မုံရွာ-မန္တလေးလမ်းပိုင်းပေါ်က ခွေးသတ်ကွင်း

မုံရွာ-မန္တလေးလမ်းပိုင်းပေါ်က ခွေးသတ်ကွင်း

စတုရန်းမိုင် ၂၆၀,၀၀၀ အကျယ်ရှိ မြန်မာနိုင်ငံကို ကိုယ်စားပြုတယ်ဆိုတဲ့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ အခုဆို နိုင်ငံအလယ်ပိုင်းက မိုင် ၈၀ ခန့်သာရှည်တဲ့ ကားလမ်းပိုင်းကို ဖြတ်သန်းဖို့ရာ နည်းလမ်းမျိုးစုံကို အသုံးပြုနေရပါတယ်။ 

ဒီလမ်းပိုင်းကတော့ စစ်ကိုင်းတိုင်းက မုံရွာ - မန္တလေးလ‌မ်းပိုင်းပဲ ဖြစ်ပါတယ်။ လက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေကို အင်အားဖြည့်ပေးရာမှာ ဒီလမ်းပိုင်းဟာ အဓိကပါ။ 

ပြီးတော့ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက ထွက်တဲ့ ကြေးနီးတွေကို ပို့ဆောင်ရာမှာလည်း စစ်ကောင်စီဟာ ဒီလမ်းပိုင်းကို မဖြစ်မနေ အသုံးပြုနေရတာပါ။

ဒါပေမဲ့ မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေရတဲ့ စစ်ကောင်စီယာဉ်တန်းတွေကတော့ မြင်းမူမြို့နယ်နားရောက်ပြီဆိုရင် အမြဲတမ်းလိုလို မိုင်းဆွဲတိုက်ခိုက်ခံနေရတာပါ။ 

မြင်းမူအခြေစိုက်ဒေသခံကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ People’s Knight Defense Force  PKDF-MMU မှ ဗိုလ်အေးချမ်းက “စကစ လမ်းကြောင်းဖြတ်သွားတိုင်း အနည်းဆုံး သုံးကြိမ်လောက်တော့ မိုင်းဆွဲတိုက်ခိုက်နိုင်တယ်။ လမ်းကြောင်း တကြောင်းမှ မလွတ်သေးဘူးဗျ” လို့ မှတ်ချက်ပြုပါတယ်။ 

မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ အကြိမ်ရေများလွန်းလို့ သူတို့ကိုယ်တိုင်တောင် အကြိမ်ရေဘယ်လောက်ရှိပြီဆိုတာ  မှတ်တောင်မထားနိုင်တော့ဘူးလို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏမိုင်းဆွဲခံရတဲ့အတွက် နောက်ပိုင်းမှာ စစ်ကောင်စီဟာ ခြေလျင်စစ်ကြောင်းနဲ့ မိုင်းရှင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မိုင်းရှင်းလာတဲ့ ခြေလျင်စစ်ကြောင်းကိုယ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့အဖြစ်ပါ။ 

မြေလတ်အသံကရရှိထားတဲ့ ဓာတ်ပုံတွေအရ မိုင်းဆွဲတိုက်ခိုက်မှုအများဆုံးဖြစ်တဲ့  မြင်းမူနဲ့ အလ္လကပ္ပကျေးရွာကြားက ကားလမ်းမထက်မှာ ချိုင့်ခွက်တွေဟာ ဟိုနေရာတကွက် ဒီနေရာတကွက် ဖြစ်နေပြီး ကတ္တရာနဲ့ မြေသားတွေဟာလည်း ရောထွေးကာ ဖွာလန်ကြဲလို့နေပါတယ်။ 

 

မိုင်းကိုပဲ အားပြုနေရ 

၂၀၂၁ မှာ တရားမဝင် စစ်အာဏာသိမ်းမှုကို လက်မခံလို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူထုကို စစ်တပ်ဟာ သေစေတဲ့အထိ ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းခဲ့ပါတယ်။ 

ဒီအခါ လက်နက်အားကိုးနဲ့ တိုင်းပြည်အာဏာကို ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကို အရပ်သားတွေက ဒေသအလိုက် ကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး လက်နက်ကိုင် တွန်းလှန်တိုက်ခိုက်ပါတော့တယ်။  

ဒေသကာကွယ်ရေးအဖွဲ့အများစုမှာ မြန်မာစစ်တပ်နဲ့ ယှဥ်နိုင်လောက်အောင် လက်နက်ခဲယမ်းက မပြည့်စုံပါဘူး။ လက်လုပ်သေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့သာ တိုက်ခိုက်နေကြတာပါ။ 

