မင်းတုန်းနယ်က ဗိုလ်ပျံလွှားကို ဘယ်သူတွေ သတ်ခဲ့တာလဲ

မင်းတုန်းနယ်က ဗိုလ်ပျံလွှားကို ဘယ်သူတွေ သတ်ခဲ့တာလဲ

မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နှင့် ငကုန်းကျေးရွာက ရွာသူရွာသားများ စုရုံးရောက်ရှိနေကြသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ အစည်းအဝေးတရပ်ကျင်းပရန် ရောက်ရှိနေကြခြင်းဖြစ်သည်။

 

ဗိုလ်ပျံလွှားသည်လည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် သူ့တပ်ရင်းမှ CDM ပညာရေးဝန်ထမ်း၊ CDM ကျန်းမာရေးဝန်ထမ်း၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တပ်ရင်းမှအမျိုးသားတဦး စုစုပေါင်း ၄  ဦးနှင့်အတူ ငကုန်းကျေးရွာသို့ ထွက်ခဲ့ကြသည်။ 

 

စခန်းအခြေစိုက်ရာ ရခိုင်ရိုးမတောင်ခြေမှ မနက် ၇ နာရီကတည်းက ဆိုင်ကယ်စီး၍ ထွက်လာခဲ့ရာ ငကုန်းကျေးရွာသို့ ၉ နာရီမထိုးခင် ရောက်သည်။ သူတို့ရောက်သည့်အချိန်တွင် အစည်အဝေးက မစသေး။ အခြားသောတပ်ဖွဲ့ဝင်တွေလည်း မစုံသေး။ သူတို့သည် ခြေလက်တွေကို ရေဆေးပြီး ငကုန်းကျေးရွာစာသင်ကျောင်းပေါ်သို့ တက်သွားခဲ့ကြသည်။

 

ကျောင်းပေါ်သို့ရောက်သည့်အခါ ဗိုလ်ပျံလွှားက “ကျနော် ပျံလွှားပါ” ဟု စတင်မိတ်ဆက်သည်။ ပြီးလျှင် မင်းတပ် တော်လှန်ရေးကစလို့ မကွေးတိုင်းပေါက်မြို့နယ်၊ ကင်းမရွာမှာ စတင်ခဲ့သည့် သူ၏လက်နက်ကိုင် တော်လှန်ရေးခရီးအစကို မိတ်ဆက်ကာ ရှင်းပြသည်။

 

ဗိုလ်ပျံလွှားက ထိုသို့စကားပြောနေစဉ် မင်းတုန်းပကဖအဖွဲ့မှ ဒုတိယခေါင်းဆောင် ကိုဒေါင်းသည် ငကုန်းစာသင်ကျောင်းဆောင် အရှေ့ဘက်ရှိ လှေခါးမှနေ၍ ဗိုလ်ပျံလွှားအား သေနတ်ဖြင့် လှမ်းပစ်လိုက်သည်။ 

 

ကျည်ဆံဟာ ဗိုလ်ပျံလွှား၏ ဘယ်ဘက်ရင်အုံကို ထိမှန်ကာ ဗိုလ်ပျံလွှားထိုင်လျက်သား အနောက်သို့လဲကျသွားသည်။ အစည်းအဝေအခန်းထဲရောက်နေသည့် ကျေးရွာသူ၊ ကျေးရွာသားတွေအားလုံး ဝရုန်းသုန်းကားထွက်ပြေးကြသည်။

 

ထိုအခါ မင်းတုန်းပကဖ ဒုတာဝန်ခံ ကိုဒေါင်းသည် ဘယ်ဘက်လက်က သေနတ်ကိုကိုင်ထားလျက် “အထက်အမိန့် ဘယ်သူ ဘာပြောချင်လဲ” ဟု အော်ဟစ်ပြောဆိုလိုက်သည်။

 

ဗိုလ်ပျံလွှားနှင့်အတူလိုက်ပါလာသည့် သူ၏တပ်ဖွဲ့ဝင်တွေကလည်း သူတို့ခေါင်းဆောင်သေဆုံးသွားပြီဖြစ်ရာ အခြေအနေတွေ ပိုမိုရှုပ်ထွေးသွားနိုင်သည့်အပြင် သူတို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်သည့်အတွက် လွတ်မြောက်ရာသို့ အသီးသီးထွက်ပြေးသွားခဲ့ရသည်။ 

 

အထက်ပါအဖြစ်အပျက်သည် ယခုနှစ် မတ်လ ၂၈ ရက်က မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တခုကို ဗိုလ်ပျံလွှားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မြေလတ်အသံသို့ ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။ 

 

