သြဇာသီးချိန် ပြည်အလွမ်း

သြဇာသီးချိန် ပြည်အလွမ်း

ဒီအချိန်ဟာသြဇာသီးတွေပေါ်ချိန်။ မြစ်ဧရာအနောက်ဘက်ကမ်းဆီက မိုးရေစက်လက်တောင်တန်းကြီးတွေပေါ် မှာ သြဇာသီးတွေတွဲလွဲခိုစီးလို့ လေတွေမိုးတွေလာပြီဆို ယိမ်းနွဲကြပြီ။ မြေပြင်ကိုကြွေကျသက်ဆင်းတော့မယောင်။ ရှဉ့်ကလေးတွေလည်းပျော်ကြပြီ။ ထမိန်တိုတိုဝတ်တတ်တဲ့လယ်သူမကြီးလည်းပျော်ပြီ။ ဆေးပေါ့လိပ်နဲ့ ရေနွေးကြမ်းကြိုက်တတ်တဲ့ လယ်သမားကြီးလည်းပြုံးနေလောက်ပြီ။ 

၁၇၉ မိုင်အရပ်က အလွမ်းဟာသွေးရူးသွေးတန်နဲ့ထပြေးလာခဲ့တယ်။ ဒါဟာနောက်ဆုံးအသက်ကယ်ဆေး ဆိုတာသူသိလိုက်ရချိန် အလွမ်းဟာအမြန်ယာဉ်ပေါ်မှာ စိတ်စောလို့။ အလွမ်းဟာမီးရထားခေါင်းတွဲဟောင်းကြီး နောက်မှာငိုက်မြည်းလို့။ ခရီးသွားဇိမ်ခံသင်္ဘောကြီးပေါ်မှာ မောင်ချောနွယ်ရဲ့ပြည်ကဗျာကို ဖတ်လို့။ အလွမ်းဟာဆိပ်ကမ်းကိုကပ်ချိန်။ ဘူတာရုံကိုဆိုက်ရောက်။ သူ့သူငယ်ချင်းတွေကိုလည်း ပြည်ကိုလာခဲ့ဖို့ ဖိတ်ဖူးခဲ့၏။ 

ခရီးသွားခြင်းဟာလူဘဝရဲ့အနှစ်သာရတစ်ခုဆိုတာ တိုးရစ်တွေကိုပြောပြခဲ့ဖူးတယ်။ ဘယ်လိုပဲဖြစ်နေပါစေ။ ဥယျဉ်မှူးတွေလည်းခရီးသွားခဲ့တယ်။ ပန်းရံဆရာလည်းခရီးသွားခဲ့ကြတယ်။ စိတ်မနှံတဲ့ချာလရမ်းကြီးလည်း ပုဆိုးစုတ်ကြီးနဲ့မီးရထားပေါ်လိုက်သွားခဲ့ဖူးတယ်။ ကုန်ကုန်ပြောရရင် ကြောင်ကလေးတွေ၊ တယ်လီယာခွေးကလေးတစ်ကောင်၊ တိုက်ကြက်ဖကြီးတစ်ကောင်တောင် ခရီးသွားခဲ့ဖူးတယ်။

မိုးရေတွေတစက်စက်စိုရွှဲနေတဲ့ မြတ်ခင်းရိုင်းထဲကိုတိုးဝင်းရင်း ပုတ်တောင်းတစ်လုံးကိုရွတ်လို့၊ ဖျင်ကြမ်းပုဆိုးကြီးကို ပုခုံးမှာတွဲလောင်းကျလို့၊ ဝါးတံချူလေးကိုမီးဖိုချောင်ထောင့်မှာ ထောင်ထားခဲ့တာကြာပြီ။ အခုတော့လက်ဆိပ်တက်လို့ အကြောမျဉ်တွေတောင်ထောင်ထနေပြီ။ လည်ရှည်ရာဘာဖိနပ်ကြီးချောင်ချိချိ ဂေါက်ဂတ်နဲ့၊ တောင်တန်းတွေပေါ်ကိုတက်လာနေပြီ၊ တန့်ကြည်တောင်တန်းအစွယ်တွေပေါ်ကို လှမ်းလာနေပြီ။ လယ်သူမကြီးငယ်အသွယ်သွယ်တွေ။ သြဇာသီးခူးကြရအောင်တက်လာနေပြီ။

