မင်းအောင်လှိုင် ဘာကိုးကွယ်သလဲ (သတင်းဆောင်းပါး)

မင်းအောင်လှိုင် ဘာကိုးကွယ်သလဲ (သတင်းဆောင်းပါး)

မင်းအောင်လှိုင်ဟာ သူရဲ့စစ်အုပ်ချုပ်ရေးသက်တမ်းကို ၄ ကြိမ်မြောက်ထပ်တိုးပြီး နောက်တနေ့မှာပဲ နေပြည်တော်မှာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယ အနေကဇာတင်ပွဲကို ကျင်းပခဲ့ပါတယ်။ အမြင့် ၈၁ ပေရှိ မာရဝိဇယ ဆင်းတုတော်ဟာ ကမ္ဘာပေါ်က ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးလို့ စစ်ကောင်စီက ဆိုပါတယ်။

ဒီဆင်းတုတော်နဲ့အတူ ကျောက်စာရုံ‌စေတီ ၇၂၀ လည်းတည်ထားပြီး ရတနာပုံခေတ်ဟန် ထုဆစ်ထားတာလို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ငွေကြေးတန်ဖိုးအားဖြင့် စကျင်ကျောက်ဖိုးမပါဘဲ စုစုပေါင်း ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကနေ ၄၀ နီးပါးရှိတယ်လို့ စစ်‌ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 

ဒီအတွက် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အလှူငွေထည့်ဝင်ကြရာ ၂၀၂၃ ဇွန် ၂၉ ရက် တရက်တည်းမှာတင် ငွေကျပ် ၁၆ ဘီလီယံကျော်အထိ အလှူငွေရရှိခဲ့ပါတယ်။ 

ဒီပမာဏဟာ မိုခါမုန်တိုင်းအပြီး နောက်တနေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက ကောက်ခံရရှိတဲ့ အလှူငွေထက် ကျပ် ၃ ဘီလီယံကျော် ပိုများပါတယ်။ 

၂၀၂၃ မေလလယ်ပိုင်းမှာ တိုက်တဲ့ မိုခါဆိုင်ကလုန်းကြောင့် သာသနိကအဆောက်အအုံနဲ့ ဘုန်းကြီးကျောင်း ၄၀၀ ကျော် အပါအဝင် စာသင်ကျောင်း ၊ ဆေးရုံဆေးခန်းနဲ့ လူနေအိမ် သောင်းနဲ့ချီပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးတွေ ပြီးပြတ်အောင် မလုပ်နိုင်သေးခင် ၂၀၂၃ ဩဂုတ် ၁ ရက်မှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဦးဆောင်အလှူ့ဒါယကာဘွဲ့ခံယူကာ ဘုရားအနေကဇာတင်ပွဲကို မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး တခမ်းတနားကျင်းပခဲ့ပါတယ်။ 

မာရဝိဇယဗုဒ္ဓဆင်းတုတော် အနေကဇာတင်ပွဲ

ဒါပေမဲ့ မာရဝိဇယတည်ရာ နေပြည်တော်ကနေ အထက်ကို ကားနဲ့ ၃ နာရီကျော်သာသွားရတဲ့ စစ်ကိုင်းတိုင်း အညာဒေသရဲ့ လက်ရှိအနေအထားကို လေ့လာကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာကို တကယ်ပဲ ကြည်ညိုကိုးကွယ်ရဲ့လားလို့ သံသယပွားစရာရှိလာပါတယ်။  

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီအထိ အာဏာသိမ်းစစ်တပ်ကြောင့် စစ်ကိုင်းမှာ ဗုဒ္ဓသာသနိက အဆောက်အအုံ ၅၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အိုင်စီဂျေက ဒီနှစ် ဇွန်မှာထုတ်ပြန်တဲ့ ‘အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖောက်မှု ’ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ဗုဒ္ဓသာသနိကအဆောက်အအုံနဲ့ ဝတ်ပြုဆုတောင်းရာနေရာ ၉၀ ကျော် ပျက်စီးခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရတာ၊ လက်နက်ကြီးထိမှန်တာနဲ့ မီးရှို့ခံရလို့ ပျက်စီးတာတွေက အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