ဗိုလ်ပျံလွှားရဲ့ Swallow PDF-Magway ပြည်သူ့ကာကွယ်ရေးတပ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဒေသခံပြည်သူများ၏ ဆန္ဒ၊ ဆုံးဖြတ်ချက်ဖြင့် ဗိုလ်ပျံလွှားကို ရွေးချယ်တင်မြှောက်ကာ Local PDF အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

 

သူတို့တပ်ဖွဲ့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်ချိတ်ပိတ်ခံရပြီး ထွက်ပြေးလာရသူများ၊ နေအိမ်မီးရှို့ခံ ရသူများ၊ CDM ပညာရေးဝန်ထမ်း၊ CDM ကျန်းမာရေး ဝန်ထမ်းများ ပါဝင်ကြသည်။ 

 

ပျံလွှားတပ်ဖွဲ့ ဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင် ကျေးရွာအုပ်စုအဆင့် ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကိုလည်း ဒီမိုကရေစီနည်းကျကျ အများသဘောတူ ရွေးချယ်ဖွဲ့စည်းခဲ့ကြသည်။ 

 

ဗိုလ်ပျံလွှာတပ်ဖွဲ့တွင် CDM ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းများပါဝင်သဖြင့် စစ်ရှောင်မိသားစုများ၏ ကလေးများပညာသင်ယူခွင့်ရရှိရေးအတွက် Mobile School System ဖြင့် တပတ်လျှင် သုံးရက် စာသင်ကြားခြင်း၊ စစ်ရှောင်မိသားစုများနှင့် ဒေသခံကျေးရွာများ၏ ကျန်းမာရေးအတွက် မြေပြင်ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းများကို ပြုလုပ်ပေးခဲ့သည်။ 

 

ဆေးကုသခြင်း အစီအစဉ်ကိုလည်း လိုအပ်လျှင် လိုအပ်သလို တောတွင်နေရာများအထိပါ သွားရောက်ကာ ကုသပေးခြင်းများ ပြုလုပ်ပေးသည်။ ထို့အပြင် စစ်ကောင်စီရဲ့ အဖမ်းခံရသည့် နယ်မြေဒေသခံ မိသားစုဝင်များ၏ စားဝတ်နေရေးကိုလည်း တတ်စွမ်းသမျှ ကူညီလုပ်ဆောင်လျက်ရှိသည်။ 

 

စစ်ရေးမစ်ရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ စစ်သား ၂ ဦးကို သုတ်သင်နိုင်ခဲ့သလို ပြောင်းကျေးရွာ ဂိတ်စခန်းကိုသိမ်းယူ မီးရှို့နိုင်ခဲ့သည်။

 

နယ်မြေဒေသကျေးရွာများတွင်လည်း ကျေးရွာအဆင့် မြေအောက်တော်လှန်ရေး ရဲဘော်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့အတူ ပညာရေးကဏ္ဍ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် တောတွင်း ပြည်သူ့ပညာရေးစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် ကျန်းမာရေးအခန်းကဏ္ဍတွင် မြို့ပေါ်သို့ သွားရောက်ဆေးကုသရန် ခက်ခဲသော ပြည်သူလူထုအတွက် တောတွင်းဆေးခန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ 

 

ထိုထက်မက တိုးမြှင့်အောင်လည်း လုပ်ဆောင်ဖို့ အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်ဟု Swallow PDF-Magway တပ်ဖွဲ့ စတင်ထူထောင်သည့် အချိန်မှစ၍ နောက်ဆုံး ဗိုလ်ပျံလွှားသေဆုံးသွားသည့်အချိန်ထိ လှုပ်ရှားဆောင်ရွက်ခဲ့သည်များကို ဗိုလ်ပျံလွှား တပ်ဖွဲ့ဝင်များက ရှင်းပြသည်။ 

 

 

ဗိုလ်ပျံလွှား လုပ်ကြံမခံရခင် တရက်အလို

 

 

Swallow PDF-Magway အဖွဲ့သည် ယခုနှစ် မတ်လ ၂၇ ရက်တွင် မင်းတုန်းမြို့နယ်အတွင်းက ကျေးရွာတချို့ကို  ကျပ် ၁၀ သိန်း ဝန်းကျင်တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့သေးသည်။ ထိုဒေသက ဒေသခံများသည် စစ်ကောင်စီ၏ မဆင်မခြင် ဖမ်းဆီးနေသည့် အခြေအနေများကြောင့် ကျန်းမာရေးမကောင်းသည့်တိုင် ဆေးခန်းသို့ မသွားရဲကြ။ အိမ်တွင် ရရာဆေးမြီးတိုဖြင့် ကုသကြသည်။ ထို့ကြောင့် အသက်ဆုံးရှုံးရသည်များ ရှိသည်။ 