“ကျနော်တို့အဖွဲ့တွေက လက်နက်ခဲယမ်း မပြည့်စုံတော့ မိုင်းကိုပဲ အားပြုပြီး တိုက်ခိုက်ရတာ” လို့ ဗိုလ်အေးချမ်းက ပြောပါတယ်။ 

ဒါပေမဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ လက်လုပ်မိုင်းတွေကတော့ အာဏာသိမ်းစစ်တပ်ကို ထိထိမိမိ ခြိမ်းခြောက်နိုင်တဲ့ အနေအထားရောက်နေပါပြီ။  

မြေလတ်အသံက ရရှိထားတဲ့ သတင်းတွေအရ ဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းတွေဟာ ဒီနှစ် မတ်နဲ့ မေလ ၂ လတည်းတင် ၁၇ ကြိမ်ထက်မနည်း ဆက်တိုက်ဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကို တွေ့ရပါတယ်။ 

မတ် ၂၉ မှာတင် ၆ ကြိမ်၊ မေ ၄ ရက်မှာ ၁ ကြိမ်၊ မေ ၅ ရက်မှာ ၂ ကြိမ်၊ မေ ၁၀ ရက်မှာ ၅ ကြိမ်၊ မေ ၁၁ မှာ ၃ ကြိမ် တို့ဖြစ်ပါတယ်။ 

ဒီမိုင်းဆွဲတိုက်ခိုက်မှုတွေမှာ သေဆုံးထိခိုက်မှုစာရင်းအတိအကျ မသိရပေမယ့် အနည်းဆုံး အယောက် ၂၀ သေတယ်လို့ ပါဝင်တိုက်ခိုက်တဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ် ၂၉ ရက် ညမှာ စစ်ကိုင်းကနေ မုံရွာကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကားတစီးကို မြင်းမူနားမှာ ၆ ကြိမ် မိုင်းဆွဲတိုက်ခိုက်စဉ် မြန်မာစစ်တပ်ရဲ့ စစ်သား ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ 

မေ ၁၀ ရက်မှာဆိုရင် စစ်ကိုင်းတိုင်း တပ်မ ၃၃ ကနေ မုံရွာ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချူပ်)ကို လက်နက်ပို့ယာဉ် ၃၁ စီးပါ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၆ ဦး သေဆုံးပြီး ကား ၃ စီး ပျက်စီးခဲ့တယ်လို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

မေ ၁၁ ရက်က မုံရွာကနေ စစ်ကိုင်းဘက်ကို ဦးတည်သွားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းဟာ မြင်းမူရွာအနီးမှာ တနေ့တည်းနဲ့ ၃ ကြိမ်တိုင် မိုင်းဆွဲပြီးတိုက်ခိုက်ခံရပြန်ပါတယ်။

မိုင်းရှင်းဖို့ ရှေ့ပြေးလာတဲ့ ကားတွေနဲ့ ကြေးနီသယ်လာတဲ့ ကားတွေကို အလ္လကပ္ပကျေး ရွာနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ နေ့လယ်ပိုင်း ၂ ကြိမ်နဲ့ ညနေပိုင်း ၁ ကြိမ် ဒေသခံကာ ကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။

ဒီလို မိုင်းဆွဲတိုက်ခိုက်တဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေမှာလည်း မိုင်းထောင်ရင်း ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ 

“မိုင်းထောင်နေတုန်း ခွေးကား(စစ်တပ်ကား) ဖြတ်သွားတော့ အမှားအယွင်းဖြစ်ပြီး မိုင်းပေါက်ကွဲလို့ သေဆုံးသွားတာတွေရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း အဖွဲ့ထဲမှာ အများကြီးရှိပါတယ်။ ရဲဘော်တယောက်ဆို ခုထိမျက်စိ နှစ်ဖက်လုံး ကောင်းကောင်းမမြင်ရဘူး။ နားလည်းအူသွားတယ်” လို့ PKDF-MMU အဖွဲ့ဝင် ဗိုလ်အေးချမ်းက ပြောပါ တယ်။

တကြိမ် မိုင်းဆွဲတိုက်ခိုက်နိုင်ဖို့ အဆင့်ဆင့်လုပ်ဆောင်ရတာဟာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ စစ်ယာဉ်တန်းတွေ ထွက်လာတဲ့ သတင်းရတာနဲ့ လမ်းဘေးဝဲယာတလျှောက် ကင်းပုန်းဝပ်၊ မဝပ် အရင်ဆုံး ကင်းထောက်ရပါတယ်။   