တစ်ခဏသာထွက်ပေါ်လာတဲ့နေရောင်စူးစူးအောက်မှာ မိုးရေစက်ကလေးတွဲလောင်း၊ ဟောလိဒ်ဝုဗိုလ်မလေးလည်တိုင်က စိန်ပွင့်လေးလို ယိမ်းနွဲနေပုံက။ သြဇာသီးတစ်လုံးမှာတွယ်ငြိနေတာ။ သီးကင်းဘဝကနေမကြွေလွင့်ခဲ့တဲ့သူရဲကောင်းတွေလေ။ မျက်ဆံပြူးပြီ။ မျက်ကွင်းကျယ်ပြီ။ အစွမ်းကုန်စိမ်းဖျော့ဖျော့ကနေ ဆင်စွယ်ရောင်နိုနှစ်ရောင်ကိုလုလို့။ ဆူဖြိုးလှတဲ့ငါးကြီးရဲ့ အကြေးခွံတွေလို အထပ်ထပ်လို့။ ချိုမြိန်မွေးမြနူးညံလှတဲ့ အတွင်းသားဖြူဖြူ။ မဟူရာရောင်အစေ့အဆံတွေနဲ့ ပြည်ဒေသထွက်သြဇာသီးတွေ။ သီးလို့ကောင်းနေပြီ။ ထွက်ပေါ်လို့လာနေပြီ။ မြန်မာနိုင်ငံမှာဒီလို အသီးမျိုးရှိကြောင်း၊ ဂျပန်မှာချယ်ရီပန်းတွေအတွက် မော်ကြွားသလို၊ မော်ကြွားလိုက်ချင်ရဲ့။ ပြည်ဒေသထွက်သြဇာသီးတွေဟာ  မြန်မာနိုင်ငံမှာနာမည်ကြီးပေါ့။

ပြည်မြို့၊ တစ်ချိန်က နှစ်ထပ်သင်္ဘောကြီးတွေဝင်ထွက်သွားလာစုန်ခဲ့၊ ဆန်ခဲ့။ အညာကုန်တွေပေါခဲ့။ ဧရာဝတီမြစ်ဟာ လှပညှင်သာစွာစီးရင်း စတုတ္ထမြစ်ကျဉ်းတို့လည်းဖြစ်ပေါ်ခဲ့ရာ။ သြဇာသီးများချိုမြိန်ခဲ့ရာ။ အဝါရောင်သုံးဘီးကားတွေ ဆူညံသံပေးရင်း ကာဗွန်ဒိုဒ်အောက်ဆိုဒ်တို့ မှုတ်ထုတ်ရာ။ ခွာသံပြင်းပြင်းနဲ့ မြင်းလှည်းတွေ ဆေးရုံလမ်းတစ်လျှောက် ဈေးကြီးကိုကုန်စိမ်းတွေပို့ခဲ့ရာ။ ဂျုံးဂျုံးကျနေတဲ့ မီးရထားအိုကြီးကို မိုးရေထဲစောင့်ရင်း ငိုက်မြည်းခဲ့ကြရာ။ အဲလိုနဲ့ အဲဒီအရာတွေကိုခံစားကြရင်း ဖော်ကြူးသီကုန်းဖို့အတွက် အနုပညာတို့ မွေးဖွားခဲ့ဖူးတယ်။ 

 ကဗျာဆရာ၊ တေးရေးဆရာ၊ အဆိုတော်၊ ပန်းချီဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ ဝတ္တုရေးသူတို့နဲ့ လက်ဖက်ရည်ဆိုင်တွေမှာ စည်ကားခဲ့ဖူး၊ လမ်းဘေးဘုံဆိုင်တွေမှာ စောင့်မျှော်ခဲ့ကြဖူး။ မော်ဒန်လူ့အဖွဲ့အစည်းတစ်ရပ်နဲ့ ပင်မရေစီးကြောင်းထဲ ကဗျာဆရာမောင်ချောနွယ်ဟာ ပြည်မြို့မှာနေထိုင်ခဲ့တယ်၊ ပြည်မြို့မှာပဲ ကဗျာတွေရေးခဲ့တယ်။ အဲဒီအရပ်မှာ မောင်ချောနွယ်ဟာ ကဗျာနဲ့ ပြည်ကိုရှာဖွေတွေ့ရှိခဲ့တယ်။