 

ထို့ကြောင့် မတ်လ ၂၈ ရက်တွင် Swallow PDF-Magway အဖွဲ့မှ CDM ကျန်းမာရေး ဝန်ထမ်းများက မြေပြင်ဆင်းပြီး ဆေးကုသရေးသွားဖို့ အစီအစဉ်များ ဆွဲထားကြသည်။ 

 

သို့သော် မတ်လ ၂၇ ရက် ည ၁၁ နာရီခန့်တွင် Swallow PDF-Magway တပ်ဖွဲ့၏ နောက်တန်း တပ်စခန်းသို့ Mindone People Revolution Force(MPRF)မှ ဆလိုင်းအာကာ ဦးဆောင်သည့်အဖွဲ့ ရောက်လာခဲ့သည်။ စခန်းရှိ အမျိုးသမီးများနှင့် ကလေးများကို တနေရာတွင် စုထိုင်ခိုင်းပြီး လက်မြှောက်ခိုင်းထားသည်။ 

 

Swallow PDF-Magway တပ်ဖွဲ့နောက်တန်းစခန်းတွင် တူမီးသေနတ်ကိုင်သည့် ကင်းသမား ရဲဘော်တဦးသာ ရှိ၏။ ၎င်းကိုလည်း ဆလိုင်းအာကာတို့အဖွဲ့က ဖမ်းချုပ်ထားလိုက်ပြီး တူမီးသေနတ်ကို သိမ်းဆည်းလိုက်သည်။ ဖုန်းများကို အကုန်သိမ်းယူကာ စစ်ဆေးသည်။ 

 

ပြီးလျှင် “Swallow PDF-Magway အဖွဲ့ကို AA အပါအဝင် တခြားအဖွဲ့တွေက ပူးပေါင်းတိုက်တော့မယ်” ဟု ဆလိုင်း အာကာခြိမ်းခြောက်ခဲ့သည့်ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပျံလွှာတပ်ဖွဲ့ဝင် မိသားစုတဦးက ဆိုသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ပျံလွှားကို ပြန်ပြောမည်ဆိုပါက ပြန်ပြောသူကို သတ်မည့်အကြောင်းလည်း ဆလိုင်းအာကာက ခြိမ်းခြောက်သည်။

 

ဖုန်းများကို စစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းတွေ ပြုလုပ်ပြီးသည့်နောက် ကင်းသမားရဲဘော်ထံမှ တူမီးသေနတ်ကိုယူကာ ဆလိုင်းအာကာတို့အဖွဲ့သည် ဗိုလ်ပျံလွှား၏ နောက်တန်းစခန်းမှ ပြန်လည်ထွက်ခွာသွားကြသည်။ 

 

ခဏတာ ထိန်းသိမ်းခံလိုက်ရသည့် မိသားစုဝင်များသည် ကြောက်လန့်ငိုယိုကာ ရှေ့တန်းစခန်းရှိ ဗိုလ်ပျံလွှားထံ ချက်ချင်း ဆက်သွယ်အကြောင်းကြားသည်။ သူတို့ စခန်းတွင် မနေရဲကြတော့ကြောင်း ရှင်းပြကာ အကူအညီတောင်းသည်။ 

 

ထိုအခါ ဗိုလ်ပျံလွှားက Swallow PDF-Magway ၏ ရပ်/ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ ဆက်သွယ် အကြောင်းကြားစေသည်။ ပြီးလျှင် မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာရှိ မင်းတုန်းပြည်သူ့ကာကွယ်ရေးအဖွဲ့အား ဆက်သွယ်အကြောင်းကြားခိုင်းသည်။ သို့သော် ဖုန်းအဆက်အသွယ်မရသည့်အတွက် ဗိုလ်ပျံလွှားတပ်ဖွဲ့မှ တာဝန်ရှိသူ ၂ ဦးကို ညတွင်းချင်း ငကုန်းကျေးရွာသို့စေလွှတ်ပြီး ဖြစ်ပျက်သွားသည့်ကိစ္စအား အကြောင်းကြားစေခဲ့သည်။ 

 

မတ်လ ၂၈ ရက် မနက်မှာတော့ ငကုန်းကျေးရွာသို့ စေလွှတ်လိုက်သည့် ပျံလွှားတပ်ဖွဲ့ဝင် ၂ ဦးသည် သတင်းစကားနှင့်အတူ စခန်းသို့ ပြန်ရောက်လာခဲ့သည်။ ယင်းသတင်းစကားက ဗိုလ်ပျံလွှားအား မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာက အစည်းအဝေးသို့ တက်ရောက်ရန်ဖြစ်သည်။ 