ကင်းပုန်းရှင်းတဲ့နေရာ သေချာပြီဆိုမှ မိုင်းထောင်ပြီး စစ်ယာဉ်တန်းတွေအလာကို အချိန်ကိုက်ဖောက်ခွဲကြတာပါ။ 

တခါတရံ မိုင်းထောင်နေတုန်း ပစ်ခတ်ခံရလို့ ထွက်ပြေးရတာတွေလည်း ရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။   

“မိုင်းထောင်နေတုန်း လိုက်ပစ်ခံရလို့ ပြန်လှည့်လာရတာတွေလည်း ရှိပါတယ်။ အော်တိုဂန်း (မောင်းပြန်သေနတ်)တွေမရှိဘဲ အရဲစွန့်ပြီး မိုင်းထောင်ကြရတာ” လို့ မြင်းမူအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ Dog Killers People Defense Force (DKPDF-MMU) က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ပြည်သူကို အကာအကွယ်ယူပြီး သွားလာနေရတဲ့ စစ်တပ်

စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်အပါအဝင် စစ်ကိုင်းခရိုင်အတွင်း အခြေပြုတဲ့ စစ်ကောင်စီ တပ်ရင်း၊ တပ်မတွေအနေနဲ့ မုံရွာ(နမခ)ရှိ အမှတ် ၉၂၉ ထောက်ပံ့ပို့တပ်ရင်းကို လစဉ် စစ်တပ်ရိက္ခာသွားရောက်ထုတ်ယူရမှုအပါအဝင် အခြားအုပ်ချုပ်မှုကိစ္စတွေ ဆောင်ရွက်ရာမှာ အဲဒီလမ်းပိုင်းဟာ မဖြစ်မနေ အသုံးပြုနေရတာပါ။

အခုတော့ ဒီလမ်းပိုင်းမှာ မိုင်းဆွဲခံရတာများလာတဲ့အတွက် စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို အကာအကွယ်ယူပြီး သွားလာနေကြတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ 

မေ ၄ ရက်က စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာနဲ့ နတ်ရေကန်ကျေးရွာကြားမှာ ခရီးသည်ကားတွေကိုတားပြီး အရပ်သားတွေကို လမ်းဆင်းလျှောက်ခိုင်းကာ အနီးတဝိုက်မှာရှိတဲ့ မိုင်းတွေကို ရှာဖွေရှင်းလင်းနေတာကို ဒေသကာကွယ်ရေးအဖွဲ့တွေ မြင်တွေ့ခဲ့ပါတယ်။ 

မိုင်းဖောက်ခွဲလိုက်ရင် ပြည်သူတွေထိခိုက်မှာစိုးတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီအတိုင်းသာ စောင့်ကြည့်နေခဲ့ရတာကြောင့် ထောင်ထားတဲ့ မိုင်းအလုံးရေ ၁၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ လျှပ်တပြက်စွန်ညို ပြောက်ကျားအဖွဲ့တာဝန်ခံ မောင်ကျန်က ဆိုပါတယ်။ 

“လူတွေကို ဆင်းခိုင်းပြီးမှ မိုင်းရှာတာ။ ပြည်သူတွေရှိနေတော့ ကျနော်တို့ဘက်က ဒီအတိုင်းမြင်နေရပြီး မလုပ်လိုက်ရဘူး ဖြစ်နေတာ"လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ခုဆိုရင် ဒီလမ်းပိုင်းမှာ အရပ်ဘက်ကားတွေဖြစ်တဲ့ ခရီးသည်တင် မှန်လုံကားတွေ၊ ပရဟိတကားတွေနဲ့ လူနာတင်ကားတွေပါ သုံးလာကြတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ 

ဒါကြောင့် အရပ်သား ပြည်သူတွေရဲ့ကားမှန်း သိသာအောင် မှန်ချမောင်းဖို့ ဒေသကာကွယ်ရေးတပ်တွေက သတိပေးချက် ထုတ်ပြန်ရတာတွေရှိပါတယ်။ ဒါပေမဲ့ လိုက်နာမှုအားနည်းတာကြောင့် သူတို့ လုပ်ရကိုင်ရတာ အခက်ကြုံနေရပါတယ်။ 

“ပြည်သူကားတွေကို မှန်ချပြီးမောင်းနှင်ဖို့ ထုတ်ပြန်ချက်တွေနဲ့ သတိပေးထားတာရှိတယ်။ ကားမောင်းတဲ့ ပြည်သူတွေက မလိုက်နာတော့ လုပ်ရတာအခက်ခဲဖြစ်တယ်။ ကားမှားမှာလည်း စိုးရိမ်ရတယ်” လို့ ဗိုလ်အေးချမ်းက ရှင်းပြပါတယ်။