ဒီအစီရင်ခံစာက ဗုဒ္ဓဘာသာအပါအဝင် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစတဲ့ ဘာသာလေးခုအပေါ် ကိုးကွယ်ယုံကြည်မှု ချိုးဖောက်ခံရမှုကို ၂၀၂၃ ဧပြီအထိ ပြုစုထားတာဖြစ်ပြီး နောက်ပိုင်းမှာ ချိုးဖောက်ခံရမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေက ဒီထက်ပိုများလာပါတယ်။ 

 

လေကြောင်းပစ်မှတ် ဘုန်းကြီးကျောင်း

၂၀၂၃ ဇွန် ၂၇ ရက်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာဘုန်းကြီးကျောင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း တခုလုံးပျက်စီးသွားပြီး ဘုန်းကြီးတပါးပါ ပျံလွန်တော်မူသွားပါတယ်။ 

အဲ့ဒီနေ့က တိုက်လေယာဉ်တစီးဟာ ညနေ ၃ နာရီဝန်းကျင်မှာ ညောင်ကုန်းရွာကို ၂ ခေါက်ပတ်ဝဲပျံပြီး ပစ်ခတ်ခဲ့တာပါ။ ဒီပစ်ခတ်မှုကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးပြီး အရပ်သား ၉ ဦးလည်း သေဆုံးခဲ့ပါတယ်။ 

လေကြောင်းပစ်ခတ်မှုကြောင့် ရွာသားတွေလည်း ကြောက်လန့်ကာ ဦးတည်ရာမဲ့ ထွက်ပြေးသွားကြရာ အသက်ဆုံးရှုံးသွားတဲ့ ဘုန်ကြီးတပါးနဲ့ အရပ်သားတွေရဲ့ ရုပ်အလောင်းကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ညနေ ၅ နာရီကျော် မှာ သင်္ဂြိုဟ်လိုက်ကြပါတယ်။ 

“ဘုန်းကြီးကျောင်းက တကျောင်းလုံးနီးပါး ပျက်စီးသွားတယ်။ ထိုင်တော်မူဘုရားရောပဲ ပျက်စီးတယ်။ ဌာပနာတွေလည်း တော်တော်များ ပျက်စီးသွားတယ်။ ဆွမ်စားဆောင်လည်း တော်တော်ပျက်စီးသွားတယ်။” လို့ ဒေသကာကွယ်ရေး အဖွဲ့ခေါင်းဆောင် သခင်ဒေါင်းညိုက ပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ညောင်ကုန်းရွာဘုန်းကြီးကျောင်း

မြေလတ်အသံက ရရှိထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေအရ နှစ်ထပ်တိုက်ကျောင်းဆောင်ဟာ နံရံတွေပြိုကျ၊ သွပ်မိုးတွေ ဖွာလန်ကြဲပြီး သစ်သားချုပ်တန်းတွေကလည်း အပိုင်းပိုင်းပြတ်ထွက်ကာ ကျောင်းဆောင်တခုလုံး ကြေမွပျက်စီးကုန်ပါတယ်။ 

ဘုန်းကြီးတပါးက အပျက်အစီးတွေကြား မှောက်လျက်လဲနေပြီး ခန္ဓာကိုယ်မှာ ပြတ်ရှထိခိုက်ဒဏ်ရာတွေ တွေ့ရပါတယ်။ ဘေးကပ်လျက်မှာ ရှပ်အင်္ကျီအဖြူ၊ ပုဆိုးအပြာဝတ်အမျိုးသားတဦးက ပက်လက်လဲကျ သေဆုံးနေပါတယ်။ 