ပန်းတောင်းမြို့နယ်နဲ့၊ ပြည်မြို့နယ်ကို နယ်ခြားစည်းအဖြစ်ဧရာဝတီမြစ်က ပိုင်းခြားပေးထားခဲ့ပြီးဟိုတုန်းကတော့ မြို့တွေကိုဆက်သွယ်ဖို့ ဇာတ်လို့ခေါ်တဲ့တွဲသင်္ဘောကြီးတွေက ကားတွေနဲ့အခြား စက်တပ်ယာဉ်တွေကို တင်ဆောင်ကူးတို့လုပ်ပေးခဲ့၏။ ဆင်တဲဆိုတဲ့ဆိပ်ကမ်းမှာ ဆိုက်တယ်။ အဲဒီကမှရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့ဆီဆက်လက်ထွက်ခွါ သွားကြတာပေါ့။ 

ဧရာဝတီမြစ်အနောက်ဘက်ကမ်းခံတပ်သဖွယ် ရွာကလေးတွေ ညောင်ပင်သာ၊ ရွေဘုံသာ၊ မန်ကျည်းစု၊ ရွာသစ်၊ စစ်တဝင်းနဲ့ သစ်စိမ့်ပင် အခြားရွာကလေး တွေကနေ သြဇာသီးခြင်းတွေတင်ဆောင်လာတဲ့ မော်တော်ငယ်လေးတွေက မီးခိုးတလူလူနဲ့ မြစ်ပြင်ကိုဖြတ်လို့ ပြည်မြို့ဈေးကြီး၊ ညဈေးတန်းတစ်ဝိုက်မှာ ဖြန့်ခင်း၊ အော်ဟစ်၊ ဘူတာရုံကြီးရှေ့လမ်းတစ်ဘက်မှာ တာပေါ်လင်အမိုးကြီးအုပ်မိုးလို့ ချိုမြိန်စားကောင်းလှတဲ့ သြဇာသီးပုံကြီးကိုကြည့်ရင်း ပြည်ကိုလည်ခဲ့ရ။ အဲဒါပြီးရင်တော့ဝါးနှီးခြင်းတောင်းလေးတွေမှာ သတင်းစာစက္ကူလေးတွေခင်းပြီး၊ သတ္တာဗုံးထဲမှာလိုက်ပါရင်း မြန်မာပြည် အထက်အောက်စုန်ဆန်ကာ ကုန်စိမ်းကားကြီးတွေပေါ်၊ လော်ကယ်ရထားတွဲတွေပါ်၊ စီးနင်း ဒေသအသီးသီးကိုရောက်ရှိသွားကြရဲ့။

သြဇာသီးပေါ်ချိန်ဟာ မိုးနှောင်းကာလဖြစ်လို့ပွင့်လင်းလာမဲ့ဆောင်းဦးပေါက်နဲ့ ထွေးရောယှက်တင်ဖြစ်နေတဲ့ လရာသီပေါ့။ ခရီးသွားရာသီလည်းဖြစ်တယ်၊ တော်သလင်းလပြည့်တစ်ဝိုက်ကစတင်လို့ လှိုက်လှိုက်ထွက်ရှိခဲ့တဲ့ သြဇာသီးတွေပေါ့။ အဲဒီရာသီမှာမြို့ကိုရောက်လာကြတဲ့သူတွေဟာ သြဇာသီးခြင်းတောင်းလေးတွေကို လက်ဆောင်အဖြစ်ပေးဖို့၊ အိမ်မှာစားဖို့တခုတ်တရဝယ်သွားတတ်တာပေါ့။ လမ်းကြုံမှာလိုက်သူတွေကလည်း သြဇာသီးကိုပဲမှာကြတယ်။ ရန်ကုန်သူတွေဟာသြဇာသီးကိုသိပ်ကြိုက်ကြဆိုဘဲ။