 

ထိုအစည်းအဝေးသည် သရက်ခရိုင်အတွင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲအားလုံးနှင့် ပြည်သူလူထု တွေ့ဆုံမည့်အစည်းအဝေးဖြစ်သလို Swallow PDF-Magway နောက်တန်းစခန်းတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးမည့် အစည်းအဝေးလည်းဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါအစည်းအဝေးတွင် Eagle Force တပ်ရင်း ၄၊ မင်းတုန်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးကြိုးပြောက်ကျားမှ CDM ဗိုလ်ကြီးသူရိန်ဝင့် ခေါ်  ဗိုလ်ဆိုင်ဂုံအဖွဲ့ (လက်ရှိ ကေအိုင်အေနယ်မြေတွင် အဖမ်းခံထားရသူ)၊ ကျောင်းသားလက်ရုံးတပ်တော်၊ ACDF (အရှိုချင်းပြည်သူ့ကာကွယ် ရေးတပ်မတော်)၊ မင်းလှပကဖ၊ ရကွိုင့်တပ်တော်(AA)မှ သံတမန်နယ်မြေဒေသ ဆက်သွယ်ရေးတာဝန်ခံ ဘဖိုးလုံး(ခေါ်) ဦးစံချစ်နှင့် ဆလိုင်းအာကာ ဦးဆောင်သည့် Mindone People Revolution Force(MPRF) တို့ တက်ရောက်ကြမည်ဟုလည်း သတင်းစကားပါးလိုက်သေးသည်။ 

 

ဤသို့ဖြင့် ဗိုလ်ပျံလွှားသည် ငကုန်းကျေးရွာစာသင်ကျောင်းတွင် ကျင်းပမည့်အစည်းအဝေးသို့ တက်ရောက်ခဲ့ရာက အထက်ပါအတိုင်း မင်းတုန်းပကဖအဖွဲ့မှ ဒုတိယခေါင်းဆောင် ကိုဒေါင်း၏ လုပ်ကြံခြင်းကို ခံလိုက်ရခြင်း ဖြစ်လေသည်။ 

 

 

တပ်ပျက်သွားတဲ့ ဗိုလ်ပျံလွှားတပ်ဖွဲ့

 

 

ဗိုလ်ပျံလွှားကို လုပ်ကြံပြီး (လုပ်ကြံခံရပြီး) မတ်လ ၂၉ ရက် နောက်တရက်မှာတော့ Swallow PDF-Magway တပ်ဖွဲ့မှ ရဲဘော် ၁ ဦးအပါအဝင် မိသားစုဝင် စုစုပေါင်း ၆ ဦးကို MPRF အဖွဲ့ခေါင်းဆောင် ဆလိုင်းအာကာက ဖမ်းဆီးလိုက်သည်။ 

 

ပြီးလျှင် ထွက်ပြေးသွားသည့် ရဲဘော်များအပါအဝင် အခြားသောဗိုလ်ပျံလွှားတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်များအား ငကုန်းကျေးရွာရှိ မင်းတုန်းပကဖထံ လာရောက်အပ်နှံကြရန်နှင့် မအပ်ပါက မိသားစုဝင်များ၏ အသက်အန္တရာယ်ကို တာဝန်မယူကြောင်း ဆလိုင်းအာကာက ခြိမ်းခြောက်ခဲ့ကြောင်း ပျံလွှားတပ်ဖွဲ့ဝင်များက ပြောသည်။ 

 

ထိုအခါ ဗိုလ်ပျံလွှားတပ်ဖွဲ့ဝင်များသည် သူတို့အတွက် ခေါင်းဆောင်ကင်းမဲ့သွားပြီဖြစ်သလို တဖက်တွင်လည်း မိသားစုဝင်များ၏ အသက်အန္တရာယ်ကို စိုးရိမ်နေရပြီဖြစ်သည်။ သူတို့အတွက် အိမ်ပြန်ရန်မှာလည်း မဖြစ်နိုင်။ စစ်ကောင်စီ၏ ရန်ကိုလည်း ကြောက်ရသည်။ ယခုအခါ တော်လှန်ရေးသမား အချင်းချင်းကိုလည်း ပြန်ကြောက် နေရပြန်သည်။   

 