ဆွမ်းစား ကျောင်းဆောင်နေရာမှာလည်း သပိတ်တွေ၊ အိုးခွက်ပန်းကန်တွေဟာ ရိုက်ခွဲလွှင့်ပစ်ထားသလို ကြမ်းပြင်မှာ ဖုံအလိမ်းလိမ်းနဲ့ လွင့်စင်နေပါတယ်။ 

လက်ရှိမှာတော့ ဘုန်းကြီးကျောင်းဟာ ပျက်စီးတဲ့အတိုင်းသာကျန်ရှိနေပြီး ပြန်လည်တည်ဆောက်ဖို့ရာ ဒေသခံတွေမှာ ငွေကြေးလည်းမတတ်နိုင်ကြပါဘူး။ 

၂၀၂၃ ဇူလိုင် ၁၀ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲရာ ဘုန်းကြီးကျောင်း၊ ကျေးရွာစာသင်ကျောင်းနဲ့ စေတီတွေထိမှန်ခဲ့ပြီး ထီးတော်မြေခခဲ့ပါတယ်။ 

မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မနက်ပိုင်း ၁၀ နာရီ လောက်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့  ကျေးရွာအတွင်းကို ရုတ်တရက် ဗုံး ၃ လုံး ကြဲချခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ဗုံး ၁ လုံးကတော့ မပေါက်ကွဲဘဲ ရေမြက်ရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျန်နေခဲ့တာကို တွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာက စေတီနဲ့ ဘုန်းကြီးကျောင်းဝန်းထဲမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ဗုံး

အခုလို ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ သာသနိကအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုဟာ ရပ်ရွာသူ၊ ရပ်ရွာသားတွေအတွက် မှီခိုအားထားစရာ နေရာမဲ့သွားစေတယ်လို့ နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ ဆရာတော်မင်းသုညက ဆိုပါတယ်။

“ကျေးရွာတွေရဲ့ဓလေ့က ဘုန်းကြီးကျောင်းမှာ စာတွေသင်ကြားပေးကြတယ်၊ သာရေး၊ နာရေး အကုန်လုံး ဆောင်ရွက်ပေးနေကြရတာပဲ။ အဲ့ဒီလို မှီခိုနေရတဲ့ ကျောင်းမရှိတော့ဘူးဆိုကတည်းက အားကိုးရာမဲ့သွားတာပေါ့။” လို့ သူက ပြောပါတယ်။ 

 

သံဃာတော်တွေ ဖမ်းဆီးထောင်ချခံရ

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ဘုန်းကြီးကျောင်းတွေကို ဝင်စီးပြီး သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက်တာ၊ လူဝတ်လဲစေပြီး ထောင်ချတာတွေကို အာဏာသိမ်းစကတည်းကနေ ယနေ့အထိ လုပ်ဆောင်နေပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီအထိ သံဃာတော် ၇၇ ပါး အဖမ်းခံခဲ့ရတယ်လို့ အိုင်စီဂျေ အစီရင်ခံစာက ဖော်ပြပါတယ်။ 

မဲစာရင်းမှားတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်အာဏာသိမ်းလိုက်တဲ့ စစ်တပ်ဟာ သူတို့ကို မထောက်ခံတဲ့ ဒီမိုကရေစီလိုလားတဲ့ သံဃာတော်တွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးခဲ့တာပါ။ 

ရွှေညဝါဆရာတော် ဦးပညာသီဟ၊ ဦးသောဘိတ (အလင်္ကာကြယ်)နဲ့ ဦးတေဇနိယ (မန်းတောင်ခြေ)၊ မြဝတီမင်းကြီး ဆရာတော်တို့ဆိုရင် အာဏာသိမ်းတဲ့နေ့မှာပဲ ကျောင်းတိုက်အတွင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ 

အဖမ်းခံလိုက်ရတဲ့ သံဃာတော်တွေအားလုံးကို စစ်တပ်က လူဝတ်လဲပြီး ဆူပူအောင်လှုံဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တခြားသော ပုဒ်မတွေတပ်ကာ ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ 

မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယဝံသာဘိဝံသ

အဖမ်းခံရပြီး  ၆ လ အကြာ အကျဉ်းထောင်ကနေ ပြန်လွတ်လာခဲ့တဲ့ မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယဝံသာဘိဝံသဆို မန္တလေးမြို့က သူရဲ့ကျောင်းတိုက်ကို စွန့်ခွာထွက်ပြေးရင်း ပျံလွန်တော်မူခဲ့ပါတယ်။  

ပျံလွန်တော်မူတဲ့ ၁ လပြည့် အခမ်းအနားအလှူကို သူ့ရဲ့ကျောင်းတိုက်မှာ တပည့်တပန်း သံဃာတွေနဲ့ ဒကာ၊ ဒကာမတွေက ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ 

ဒါပေမဲ့ အခမ်းအနားစဖို့ ပြင်ဆင်ထားပြီးချိန်မှာပဲ မြို့နယ်သံဃနာယကအဖွဲ့ကနေတဆင့် အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ပင်ဖိအားပေးမှုကြောင့် အလှူပေးခွင့် မရခဲ့ပါဘူး။  

ဆရာတော်မင်းသုညကတော့ ရဟန်းသံဃာတွေ အဖမ်းခံရတဲ့ သတင်းတွေကြားရပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ သူနှစ်ပေါင်းများစွာ သီတင်းသုံးရာ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာကျောင်းတိုက်ကနေ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

 အဲ့ဒီနောက် အာဏာသိမ်းစစ်တပ်က ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရက်စက်စက် နှိပ်စက်သတ်ဖြတ်နေတာဟာ ဗုဒ္ဓအဆုံးအမနဲ့ မညီကြောင်း လူမှုကွန်ရက်ကနေ တလျှောက်လုံး ဟောပြောနေခဲ့ပါတယ်။  

“သူတို့က မဲစာရင်းမှားတယ်ဆိုပြီး အာဏာသိမ်းလိုက်တဲ့နေ့မှာပဲ ဘာမှမသက်ဆိုင်တဲ့၊ မဲပေးခွင့်မရှိတဲ့ ရဟန်းသံဃာတော်တွေကို ဖမ်းဆီးလိုက်ကတည်းကိုက အတင်းအဓမ္မ အာဏာကို သိမ်းလိုက်တာပဲ” လို့ ဆရာတော်မင်းသုညက ပြောပါတယ်။    

မြဝတီမင်းကြီးဆရာတော်၊ ဆရာတော်မင်းသုညနဲ့ သူ့ကျောင်းတိုက်

လက်တလောမှာလည်း ဆရာတော်မင်းသုညက နွေဦးတော်လှန်ရေးသံဃကွန်ရက် ဆရာတော်တပါးအနေနဲ့ မတရား စစ်အာဏာသိမ်းထားမှုကို ဝေဖန်ထောက်ပြလျက်ရှိပြီး သူစွန့်ခွာခဲ့ရတဲ့ ကျောင်းတိုက်ကိုတော့ အာဏာသိမ်းစစ်တပ်နဲ့ မဘသအဖွဲ့က ဝင်ရောက်သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ 

 

ပစ်သတ်ခံလိုက်ရတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်ဆင်း အရှင်ဂန္ဓသာရ

၂၀၂၃ ဇန်နဝါရီက အာဏာသိမ်းစစ်တပ်က သီတဂူဗုဒ္ဓတက္ကသိုလ်ဆင်း အရှင်ဂန္ဓသာရကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာ ဘုန်းကြီးကျောင်းဝန်းထဲမှာ ပစ်သတ်သွားခဲ့ပါတယ်။  

သူဟာ မင်းအောင်လှိုင်ကို အားပေးအားမြှောက်ပြုနေတဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရကို ကြည်ညိုရင်းစွဲရှိခဲ့ပေမယ့် အဓမ္မစစ်အာဏာသိမ်းမှုကိုတော့ လိုလားသူမဟုတ်ပါဘူး။

