁၁ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကိုပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းထဲမှာ မြန်မာနိုင်ငံရဲ့ နေရာဒေသအများစုမှာ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်နိုင်ပြီဖြစ်လို့ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ 

ဒါပေမဲ့ လက်တွေ့မှာတော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပဲခူးတိုင်းအနောက်ခြမ်းက ရာနဲ့ချီတဲ့ အုပ်ချုပ်ရေးမှူး‌တွေဟာ စစ်ကောင်စီရဲ့ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်ရဖို့အရေး တန်းစီစောင့်ဆိုင်းနေကြပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ နုတ်ထွက်စာတင်ထားကြတဲ့ အုပ်ချုပ်ရေးမှူး ၁၅၀ ထက်မနည်းရှိနေပြီး သူတို့နေရာမှာ အစားထိုးဖို့ လူမရမချင်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့သာ ဖိအားပေးခံနေရတာကြောင့် အကျပ်ရိုက်နေတယ်လို့ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတဦးကဆိုပါတယ်။  

"နုတ်ထွက်စာကို လက်ခံပေးထားပေမယ့် အသစ်ခန့်ဖို့ လူမရောက်သေးခင် ဆက်လုပ်ပေးရမယ်လို့ သူတို့(စစ်ကောင်စီ)က ပြောတယ်။ လူမရှာပေးနိုင်သေးလို့ နေ့တိုင်းရုံးပြန်ထိုင်နေရတယ်" လို့ သူက ပြောပါတယ်။ 

ပဲခူးတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတာရှိသလို စစ်ကောင်စီသတင်းပေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်း ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံရတာတွေရှိနေပါတယ်။

တချိန်တည်းမှာပဲ ပဲခူးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်က ၂၀၂၃ ဇူလိုင် ၁ ရက်မှာ ကြေညာလိုက်တဲ့နောက်ပိုင်းမှာတော့ ပဲခူးရိုးမအနောက်ခြမ်းမှာ အခုလို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ နုတ်ထွက်စာတွေဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေကို တသောသော ရောက်လာကြတာဖြစ်ပါတယ်။  

စစ်အုပ်ချုပ်ရေးယန္တရားအတွက်အရေးပါတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ကတည်းကစလို့ တဖြုတ်ဖြုတ်လုပ်ကြံသတ်ဖြတ်ခံနေရပြီး ခုလိုအခြေအနေရောက်လာတဲ့အခါ စစ်တပ်ကလည်း လုံခြုံရေးအာမခံချက် မပေးနိုင်တာကြောင့် အုပ်ချုပ်ရေးမှူးလုပ်ရဲတဲ့သူဟာ မရှိသလောက်ကို ဖြစ်လာပါတယ်။ 

"အခုက အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ ရှင်းလင်းခံလာရတော့ ဘေးအန္တရာယ်က စိတ်မချရတော့ဘူး။ စစ်ကောင်စီကလည်း မကာကွယ်ပေးနိုင်ဘူးလေ။ " လို့ အုတ်ဖိုမြို့မှာ နေထိုင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။ 

အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်အာဏာသိမ်းမှုကို လိုလားသူတွေဖြစ်ပြီး ရပ်ရွာထဲက အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအကြောင်း စစ်ကောင်စီထံ သတင်းပေးသူတွေဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ 

ဒီဆောင်းပါးရေးသားနေစဉ် စက်တင်ဘာ ၁၁ ရက်မှာပဲ သုံးဆယ်မြို့က စံတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဒေါ်သိမ့်သိမ့်လွင်ဟာ သာယာဝတီခရိုင်၊ ဂဠုန်တပ်ဖွဲ့ရဲ့ ပစ်သတ်တာကို ခံလိုက်ရပါသေးတယ်။

သာယာဝတီမြို့ ခလရ ၃၅ စစ်တပ်အနီး သာယာအေးကျေးရွာလမ်းပေါ်မှာ ညနေ ၆ နာရီလောက်က သူ့သမီးဆရာဝန်နဲ့ ဆေးခန်းကနေ အတူပြန်လာတဲ့အချိန် ဒေါ်သိမ့်သိမ့်လွင်ကို သေနတ်နဲ့ပစ်လိုက်တာဖြစ်ပြီး သမီးဖြစ်သူဆရာဝန်ကိုတော့ မသက်ဆိုင်တာကြောင့်မပစ်ခဲ့ဘူးလို့ ဂဠုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

အဲ့ဒီအမျိုးသမီးအုပ်ချုပ်ရေးမှူးဟာ ၂၀၂၂ နိုဝင်ဘာ ၂၅ ရက်က ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုထွန်းထွန်းနေရာမှာ အစားထိုးဝင်ရောက်သူဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ စစ်အာဏာမသိမ်းခင်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် အများသဘောညီ ၅ နှစ်တကြိမ် ရွေးကောက်တင်မြှောက်တဲ့ အလေ့အထရှိခဲ့ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်မြောက်အနိုင်ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာလည်း နောက်ထပ်သက်တမ်း ၅ နှစ်အတွက် အုပ်ချုပ်ရေးမှူးရွေးပွဲလုပ်ဖို့ လူစာရင်းအဆိုပြုလျာထားတာမျိုးတွေ ရှိနေခဲ့ပါပြီ။  