မေ ၂၈ ရက်ကဆိုရင် စစ်ကောင်စီတပ်ဟာ လေယာဉ်ဆီတွေကို မီသတ်ကား ၁၁ စီးနဲ့ စစ်ကိုင်းကနေ မုံရွာဘက် သယ်လာတဲ့သတင်းကို ဒေသခံကာကွယ်ရေးအဖွဲ့‌တွေက ကြားလို့ မုံရွာ‌မြို့ရောက်ခါနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Monywa Revolution Force – MRF ကထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းအရ လူနာတင်ကားအရွယ် ရှေ့ပြေး အရပ်သားကား ၂ စီးနောက်မှာ အတန်းလိုက်ပါလာတဲ့ မီးသတ်ကားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲခဲ့တာကို တွေ့ရပါတယ်။ ( လေယာဥ်ဆီတွေ သယ်လာတယ်ဆိုတဲ့ မီးသတ်ကားယာဥ်တန်း မိုင်းဆွဲခံရ )

ထိခိုက်ပျက်စီးမှုကို အတိအကျမသိရပေမယ့် မိုင်းဆွဲခဲ့တဲ့ နေရာဟာ မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်နဲ့ နီးတာကြောင့် ဂိတ်ကနေ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ Monywa Revolution Force – MRF တာဝန်ခံ ကိုမီးပွားက ဆိုပါတယ်။

“ကျနော်တို့ ထပ်ကြားရတာက မအူစစ်ဆေးရေးဂိတ်ရှိရဲ့သားနဲ့ မိုင်းဆွဲခံရတယ်လားဆိုပြီးတော့ သူတို့အချင်းချင်း ပြဿနာတွေဖြစ်နေတယ်လို့ ကြားရတယ်” လို့ သူက ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တပ်ထဲကထွက်ကာ အာဏာဖီဆန်ရေးလုပ်နေတဲ့ ဗိုလ်ကြီးဇင်ယော်က စစ်ကောင်စီတပ်ဟာ မိုင်းရှင်းရာမှာ ခရီးသွားပြည်သူတွေကို အသုံးချတာ၊ စစ်ရေးမှာ အရပ်သားကားတွေနဲ့ ရပ်ရွာသာရေး၊ နာရေးယာဉ်တွေ သုံးနေတာဟာ ဂျနီဗာကွန်ဗက်ရှင်းကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြပါတယ်။ 

“ဒါတကယ့် လူသားဒိုင်းပုံစံမျိုးပေါ့နော်။ ပြည်သူလူထုကို ကာဗာယူပြီး စစ်ဆင်ရေး ရွှေ့ပြောင်းမှုလုပ်တာပေါ့။ ပြည်သူလူထုကတော့ ထိမှာပဲ။ တခါတလေဆို ပရဟိတကားတွေသုံးပြီးတော့ လက်နက်ခဲယမ်းမပါရင်တောင် လူရွှေ့ပြောင်းမှုတွေ လုပ်နေတာပဲ” လို့ သူကပြောပါတယ်။ 

စစ်တပ်က သူတို့ယူသုံးတဲ့ ကုမ္ပဏီကား၊ ပရဟိတကား၊ ဆေးရုံကား စတဲ့အရပ်ဘက်သုံးယာဉ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတခုခုက ပစ်ခတ်မိတဲ့အခါ ထိုအဖွဲ့ဟာ အရပ်သားတွေကိုပါ ရန်မူတယ်ဆိုပြီး စနစ်တကျ ပုံဖျက်လေ့ရှိတယ်လို့ အာဏာဖီဆန်ရေးလုပ်နေတဲ့ ဗိုလ်ကြီးကရှင်းပြပါတယ်။ 

ခွေးသတ်ကွင်း 

မေ ၂၇ ရက်က မုံရွာမှ ထွက်လာတဲ့ စစ်ကား ၄ စီးဟာ လမ်းတလျှောက်လုံးမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့  မိုင်းဆွဲတာကို ခံလာရပြီး မြင်းမူမြို့နယ်အရောက်မှာ မောင်းလို့မရတော့တဲ့ ၂ စီးကို ရပ်ထားခဲ့ပါတယ်။ 

မောင်းလို့ရသေးတဲ့ ၂ စီးက  စစ်ကိုင်းဘက်ကို ဆက်ထွက်လာရာ  မြင်းမူကနေ ၂ မိုင်လောက်သာဝေးတဲ့ ထီးဆောင်းရွာ မရောက်ခင်မှာပဲ မြင်းမူကာကွယ်ရေးအဖွဲ့တွေက မိုင်းဖောက်ခွဲတိုက်ခိုက်ပြန်ပါတယ်။  

