မြို့ပြတိုက်ပွဲနှင့် စခန်းသိမ်းတိုက်ပွဲများ ရှေ့ဆက်ဆင်နွှဲမည့် ပခုက္ကူက SPECIAL TASK FORCE

မြို့ပြတိုက်ပွဲနှင့် စခန်းသိမ်းတိုက်ပွဲများ ရှေ့ဆက်ဆင်နွှဲမည့် ပခုက္ကူက SPECIAL TASK FORCE

ပခုက္ကူမြို့နယ်တွင် အခြေစိုက်သည့် PAKOKKU - SPECIAL TASK FORCE ဟာ မြို့ပြတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲနိုင်ရန်အတွက် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က RPG ၁ လက် ဝယ်ယူခဲ့သည်။ 

အဲ့ဒီ RPG ၁ လက် ပိုင်ဆိုင်ဖို့အတွက် PAKOKKU - SPECIAL TASK FORCE အဖွဲ့သည် ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဝယ်ယူလိုက်ရခြင်းဖြစ်သည်။ 

ဒါ့အပြင် PAKOKKU - SPECIAL TASK FORCE က သူတို့ပိုင်ဆိုင်သည့် ကိုးလုံးကျည်သေနတ်တလက်ကိုပါ ထုတ်ရောင်းလိုက်ရခြင်းဖြစ်သည်။ သူတို့လက်ထဲသို့ RPG တလက်ရောက်လာပြီးသည့်နောက် အကြွေးကျပ် သိန်း ၁၅၀ တင်ကျန်ခဲ့သေးသည်။ 

“ပြီးခဲ့တဲ့တိုက်ပွဲတချို့မှာ ဖျက်အားပြင်းတဲ့ RPG လို လက်နက်မပါတဲ့အတွက်ကြောင့် ဘန်ကာမဖြိုနိုင်၊ စခန်းမသိမ်းနိုင်တာတွေ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီအတွက်ကြောင့် RPG ဝယ်ယူရခြင်းဖြစ်ပါတယ်” ဟု Pakokku-Special Task Force အဖွဲ့မှ ရဲဘော်ကာတွန်းက ရှင်းပြသည်။ 

၎င်းတို့အဖွဲ့သည် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ( ၂ ) အမည်မှ PAKOKKU - SPECIAL TASK FORCE အမည်အဖြစ် ယခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့သည် NUG-MOD လက်အောက်ခံ PDF တပ်ဖွဲ့တခုဖြစ်သည်။

စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ယခုအထိ PAKOKKU - SPECIAL TASK FORCE တဖွဲ့တည်းအနေဖြင့် စခန်းသိမ်းတိုက်ပွဲ ၆ ပွဲဆင်နွှဲထားပြီး အခြားသောအဖွဲ့များနှင့် တိုက်ခဲ့သည့် ပူးပေါင်းတိုက်ပွဲကတော့ ၁၆ ပွဲအထိရှိသွားပြီဖြစ်သည်။

၎င်းတို့အဖွဲ့(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ -၂)သည် ၂၀၂၂ စက်တင်ဘာလ ၄ ရက်က ဧရာဝတီတံတား(ပခုက္ကူ) တောင်ဘက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဆိုသည့်အတိုင်း ထိုစဉ်က တပ်ဖွဲ့တွင် လက်နက် မလုံလောက်ခြင်းနှင့် မောင်းပြန်သေနတ် မရှိသည့်အတွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ကာ ရန်သူ့သေနတ်ကို လုယူခဲ့ရခြင်းဖြစ်သည်။ 