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးမှူးရွေးကောက်တင်မြှောက်တဲ့ အစဉ်အလာဟာ ပျက်သွားပြီး နဝတ၊ နအဖ (စစ်အာဏာရှင် ဦးသန်းရွှေ) လက်ထက်ကလို အာဏာသိမ်း စစ်တပ်ရဲ့ အလိုကျခန့်အပ်မှုစနစ် ပြန်ဖြစ်လာပါတယ်။ 

စစ်အာဏာသိမ်းမှုကို လက်မခံနိုင်လို့ အုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်ခဲ့သူတွေ အများအပြားရှိလာတဲ့အခါ စစ်တပ်က ဖမ်းဆီးပြီး ဖိအားပေးပြန်လုပ်ခိုင်းတာ၊ သူတို့ကို လိုလားသူတွေနဲ့ အစားထိုးခန့်အပ်တာတွေ လုပ်ခဲ့ပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြသူတွေနဲ့ CDM ဝန်ထမ်းတွေကို နေအိမ်တွေအထိ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးရာမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကနေ အမည်စာရင်း တောင်းတာ၊ နေအိမ်တွေကို လမ်းညွှန်ခိုင်းတာနဲ့ အိမ်တွေကို ချိပ်ပိတ်တာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အဓိက အကျိုးဆောင်ရသူတွေဖြစ်ပါတယ်။

ပေါင်းတည်မြို့နယ်မှာ အာဏာသိမ်းပြီးကတည်းက အုပ်ချုပ်ရေးမှူး ၅ ဦးထက်မနည်း အသတ်ခံခဲ့ရပါပြီ။ ပထမဦးဆုံး အသတ်ခံခဲ့ရသူကတော့ ၂၀၂၁ ဇွန် ၃၀ က ဦးခေါင်းကို သေနတ်မှန်သေဆုံးခဲ့တဲ့ အသက် ၄၀ ကျော်အရွယ် ကြို့ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်ဆိုသူဖြစ်ပါတယ်။ 

သူ့အမျိုးသမီးနဲ့အတူ မနက်အစောပိုင်းမှာ ပေါင်းတည်မြို့ဘက်ကို မော်တော်ဆိုက်ကယ်မောင်းနှင်လာစဉ် ဦးခေါင်းကို သေနတ် ၂ ချက်ထိမှန်ခဲ့တာပါ။  

နောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဧည့်စာရင်းစနစ်ကို ပြန်အသက်သွင်းပြီး မြို့နယ်အလိုက် စစ်အုပ်ချုပ်ရေးကြေညာကာ ပြည်သူလူထုကို ဖိနှိပ်လာတဲ့အခါ အုပ်ချုပ်ရေးမှူးတွေက ပိုလို့အရေးပါလာပါတယ်။ 

၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်မှာ အာဏာသိမ်းစစ်တပ်က ပဲခူးတိုင်း အနောက်ခြမ်းက အုတ်ဖို၊ နတ္တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းစတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။ 

ဒီအခါမှာ စစ်အုပ်ချုပ်ရေးယန္တရားရဲ့ အခိုင်အမာဒေါက်တိုင်ဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံလာရမှုဟာ ပိုလို့အရှိန်မြင့်လာပြီး သေသွားတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာမှာ အစားထိုးခန့်အပ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ထပ်မံအသတ်ခံရပါတယ်။ 

မြေလတ်အသံရဲ့ စာရင်းအရ ပဲခူးတိုင်းအနောက်ခြမ်းမှာ ၂၀၂၃ ဇန်နဝါရီကနေ ယနေ့အထိ အသတ်ခံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၂၀ ကျော်ရှိခဲ့ပါပြီ။ 

ပေါင်းတည်မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီး ၈ ရက်မြောက်နေ့မှာပဲ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး အသတ်ခံလိုက်ရပါတယ်။ 

ဖေဖော်ဝါရီ ၁၀ ရက်မှာ ပေါင်းတည်မြို့နယ် သပြေကြီကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၅၂ အရွယ် ဦးတင်မော်ဝင်းဟာ ရွာချင်းဆက်လမ်းမှာ ဆိုက်ကယ်စီးလာနေတုန်း သေနတ်ထိမှန်သေဆုံးခဲ့တာပါ။

သူ့အရင် သပြေကြီးစုကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အသက် ၅၀ ကျော်အရွယ် ဦးမြဟန်ဟာလည်း  ၂၀၂၂ ဇွန် ၁၈ ရက်က လယ်ကွင်းပြင်မှာပဲ သေနတ်မှန်သေဆုံးခဲ့ပါတယ်။  