ကားနှစ်စီးလုံး ဘီးတွေပွင့်ထွက်သွားပြီး ကားပေါ်ပါ စစ်သားတွေဟာ ခြေလျင်လျှောက် ဆက်သွားခဲ့ရတယ်လို့  DKPDF-MMU အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

တိုက်ခိုက်ရေးနည်းနာအရ မိုင်းထိသွားလို့ ရပ်သွားတဲ့ယာဉ်တန်းကို မောင်းပြန်သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ရင် ရန်သူကို ထိထိမိမိနှိမ်နင်းနိုင်မယ်ဆိုတာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအားလုံး သိကြပါတယ်။ 

ဒါပေမဲ့ သူတို့ဟာ လက်လုပ်သေနတ်တွေသာ ကိုင်ဆောင်ရတဲ့အတွက် အဲဒီလို ပစ်ခတ်တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါဘူး။ 

လက်တလောမှာ မောင်းပြန်သေနတ်မဆိုထားနဲ့ တတောင့်ထိုး လက်လုပ်သေနတ်မှာသုံးတဲ့ ကျည်ဆံဖိုးရဖို့တောင် အဖွဲ့ဝင်တွေဟာ ကြုံရာကျပန်း အလုပ်တွေလုပ်ပြီး စုဆောင်းနေရတယ်လို့ ဆိုပါတယ်။ 

“ကွမ်းခြံအငှား လိုက်ရတာရှိတယ်၊ အုန်းပင်တက်ရတာရှိတယ်။ အဲဒါနဲ့ ကျည်ဆံဝယ်ပြီး မြေပြင်လိုက်ရတာမျိုးတွေရှိတယ်။ ကိုယ့်ရိက္ခာကို ကိုယ်ဘာသာကိုယ်ပဲ ရှာကြံနေရတာပေါ့” လို့ စစ်ကောင်စီတပ်တွေနဲ့ မြေပြင်မှာ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ PKDF-MMU အဖွဲ့ဝင် ဗိုလ်အေးချမ်းက ပြောပါတယ်။

သူတို့ အရမ်းလိုချင်နေတဲ့ မောင်းပြန်သေနတ်ဝယ်ဖို့ကိုတော့ အလှူလိုက်ခံနေရာမှာ လိုအပ်သလောက် မပြည့်မီသေးပါဘူး။  

“ပြည်သူလူထုဆီက အလှူခံရတာကလည်း ပြည်သူတွေလည်း မီးရှို့ခံရတယ်။ ပြီးတော့ စားဝတ်နေရေးတွေ ကျပ်တည်းတယ်။ အဲတော့ ပြည်သူတွေဆီက အလှူခံဖို့ကလည်း ခက်ခဲနေတာပေါ့ဗျာ။” လို့ ဗိုလ်အေးချမ်းက ဆက်ရှင်းပြပါတယ်။ 

ဒါကြောင့်လည်း သူတို့ဟာ ၁ လုံးကို ကျပ် ၂ သိန်းဝန်းကျင်တန်ဖိုးရှိတဲ့ လက်လုပ်မိုင်းတွေနဲ့သာ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေကြတာပါ။ 

ဒါပေမဲ့ မြင်းမူအခြေစိုက်ကာကွယ်ရေးတပ်တွေရဲ့ ဒီတန်ဖိုးနည်း လက်လုပ်မိုင်းတွေဟာ အင်အားတောင့်တင်းပါတယ်ဆိုတဲ့ စစ်ကောင်စီတပ်တွေရဲ့ ယာဉ်တန်းတွေကို  မလွတ်တမ်း မိုင်းဆွဲတိုက်ခိုက်နေပါတယ်။

"ခွေးသတ်သမားများ" ပြည်သူ့ကာကွယ်ရေးအဖွဲ့လို့ အမည်ရတဲ့ Dog Killers People Defense Force – MMU အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မုံရွာ - မန္တလေး ကားလမ်းပိုင်း၊ မြင်းမူမြို့နယ်တဝိုက်မှာ မကြာခဏမိုင်းဆွဲတိုက်ခိုက်နေရတဲ့ အကြောင်းအရင်းကို ခုလိုပြောပါတယ်။ 

“ဒီလမ်းကြောမှာ နယ်မြေဆိုးမိုးမှုလည်း ရချင်တာ အတွက်ကြောင့်ပေါ့ဗျာ။ ပြီးတော့ အဲဒီနေရာတွေကလည်း ခွေးသတ်ကွင်းကောင်း ဖြစ်တဲ့အတွက်ကြောင့်မလို့”

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10