လွန်ခဲ့တဲ့နှစ်များစွာက သြဇာသီးတွေဟာအရမ်းထွက်အရမ်းသီးခဲ့ကြ။ အခုတော့သြဇာသီးလေးတွေ ကျန်းမာရေးသိပ်မကောင်းရှာဘူး၊ သူကို့ဂရုတစိုက်ဆေးဖော်ကျောဖက်လုပ်သူနည်းလာပြီ။ သြဇာသီးများရဲ့သက်တမ်းဟာ လေးနှစ်သားမှာစတင်သီးပွင့်ခဲ့ပြီး၊ ရှစ်နှစ်သားလူပျိုပေါက်စဟာ သီးအားကောင်းဆုံးအချိန်ပါပဲ။ ဆယ့်ငါးနှစ်သားလောက်မှာတော့သူတို့ရဲ့နောက်ဆုံးနေ့ရက်များပါပဲ။ 

အချို့ဒေသများမှာတော့ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်အထိ သီးကောင်းတုန်း နောက်ထပ်အသစ်တဖန်မွေးဖွားဖို့ မျိုးဆက်သစ်တွေစိမ်းလန်းလာကြ။ ဒီလိုနဲ့သြဇာသီးတွေ ဖြစ်ထွန်းလာခဲ့ကြတာ ရာစုနှစ်ဘယ်လောက်များလဲ ကမ္ဘာဦးအစကတည်းကပေါ်ထွန်းလာခဲ့သလား။ သြဇာသီးကနှစ်ရှည်သီးပင်ဖြစ်တဲ့အတွက် နှစ်တိုငွေဖြစ်မြန်တဲ့တောင်ယာတွေဘက်ကို လူတွေလှည့်နေကြပြီ။ သြဇာသီးတွေကတော့ သူ့အချိန်ရောက်တိုင်းလူကြိုက်များနေမြဲပါပဲ။

ကုန်စည်စီးဆင်းမှုမြန်ဆန်တဲ့ခေတ်မှာ သြဇာသီးတွေကတိုက်ရိုက်ဆိုသလို ဒိုင်တွေနဲ့ချိတ်ဆက်ပြီး သွားလိုတဲ့မြို့တွေကိုအရောက်သွားနိုင်ခဲ့ကြပြီ။ သြဇာခင်းတွေထိကားတွေနဲ့အရောက် လိုက်သိမ်းတယ်။ အဆင့်ဆင့်ကျော်ဖြတ်ပြီးအချိန်မကြာတော့ဘူး ပြည်ကိုသိပ်မလာကြတော့ဘူး။ ဘုရား၊ ဘူတာ၊ ညဈေးတို့မှာလည်း အနည်းငယ်သာလက်လီရောင်းချနေတာတွေ့ရတာပေါ့။ လက်ကားဒိုင်ကြီးတွေက စိုက်ခင်းတွေဆီတိုက်ရိုက်သွားကြတယ်။ ဒါပေမယ့်ဘာကြောင့်မှန်းမသိဘူး။ သြဇာသီးချိန်ဆိုပြည်မှာလွမ်းစရာ။ 