သူတို့အားလုံး တိုင်ပင်ပြီးသည့်နောက်မှာတော့ မိသားစုဝင်များနှင့် သေနတ်များလဲလှယ်ဖို့ သဘောတူလိုက်ကြသည်။ သို့သော် ကိုယ်တိုင်လူချင်းတွေ့ပြီး မပေးရဲ။ သူတို့အသက်အန္တရာယ်အတွက်လည်း မလုံခြုံ။ ထို့ကြောင့် ငကုန်ကျေးရွာသားတဦးထံ အကူအညီတောင်းကာ မောင်းပြန်သေနတ် ၂ လက်ဖြင့် မိသားစုဝင်များအသက်ကို လဲလှယ်လိုက်ရသည်။ 

 

ထို့နောက် ဗိုလ်ပျံလွှားဦးဆောင်သည့် Swallow PDF-Magway တပ်ဖွဲ့မှာ တစစီ ပြိုကွဲသွားပြီး  တပ်ဖွဲ့ဝင် ရဲဘော်များနှင့် ၎င်းတို့၏ မိသားစုဝင်အားလုံးသည် ဘေးကင်းရာဒေသသို့ ထွက်ပြေးသွားကြလေတော့သည်။ 

 

 

ဗိုလ်ပျံလွှားခေါ် ဗိုလ်ရဲနိုင် ဘာကြောင့်အသတ်ခံရသလဲ

 

 

Swallow PDF-Magway တပ်ဖွဲ့ဝင်များက ဗိုလ်ပျံလွှားအသတ်ခံရခြင်းမှာ တော်လှန်ရေးဒေသတွင် မစ်ရှင်တချို့ဖော်ဆောင်နိုင်ခြင်း၊ အုပ်ချုပ်ရေးနှင့် ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးကအစ ဦး‌ဆောင်လုပ်နိုင်လာနိုင်သည့်အတွက် တဖြည်းဖြည်းကျော်ကြားလာခြင်းကြောင့် ယခုလိုလုပ်ကြံခံရတာဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ 

 

ဗိုလ်ပျံလွှားသည် မင်းတုန်းမြို့နယ်အတွင်း မစ်ရှင်တချို့ကို ဖော်ဆောင်နိုင်ခဲ့သည်။ ကျေးရွာအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ သစ်မှောင်ခို၊ လူမှောင်ခို၊ နွားမှောင်ခို စသည့် မှောင်ခိုလုပ်ငန်းများကို ဖမ်းဆီးကာ အုပ်ချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့သည်။ 

 

ထို့အပြင် ဒေသတွင်းလိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ 

 

"အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပြီးမှ လမ်းတွေပိတ်၊ သစ်ကားတွေ ဖမ်းတာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကြောင့်ပဲ သူတို့အဖွဲ့ တွေက ဆရာပျံလွှားကို လုပ်ကြံတာဖြစ်နိုင်တယ်" ဟု Swallow PDF-Magway တပ်ဖွဲ့မှ ဘဏ္ဍာရေးတာဝန်ရှိသူက ပြောပြသည်။

 

သရက်ခရိုင်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကတော့ ဗိုလ်ပျံလွှားသည် ဒေသတွင်းက ကျေးရွာများတွင် ဆက်ကြေးကောက်သည့် လုပ်ရပ်များရှိသလို ဒေသခံတွေအပေါ်မှာလည်း အနိုင်ကျင့် ဖိနှိပ်ခြင်းများရှိသည်ဟု စွပ်စွဲထားသည်များရှိသည်။ 

 

သို့သော် ယင်းစွပ်စွဲချက်များသည် ဗိုလ်ပျံလွှားသေဆုံးသွားပြီး ပြန်လည်ချေပနိုင်ခြင်း မရှိတော့သည့်အခါမှ စွပ်စွဲသည့် စွပ်စွဲချက်များသာဖြစ်သည့်အတွက် တရားမျှတမှုမရှိဟု ဗိုလ်ပျံလွှားတပ်ဖွဲ့ဝင်များက ချေပသည်။ 

 

ထို့အပြင် ဗိုလ်ပျံလွှားသည် ဒေသခံပြည်သူလူထုနှင့် ပြေပြေလည်လည် ပြောဆိုဆက်ဆံပုံကို ရုပ်သံမှတ်တမ်းများနှင့်တကွ သက်သေပြနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်နယ်မြေနှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားရသော ဗိုလ်ပျံလွှား၏ တပ်ဖွဲ့ဝင်မိသားစုများကဆိုသည်။ 

 

ဗိုလ်ပျံလွှားအသတ်ခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ပြည်ထောင်စုကာကွယ်ရေးတပ်မတော် (ABSDF-UNRA)က ဧပြီလ ၈ ရက်တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။ 

 

ဧပြီလ ၈ ရက်တွင် ထုတ်ပြန်သည့် ABSDF-UNRA ၏ ကြေညာချက်

 

