မင်းအောင်လှိုင်ကို အားစမ်းလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး

မင်းအောင်လှိုင်ကို အားစမ်းလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အာဏာရှင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အုပ်ချုပ်နေတဲ့ သက်တမ်းရှည်တပ်မတော်ကြီးအတွက် မေးခွန်းထုတ်စရာတွေဖြစ်လာသလို အမျိုးသားညီညွတ်ရေးအတွက်လည်း အဖြေပေးရမယ့် အခြေအနေတွေ ဖြစ်လာပါပြီ။ 

အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(MNDAA)၊ တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၈ ရက်မြောက်နေ့(နိုဝင်ဘာ ၃ ရက်အထိ) မှာပဲ ညီနောင်သုံးဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း အကြီး၊ အသေးပေါင်း ၁၀၀ ကျော်ကို သိမ်းယူထားပြီး စစ်ကောင်စီရဲ့ သံချပ်ကာ/တင့်ကား ၆ စီးကို ဖျက်ဆီးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

ချေမှုန်းခံလိုက်ရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်စခန်းတွေက လက်နက်ကြီးငယ်မျိုးစုံနဲ့ ကျည်ဆံခဲယမ်းမြောက်များစွာကိုလည်း သိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းက သိန္နီ၊ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်မြို့တွေကို အလုံးစုံသိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ကောင်စီကိုယ်တိုင်ကလည်း အဲ့ဒီမြို့တွေကို လုံးဝလက်လွှတ်လိုက်ရပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီစခန်းတွေ တခုပြီးတခု ကျဆုံးနေမှုအပေါ် စစ်ကောင်စီက အောက်တိုဘာ ၃၁ ရက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အပေါ်ထားတဲ့ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွားပြီလို့ ထုတ်ဖော်ပြောကြားခဲ့သလို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း နိုဝင်ဘာ ၂ ရက်မှာ တန်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောထားခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီနေ့အချိန်ထိတော့ စစ်ကောင်စီဟာ ထိရောက်တဲ့ မြေပြင်ထိုးစစ်တွေထက် လေကြောင်းက တိုက်ခိုက်တာတွေကိုသာ အဓိကထား ပိုမိုလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်နယ်အထူးဒေသ (၁) အတွင်းက Online Game (ကျဖျင့်) ကုမ္ပဏီတွေ၊ ကိုးကန့်ရုပ်သေးအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အမြစ်ပြတ်တိုက်ဖျက်ချေမှုန်းနိုင်ရေး၊ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ အရင်ကထက်ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲအစည်းတွေအပေါ်  စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုတွေအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးကို ဆင်နွှဲခဲ့ကြတာပါ။ 

ဒါပေမဲ့ အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းကိုပါ ကူးစက်လို့လာနေပါပြီ။ 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့တာ၊ ဒေသကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်တာ၊ ပြောက်ကျားနည်းနဲ့ ခြုံခိုတိုက်ခိုက်တာတွေဟာ နေ့စဉ်လိုလိုဖြစ်နေတဲ့ အခြေအနေပါ။ 

ဒါပေမဲ့ အခုအခါမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီစွာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာလည်း စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာတွေ လုပ်ဆောင်နေပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF)တွေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီစွာ တနိုင်ငံလုံးမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်မှာ စစ်ကောင်စီ တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကိုင်းတိုင်းအတွင်းမှာပါ တိုက်ပွဲတွေ ဖော်ဆောင်နေပြီလို့ အောက်တိုဘာ ၃၀ ရက်မှာ ကြေညာခဲ့ပြီးနောက်ပိုင်းမှာပဲ စစ်ကိုင်း တိုင်းအတွင်းက ထီးချိုင့်၊ ကောလင်း၊ တမူး၊ ကလေး၊ ကန့်ဘလူ၊ ကသာစတဲ့မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေက တပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

နိုဝင်ဘာ ၃ ရက်မှာ ဒေသကာကွယ်ရေးတပ်တွေက ကောလင်းမြို့သိမ်းတိုက်ပွဲအထိပါ ဖော်ဆောင်နေ တာဖြစ်ပါတယ်။ PDF တွေဟာ မြို့ပေါ်က စစ်တပ်အထိုင်စခန်း ၃ ခုကို သိမ်းထားနိုင်ပြီး စစ်ကောင်စီက လည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေလို့ တိုက်ပွဲကပြင်းထန်နေပါတယ်။ 