မန္တလေးမြို့က မဟာမင်းထင်စာသင်တိုက်မှာ သီတင်းသုံးကာ စာချရင်း သူ့မွေးရပ် စစ်ကိုင်းတိုင်းကိုသွားပြီး စစ်ဘေးသင့်ပြည်သူတွေကို မကြာခဏ ကူညီလေ့ရှိတဲ့ သံဃာတော်တပါး ဖြစ်ပါတယ်။  

သီတဂူဗုဒ္ဓတက္ကသိုလ်ဆင်း အရှင်ဂန္ဓသာရ

သူ့ဇာတိ ဒီပဲယင်းကွဲကျေးရွာကို ခဏတာပြန်ရောက်တဲ့ ဇန်နဝါရီ ၆ ရက်မှာတော့ စစ်ကြောင်းက ရွာထဲဝင်လာပြီး သူခေတ္တတည်းခိုရာ ရွှေဂူကြီးကျောင်းတိုက်ကို ဝင်မွှေပါတယ်။ 

အဲ့ဒီနောက် စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ကျောင်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ ကျည်ထိမှန်ထားတဲ့ ဆရာတော်ရဲ့ ရုပ်အလောင်းကို ရွာသားတွေက တွေ့ခဲ့ရပါတယ်။  

ခုလို အာဏာသိမ်းစစ်တပ်က ပစ်သတ်သွားတဲ့ အရှင်ဂန္ဓသာရအပါအဝင် အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီအထိဆို အသက်ဆုံးပါးသွားတဲ့ သံဃာတော် ၃၃ ပါး ရှိပြီလို့ အိုင်စီဂျေရဲ့အစီရင်ခံစာက ဆိုပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ သူ့ရဲ့ မာရဝိဇယကျောက်ဆစ်ရုပ်ပွားတော်ကြီး အနေကဇာတင်ပွဲအတွက် သံဃာအပါး ၉၀၀ ကို ပင့်ဖိတ်ပူဇော်ခဲ့ပါတယ်။  

ဒီလုပ်ရပ်ဟာ တိုင်းပြည်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ဗုဒ္ဓဘာသာဝင်နဲ့ သံဃာ ၄ သိန်းကျော်ကို ချွေးသိပ်ပြီး အာဏာတည်မြဲအောင် ကြိုးစားနေတဲ့သဘောသာ ဖြစ်တယ်လို့ ဆရာတော်မင်းသုညက သုံးသပ်ပါတယ်။ 

ဒါ့အပြင် လူမျိုးဘာသာမရွေးဖိနှိပ်ရင်း အာဏာတည်ဆောက်လေ့ရှိတဲ့ မင်းအောင်လှိုင်လို စစ်အာဏာရှင်တွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်လို့လည်း သူက ခုလိုမှတ်ချက်ပေးပါတယ်။ 

“စစ်အာဏာရှင်တွေ အမှန်တကယ်ကိုးကွယ်တာက ဗုဒ္ဓဘာသာလည်းမဟုတ်ဘူး။ ခရစ်ယာန်၊ အစ္စလာမ်ဘာသာတွေလည်း မဟုတ်ဘူး။ သူတို့ ဘာကိုကိုးကွယ်တာလဲဆိုတော့ အာဏာကိုကိုးကွယ်တာပဲ” 

#မြေလတ်အသံ 

#ဆောင်းပါး #သတင်းဆောင်းပါး #မင်းအောင်လှိုင် #ကိုးကွယ်မှု #ဘာသာရေး #သာသနိကအဆောက်အုံ #မီးရှို့ #ဖျက်ဆီး #ဗုံးကြဲ #သံဃာ #သတ်ဖြတ် #ဖမ်းဆီး #အာဏာသိမ်း #စစ်ကောင်စီ #မာရဝိဇယ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10