 

အဆိုပါထုတ်ပြန်ချက်တွင် မိမိတို့သည် လက်ရှိတာဝန်ကျရာနေရာက ရန်သူသုတ်သင်ရေး ပြည်သူ့တော်လှန်ရေးတွင် အသက်ပေးတိုက်ပွဲဝင်နေသည့် ABSDF-UNRA ရဲဘော်များဖြစ်ပြီး ယခုအချိန်အထိ NUGမှသော်လည်းကောင်း၊ အခြားအဖွဲ့အစည်းများထံမှသော်လည်းကောင်း အကူအညီရယူနေခြင်း မရှိပါကြောင်း ဦးစွာဖော်ပြထားသည်။

 

ယခု လုပ်ကြံသတ်ဖြတ်ခံရသည့် ဗိုလ်ပျံလွှာခေါ် ဗိုလ်ရဲနိုင်သည် ABSDF-UNRA ၏ တပ်ဖွဲ့ဝင်တဦးဖြစ်ကြောင်းနှင့် ၎င်းသည် မကွေးတိုင်းဘက်မှ တာဝန်ရှိသူများ၏ အကူအညီတောင်းခံမှုကြောင့် စေလွှတ်တာဝန်ပေးခဲ့သည့် တပ်ဖွဲ့ဝင်တဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

 

ဗိုလ်ပျံလွှားခေါ် ဗိုလ်ရဲနိုင်၏ ABSDF-UNRA တပ်ဖွဲ့ဝင် ကတ်ပြား

 

ထို့အပြင် ဗိုလ်ရဲနိုင် ခေါ် ဗိုလ်ပျံလွှားတို့ ညီကိုအားလုံးသည် တော်လှန်ရေးတွင် ပေးဆပ်ခဲ့သူများဖြစ်ပြီး အစ်ကို ၂ ဦးမှာ ABSDF-UNRA တွင် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည်။ ယခုဖြစ်စဉ်မျိုးသည် တော်လှန်ရေးအား အရုပ်ဆိုးအကျည်းတန်စေပြီး စစ်**များနှင့်ထပ်တူပြု ရိုင်းပျချက်ဖြစ်သဖြင့် သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူပေးပါရန် အသိပေးအပ်ပါသည်ဟု လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

မကွေးတိုင်း၊ သရက်ခရိုင်မှာ ဘာတွေဖြစ်နေလဲ

 

 

Swallow PDF-Magway တပ်ဖွဲ့မှ ဗိုလ်ပျံလွှားအသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ Mindone People Revolution Force (MPRF)၏ ခေါင်းဆောင် ဆလိုင်းအာကာကို မေလအတွင်း၌ သူ့ကိုယ်ပိုင် မက်ဆင်ဂျာမှတဆင့် မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့သည်။ 

 

သို့သော် ဆလိုင်းအာကာက ဗိုလ်ပျံလွှားဖြစ်စဉ်နှင့်ပတ်သက်၍ ဘာတခုမျှ မသိကြောင်း၊ အဆိုပါကိစ္စတွင် မိမိတို့အဖွဲ့ ပါဝင်နေသည်ဆိုခြင်းမှာလည်း အထင်လွဲမှားခြင်းသာဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

 

နောက်ထပ်မေးခွန်းများ ထပ်မံမေးမြန်သည့်အခါမှာတော့ ဗိုလ်အာကာ အစည်းအဝေးသွားနေ၍ ပြန်မလာသေးကြောင်းနှင့် ပြန်လာသည့်အခါ ပြောပြလိုက်မည်ဖြစ်ကြောင်းသာ တုံ့ပြန်တော့သည်။ 

 

ထို့ကြောင့် Mindone People Revolution Force(MPRF) ဖေ့ဘွခ်စာမျက်နှာနှင့် AR Kar Jahau ဆိုသည့် ဆလိုင်းအာကာ၏ ဖေ့ဘွခ်စာမျက်နှာသို့ သွားရောက်ကြည့်ရှုသည့်အခါ တော်လှန်ရေးအတွက် အလှူခံစာများနှင့် ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ဟန်ရှိသည့် ထုတ်ပြန်ချက်တချို့တင်ထားသည်ကိုလည်း တွေ့ခဲ့ရသည်။ 

 