အလားတူ ကလေးမြို့နယ်က စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ရာဇဂြိုလ်ရဲဘက်စခန်း၊ မြောက်စည်းရဲစခန်း၊ တမူးမြို့နယ် ခမ်းပတ်မြို့ပေါ်တပ်စခန်းနဲ့ မြို့မရဲစခန်း၊ ဝိတုတ်ရွာ စစ်တပ်စခန်းတွေကို တော်လှန်ရေးအဖွဲ့ တွေက သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မင်းရွာရဲကင်းစခန်းကိုလည်း နိုဝင်ဘာလ ၃ ရက်မှာ ဒေသကာကွယ်ရေး အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

အခုလိုစစ်ကိုင်းတိုင်းနဲ့ မကွေးအတိုင်းအတွင်းမှာ ဒေသကာကွယ်ရေးတပ်တွေက စစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ကူတာတွေကိုသာ ပိုမိုလုပ်ဆောင်နေပါတယ်။ 

စစ်ကောင်စီရဲ့ တပ်စခန်းတွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာလည်း ရာချီပြီး အသိမ်းခံနေရတာပါ။ စစ်ကူလာတဲ့ မြေပြင်သံချပ်ကား/တင့်ကားတွေပါ ဖျက်ဆီးခံနေရပြီး စစ်ကောင်စီတပ်သားအများအပြားလည်း သေဆုံးနေကြရတဲ့အခြေအနေပါ။ ဒါ့အပြင် စစ်ကောင်စီတပ်တချို့ဟာလည်း လက်နက်ချ အလင်းဝင်တာတွေ လုပ်ဆောင်နေကြပါတယ်။ 

ဒီအခြေအနေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်နေတဲ့ အင်အားကြီး သက်တမ်းရင့်ဆိုတဲ့ စစ်တပ်ကြီးကို မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ အဲ့ဒီမေးခွန်းကို အဖြေပေးရမှာက မင်းအောင်လှိုင်စစ်တပ် မဟုတ်ဘဲ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးသဖွယ်ဖြစ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရပဲလို့ ဆိုရမယ့် အခြေအနေပါ။ 

နွေဦးတော်လှန်ရေး ၂ နှစ်ကျော်လာတဲ့အချိန်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ကာလတို အချိန်အတွင်းမှာပဲ ပြည်သူလူထုကို ကျေနပ်အားရမူတွေပေးနိုင်ခဲ့ပါတယ်။ လက်တွေ့ကျ ထိရောက်တဲ့တိုက်ပွဲတွေကြောင့် တော်လှန်ရေးကြီးအဆုံးသတ်တော့မှာလား၊ အိမ်ပြန်ရတော့မှာလားဆိုတဲ့ မျှော်လင့်ချက်တွေအထိ ပြည်သူတွေက လှမ်းမျှော်ကြည့်နေကြပါပြီ။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်မျက်နှာဖွင့် စစ်ဆင်ရေးဆင်နွှဲနေပြီး မင်းအောင်လှိုင် အကျပ်ရိုက်စေတဲ့အချိန်မှာ အမျိုးသားညီညွှတ်ရေးအစိုးရကရော အဲ့ဒီအခွင့်အရေးကို ဆုတ်ကိုင်ပြီး ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ စစ်ဆင်ရေးတွေ ဘယ်ထောက်အထိ ဖော်ဆောင်နိုင်မလဲ၊ စစ်ရေးထောက်ပံ့မှုတွေ ဘယ်လောက်အထိလုပ်ပေးနိုင်မလဲဆိုတာ မြင်တွေ့ရတော့မှာပါ။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မင်းအောင်လှိုင်ကို အားစမ်းတဲ့ စစ်ဆင်ရေးဖြစ်သလို အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command (COC) )ကို တဖွဖွပြောနေတဲ့  NUG ကို အကဲစမ်းတဲ့ စစ်ဆင်ရေးလည်း ဖြစ်နေပါတယ်။ 

လက်ရှိမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းက စစ်ရေးသတင်းတွေကို နေ့စဉ် ထုတ်ပြန်ပေးနေပါတယ်။ 

#မြေလတ်အသံ

 

#ဆောင်းပါး #အတွေးအမြင် #Operation1027 #၁၀၂၇စစ်ဆင်ရေး #MNDAA #TNLA #AA #စစ်ဆင်ရေး #အာဏာသိမ်းစစ်တပ် #မင်းအောင်လှိုင် #စခန်းသိမ်း #သံချပ်ကာ #တင့်ကား #ဖျက်ဆီး #NUG #စစ်ကိုင်း #ပဲခူး #မကွေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10