အုတ်ဖိုမြို့နယ်ထဲက ဒေါင်းစပါးကျေးရွာအုပ်စုမှာဆိုရင် ဂွေ့ချောင်းကျေးရွာက လစ်လပ်နေတဲ့ အုပ်ချူပ်ရေးမှူး နေရာကို ဝင်လုပ်ဖို့ကြိုးစားနေတဲ့ အမျိုးသားတယောက်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဩဂုတ် ၂၆ ရက် မှာ ရှင်းလင်းခဲ့ကြပါတယ်။ 

ရှင်းလင်းခံရသူ ဦးမျိုးဇော်အောင် ၃၉ နှစ်ဟာ ဂွေ့ချောင်းရွာကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်သူတွေရဲ့ သတင်းကို စုံစမ်းကာ စစ်ကောင်စီထံ ပေးပို့နေသူဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီကတော့ သူတို့ကို သတင်းပေးတဲ့ အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေးမပေးတဲ့အပြင် မိသားစုကိုယ်စား တာဝန်ယူပြီး အလောင်းကောက်ပေးတာတောင်မရှိဘူးလို့ အုတ်ဖိုမြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။  

အုပ်ချုပ်ရေးမှူးတွေ ခုလိုအသတ်ခံရလို့ အစားထိုးခန့်အပ်လိုက်၊ ထပ်အသတ်ခံရလိုက်ဖြစ်နေတဲ့ ပဲခူးတိုင်း အနောက်ခြမ်းက တချို့ကျေးရွာတွေမှာဆို အုပ်ချုပ်ရေးမှူးလုပ်မယ့်သူ မရှိဖြစ်နေပါတယ်။

ပေါင်းတည်မြို့နယ်မှာ ကြို့ပင်သာကျေးရွာအုပ်စုမှာဆိုရင် အုပ်ချုပ်ရေးမှူးမရှိသလို အဲ့ဒီကျေးရွာအနီးက မဲခေါင်းကျေးရွာအုပ်စုနဲ့ သပြေကြီးစုအုပ်စုအပါအဝင် စုစုပေါင်း ကျေးရွာအုပ်စု ၈ ခု မှာလည်း အုပ်ချုပ်ရေးမှူးလုပ်မယ့်သူ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“အုပ်ချုပ်ရေးမှူးမရှိတော့ ရွာကလူတွေ ထောက်ခံစာလုပ်ချင်ရင် ရဲစခန်းသွားလုပ်ရတယ်။ ထောက်ခံစာကို ရဲစခန်းကပဲ တာဝန်ယူတယ်။ ရွာကိုယ်စားလှယ်ဆိုတာ မရှိတော့ဘူး။ မိသားစုထဲ ပြဿနာဖြစ်ရင်လည်း ကိုယ့်ဘာသာ ရှင်းရင်ရှင်း၊ မရှင်းချင်ရင် ရဲစခန်းပဲသွားရတာပေါ့။” လို့ အုပ်ချုပ်ရေးမှူးမရှိတဲ့ ရွာတရွာက ရွာသားတဦးက ပြောပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ ဖိအားပေးမှုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကြားမှာ မြွေမသေ၊ တုတ်မကျိုးလုပ်ရင်း ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်နေကြတဲ့ တချို့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိနေကြပါတယ်။ 

ပေါင်းတည်မြို့နယ်ထဲက ကျေးရွာသားတဦးက “ကျနော်တို့ ရွာဝန်းကျင်က အုပ်ချုပ်ရေးမှူးတွေကတော့ အချိုးပြေပြေနေကြပါတယ်။ မောက်မောက်မာမာတော့ မရှိကြပါဘူး" လို့ မြေလတ်အသံကို ပြောပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းက နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတဦးကတော့ စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီသတင်းပေးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက မကြာခဏ ရှင်းလင်းနေကြတာကြောင့် ဆက်လက်တာဝန်ထမ်းဆောင်ရမှာကို လန့်နေတဲ့အကြောင်း အခုလို ဆိုပါတယ်။

"စစ်တပ်နဲ့ ရဲတွေတောင် သူတို့ကို PDF က လာပစ်မှာကြောက်လို့ သဲအိတ်တွေကာပြီး သူတို့စခန်းကို ဝင်တဲ့ လမ်းတွေကို ပိတ်ထားနေကြတာ။ ကျုပ်တို့ အုပ်ကြီးတွေက တလမှ သိန်းဂဏန်းလောက်ရတဲ့ လစာလေးနဲ့ ကိုယ့်အသက်တော့ အချောင်အသေမခံနိုင်လို့ ကျန်မာရေးမကောင်းလို့ဆိုပြီး ပြီးခဲ့တဲ့ရက်က နှုတ်ထွက်စာ တင်လိုက်ပြီ" 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #အုပ်ချုပ်ရေးမှူး #အစုလိုက်အပြုံလိုက် #နုတ်ထွက် #အသတ်ခံရ #ဖိအားပေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10