ဆလိုင်းအာကာဦးဆောင်သော Mindone People Revolution Force(MPRF) အဖွဲ့၏ မေလ ၁၆ ရက်က ထုတ်ပြန်ချက်တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးတွင် နေရာအတိအကျမရှိ၊ အချိန်မရွေး တိုက်ပွဲများ ဖြစ်နိုင်ပါသောကြောင့် ပြည်သူများထံ အသိပေးကြောင်း၊ လွန်ခဲ့သည့်ရက်က မစ်ရှင်တွင် စစ်ကောင်စီများသွားလာနေသော နေရာ၌တိုက်ခိုက်ရန် အခွင့်ရေး အောင်မြင်ပါသော်လည်း ပြည်သူများ၏ သွားလာခြင်း၊ စစ်ကောင်စီများဘေးတွင် ယောင်ချာချာနေထိုင်ပေးခြင်းကြောင့် တိုက်ခိုက်မည့် အခွင့်အရေးဆုံးရှုံးခဲ့သလို ပြည်သူများလှူဒါန်းထားသည့် အဖိုးတန်လက်နက်ခဲယမ်းများပင် အကုန်သိမ်းကြုံး အသိမ်းခံလိုက်ရသည်ဟု ဖော်ပြထားသည်။

 

သို့ဖြစ်၍ အဘယ်ကြောင့် စစ်ကောင်စီကို မတိုက်ရသေးတာလဲဟူသော မေးခွန်းမထုတ်ကြရန် မေတ္တာရပ်ခံပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ 

 

ဗိုလ်ပျံလွှားကို သေနတ်နှင့်ပစ်သတ်ခဲ့သည့် မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒုခေါင်းဆောင် ကိုဒေါင်းဆိုသူအား မြေလတ်အသံသတင်းဌာနက မေလ နောက်ဆုံးပတ်မှာ ဆက်သွယ်စုံစမ်းသည့်အခါ အဆက်အသွယ်မရသလို တခြားအဖွဲ့ကို စုံစမ်းကြည့်သည့်အခါတွင်လည်း “မင်းတုန်းပကဖအဖွဲ့ ခရီးသွားနေတယ်” ဟုသာ စုံစမ်းသိရှိခဲ့ရသည်။ 

 

မေလ ၂၉ ရက် မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ဒီးဒုတ်ကန်ကျေးရွာအနီးတွင် PDF ရဲဘော်များစီးနင်းလိုက်ပါလာသည့် ကားတစီးကို စစ်ကောင်စီတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၈ ဦးသေဆုံးခဲ့သည်။ အဆိုပါ ရဲဘော် ၈ ဦးမှာ သရက်၊ ကံမ၊ မင်းတုန်းမြို့နယ်များမှဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းဆင်းလာကြသူများဖြစ်သည်ဟု သိရသည်။ 

 

မြေလတ်အသံသတင်းဌာန၏ ထပ်မံစုံစမ်းချက်များအရ အဆိုပါသေဆုံးသွားသည့် PDF ရဲဘော် ၈ ဦးတွင် ဗိုလ်ပျံလွှားကို သေနတ်နှင့်ပစ်သတ်ခဲ့သည့် မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒုခေါင်းဆောင် ကိုဒေါင်းဆိုသူလည်း ပါဝင်ကြောင်း မကွေးတိုင်းအတွင်းရှိ ဒေသခံကာကွယ်ရေးအဖွဲ့တချို့ထံမှ စုံစမ်းသိရှိရသည်။ 

 

ထို့အပြင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်အကောင့်မှ ရရှိသည့် သေဆုံး PDF ရဲဘော် ၈ ဦး၏ ဓာတ်ပုံထဲတွင် ဗိုလ်ပျံလွှားကို ပစ်သတ်ခဲ့သည့် ကိုဒေါင်းပါဝင်ကြောင်းကို ဗိုလ်ပျံလွှားတပ်ဖွဲ့ဝင်များက အတည်ပြုပေးသည်။

 

ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် မင်းတုန်းပကဖ ဒုခေါင်းဆောင် ကိုဒေါင်း အား စစ်ကောင်စီတယ်လီဂရမ်တွင် ဖော်ပြထားပုံ (မေ - ၂၉)

 

Swallow PDF-Magway တပ်ဖွဲ့မှ ဗိုလ်ပျံလွှားတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ မင်းတုန်းပကဖ ဒုတာဝန်ခံမှာ ကိုဒေါင်းဟု ဆိုသော်လည်း အဓိကတာဝန်ခံမှာ မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျ ထုတ်ဖော်မပြဘဲ လျှို့ဝှက်ထားကာ တဦးတယောက်တည်းကသာ ဦးဆောင်မှုပေးတာဖြစ်နိုင်သည်ဟု ဆိုသည်။ 

 