အဆိုပါစစ်ဆင်ရေး ဆင်နွှဲဖို့အတွက် တလကျော်အချိန်ယူပြင်ဆင်ခဲ့ရသည်။ သွားရောက်တိုက်ခိုက်ခဲ့သည့်နေ့က တပ်ဖွဲ့မှ ရဲဘော် ၂ ဦးနှင့် ရဲမေ တဦးက ပစ္စတို ၂ လက်၊ ဗုံးသီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီဂိတ်အားတိုက်ခိုက်စဉ် ပစ္စတိုတလက်မှာ ကျည်ညပ်သွားခဲ့သည့်အတွက် မူလအစီအစဉ်အတိုင်း မဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ထံမှ ဂျီသရီး မောင်းပြန်သေနတ် ၂ လက်တော့ရရှိခဲ့သည်။ ရန်သူ့ဂိတ်ကို ဝင်စီးသည့်အချိန် ကျည်ညပ်သွားသည့် ပစ္စတိုသေနတ်ကို ထားခဲ့ကာ မောင်းပြန်သေနတ်ဖြင့် တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ထိုနေ့က စစ်ဆင်ရေးအပြီးတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရသွားသည်။ ဂျီသရီးသေနတ် ၂ လက်ကို သူတို့အဖွဲ့က ရရှိလိုက်သည်။ သို့သော် ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ဆိုင်ကယ် ၂ စီး ဆုံး ရှုံးလိုက်ရသည်။ PAKOKKU - SPECIAL TASK FORCE တပ်ဖွဲ့မှ ရဲ‌ဘော်များ ထိခိုက်ဒဏ်ရာရရှိတာမျိုး မဖြစ်ခဲ့။ 

အလားတူ ၂၀၂၂ ဒီဇင်ဘာ ၁ ရက်တွင် ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ ဝင် ၅ ဦး ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေကြစဉ် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးစလုံးသေဆုံးသွားခဲ့သည်။ ၎င်းတို့ထံမှ ဂျီသရီး ၂ လက်နှင့် အူဇီ ၁ လက်ရရှိခဲ့သည်။ 

အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)( PAKOKKU - SPECIAL TASK FORCE)မှ ကွန်မန်ဒို ရဲဘော်လေးယောက်ဖြစ်သည့် ရဲဘော်ဒီး၊ ရဲဘော်ပုဂံကြီး၊ ရဲဘော်ပုဂံလေးနှင့် ရဲဘော် King တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေးအပြီးတွင် ရဲဘော်တဦး ပေါင်တွင် ကျည်မှန်ဒဏ်ရာရရှိခဲ့သည်။ 

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ပုံမှန်ဘီယာလာသောက်လေ့ရှိသည့်ဆိုင်ကို သူတို့အဖွဲ့အနေဖြင့် တလကျော်ကြာ စောင့်ဆိုင်းပြင်ဆင်ပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

PAKOKKU - SPECIAL TASK FORCE တပ်ဖွဲ့အနေဖြင့် ယင်းသို့သော စစ်ဆင်ရေးများ ဆင်နွှဲခဲ့သလို တခြားသော ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများတွင်လည်း ပါဝင်ခဲ့ကြသည်။ သို့သော် သူတို့တပ်ဖွဲ့တွင် ယနေ့အချိန်ထိ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိသည်မှလွဲ၍ ကျဆုံးသည့်ရဲဘော် တဦးမှ မရှိပေ။ 

PAKOKKU - SPECIAL TASK FORCE တပ်ဖွဲ့တွင် မောင်းပြန်သေနတ် ၁၀ လက်ရှိသည်။ သေနတ် ၅ လက်က ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိထားခြင်းဖြစ်သည်။ ကျန် ၅ လက်မှာ ပြည်သူများ၏ ထောက်ပံ့ငွေဖြင့် ဝယ်ယူထားခြင်းဖြစ်သည်။ 

၎င်းတို့အဖွဲ့သည် မြို့ပြစစ်ဆင်ရေးများ၊ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲရန် RPG တလက်ပိုင်ဆိုင်ထားပြီးဖြစ်သည်။ တော်လှန်ရေး၏ ဒုတိယအသက်သည် ထောက်ပို့အင်အားဖြစ်သည်ဟု PAKOKKU - SPECIAL TASK FORCE  ကဆိုသည်။ ထို့ကြောင့် မိဘပြည်သူများက ထောက်ပံ့မှုများ ပေးမည်ဆိုပါက သူတို့တပ်ဖွဲ့ အနေဖြင့် မြို့ပြတွေအထိ အရောက်လှမ်းခဲ့မည်ဟု ပြောသည်။ 

“ပြည်သူတွေအနေနဲ့ အားတင်းထားကြပါ။ မကြာခင်မှာ ကျနော်တို့ မြို့ပြတွေအထိ အရောက်လှမ်းခဲ့တော့မှာ ဖြစ်ပါတယ်” ဟု PAKOKKU - SPECIAL TASK FORCE မှ ရဲဘော်ကာတွန်းက ပြောသည်။ 

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ် #PAKOKKU - SPECIAL TASK FORCE #မြို့ပြတိုက်ပွဲ  #RPG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10