ယခုဆိုလျှင် Swallow PDF-Magway တပ်ဖွဲ့မှ ဗိုလ်ပျံလွှား အသတ်ခံရသည်မှာ ၃ လကျော်ကြာလာခဲ့ပြီ ဖြစ်သည်။ 

 

ထိုကာလအတွင်း မကွေးတိုင်း သရက်ခရိုင်ဒေသ အခြေစိုက်သည့် မိုးကြိုပြောက်ကျားအဖွဲ့မှ CDM ဗိုလ်ကြီးသူရိန်ဝင့် ခေါ် ကိုဆိုင်ဂုံသည် ၎င်းတို့ကို ထောက်ပို့မှုပေးနေသည့် ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB)အဖွဲ့နှင့် သဘောထားကွဲကာ PMSAB အဖွဲ့က သူ့ကို သူလျှိုဟု စွပ်စွဲကာ ဖမ်းထားသည်။ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၁၀၁ တဖွဲ့လုံးကလည်း အဆိုပါ စွပ်စွဲချက်ကို မထောက်ခံသည့်အတွက် လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့ Warriors of Liberation Force-W.O.L.F တပ်ဖွဲ့ကို ထူထောင်ခဲ့ကြသည်။ 

 

အဆိုပါ မိုးကြိုးပြောက်ကျားအဖွဲ့သည် ဗိုလ်ပျံလွှားသေနတ်ဖြင့်အပစ်ခံခဲ့ရသည့် အစည်းအဝေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် အဖွဲ့တခုလည်းဖြစ်သည်။ 

 

ထို့အပြင် သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတာဝန်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးမြတ်ကိုသည် မေလ ၁၅ ရက်ခန့်က ပကဖစခန်းကနေ ထွက်သွားခဲ့ပြီး လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

 

ဗိုလ်ပျံလွှားနှင့်ပတ်သက်၍ တပ်ဖွဲ့ဝင်များက ဧပြီလ ၁၆ ရက်က NUG အစိုးရ သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးချူပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနစသည့် အစိုးရဌာနများသို့ အီးမေးလ်မှတဆင့် တိုင်ကြားခဲ့ရာခဲ့ အီးမေးလ်စာလက်ခံရရှိကြောင်း အကြောင်းပြန်စာရရှိခဲ့သော်လည်း ၂ လကျော်ကြာလာသည့် ယနေ့အချိန်ထိ တစုံတရာ ဆက်သွယ်အကြောင်းပြန်လာခြင်း မရှိသေးကြောင်း ဗိုလ်ပျံလွှားတပ်ဖွဲ့ဝင် မိသားစုများက ဆိုသည်။ 

 

ဗိုလ်ပျံလွှားလုပ်ကြံခံရပြီးနောက် တပ်ဖွဲ့ပျက်ကာ နေရာဒေသအသီးသီးသို့ထွက်ရှောင်ပြေးသွားရသော တပ်ဖွဲ့ဝင်များအနေဖြင့် ဗိုလ်ပျံလွှားအသတ်ခံရမှုကို မည်သူတဦးတယောက်ကမျှ ဖော်ထုတ်တာမျိုးမရှိသလို အရေးယူ ဆောင်ရွက်ပေးခြင်းမျိုး မရှိသည့်အတွက် သူတို့၏လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်းနှင့် ဗိုလ်ပျံလွှားအသတ်ခံရမှုကို အမှုမှန်ပေါ်စေချင်‌ကြောင်း Swallow PDF-Magway တပ်ဖွဲ့ဝင်ဟောင်းတဦးက အခုလို ပြောသည်။ 

 

"တိုင်စာပို့ထားတာကြာပြီး ခုထိတော့ ဘာမှမထူးခြားလာသေးဘူး။ ကျန်ရှိနေတဲ့ ကျနော်တို့အဖွဲ့သားတွေလည်း ရပ်တည်ကြဖို့ ခက်နေတယ်။ ဘယ်အချိန် အသတ်ခံရမလဲဆိုပြီး စိုးရိမ်နေရတယ်။ NUG အနေနဲ့ ဒီမိုကရေစီနည်းကျကျ တရားစီရင်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ဖြေရှင်းပေးစေချင်တယ်။ ဆရာပျံလွှားကို ပြည်သူတွေအရှေ့မှာ စစ်ရာဇဝတ်မှု ကျူးလွန်ပါတယ်ဆိုပြီး ပစ်သတ်တာက နိုင်ငံတကာစစ်သုံးဥပဒေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ သိချင်တယ်” 

 

#မြေလတ်အသံ 

#ဆောင်းပါး #သတင်းဆောင်းပါး #ဗိုလ်ပျံလွှား #မင်းတုန်းပကဖ #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10