နောက်တစ်ခုရှိသေးတယ် သြဇာသီးကထွက်လာတဲ့အနက်ရောင်အစေ့တွေကို ကလေးဘဝက ဇယ်တောက်တန်းကစားခဲ့ကြသည်။ ဇယ်ခုတ်ကြတယ်။ မြေကြီးမှာကျင်းသေးသေးလေးတူးပြီး လက်ဝါးတစ်ဖက်နဲ့ကျင်းပေါက်ကိုပိတ်၊ ကျဲချပြီးပြန့်ကျဲသွားတဲ့အတိုင်း ကျင်းထဲကိုလက်မနဲ့ တောက်သွင်းရတာ။
 သြဇာစေ့တွေဆိုတာ နို့ဆီဗူးတွေ၊ နို့မှုန်ဗူးကြီးတွေနဲ့အပြည့်သိမ်းသိမ်းထားရတာ လူကြီးတွေသြဇာသီး စားကြရင်လည်းအနားကနေ အစေ့ကောက်ဖို့စောင်နေရတာ။ အခုတော့ကလေးတွ ဇယ်မခုတ်ကြတော့ဘူး။ သြဇာသီးအစေ့လေးတွေထည့်ထားတဲ့ နို့မှုန့်သံဗူးခွံကြီးတွေမမြင်ရတော့ဘူး။ အဲဒီလိုလွမ်းစရာ။ ပြည်ကိုပြန်ချင်တဲ့စိတ်၊ ပြည်ကိုရောက်ချင်စိတ်က၊ အဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်ရင်း၊ အလုပ်လုပ်နေရင်းနဲ့မှ တွေ့ကြုံခံစားနိုင်တဲ့ အိမ်လွမ်းနာကြီးပေါ့။

အခုချိန်မှာတော့ ပြည်မြို့မှာ အရင်လိုရိုးရှင်းလှပသာယာအေးချမ်းတဲ့ ဓလေ့တစ်ချို့မရှိတော့ပေမယ့် လှည်ပတ်စရာတွေများလာခဲ့တယ်။ ထူးဆန်းထွေလာတွေများလာခဲ့တယ်။ ဆိုပါစို့ ကမ္ဘာအမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းတို့၊ နောက်အနီးဝန်းကျင်မြို့၊ ကျေးရွာတွေဆီက ဘုရားစေတီပုထိုးတွေကို အချိန်မကုန်ပဲသွားလာလည်ပတ်နိုင်နေပြီ။ သူတို့ကလည်းခရီးသွားတွေအတွက်လာချင်စရာကောင်းအောင် စွဲဆောင်မှုအချို့ကိုလုပ်လာကြပြီ။ ဒေသထွက်တွေနဲ့စွဲဆောင်တာမျိုးပေါ့။ အဲဒီမှာကျွန်တော်လွမ်းရတဲ့ သြဇာသီးတွေလည်းဇာတ်လိုက်ကျော်တွေပေါ့။

သြဇာသီးခူးကြတဲ့တောသူမကြီးတွေဟာ နံနက်မလင်းခင်မှာပဲတောင်ယာတွေဆီကို လေးလံတဲ့သြဇာသီး တောင်းတွေနဲ့သွားခဲ့ကြပေမယ့် နေ့တစ်ဝက်စာသူတို့ရဲ့လုပ်အားခကတော့ မြန်မာငွေနှစ်ထောင်ကျပ် သာရခဲ့ ကြတယ်။ ချိုမြိန်လှတဲ့သြဇာသီးများကလည်း ခြံထွက်ဈေးကတစ်ရာအောက်ပါပဲ။ မမျှတတဲ့လုပ်အားခ၊ ငွေရင်း စိုက်ထုတ်နိုင်သူကုန်သယ်တွေသာ နောက်ဆုံးမြတ်စွန်းသွားတယ်ဆိုတာ တောသူမကြီးတွေသိခဲ့တာပေါ့။ ဒါပေမယ့်သူတို့ကသြဇာခြံတွေကိုချစ်သူတွေ။ သြဇာသီးချိန်ဆိုပျော်နေသူတွေ။ သြဇာတွေလှိုင်ချိန်ဆို တောင်ယာတဝိုက် သီချင်းသံတွေမြိုင်နေတတ်တာပေါ့။

ဘယ်လိုပဲဖြစ်ပါစေ သြဇာသီးတွေရင့်မှည့်ချိန်မှာတော့ ပြည်ကိုရောက်အောင်သွားမယ်။ ဧရာဝတီအနောက်ဘက်ကမ်းက တောင်ယာတဲတွေဆီသွားမယ်။ သြဇာသီးတွေတောင်းစားရင်း သူတို့နဲ့စကားစမြည်ပြောရင်း တစ်နှစ်စာအလွမ်းကိုဖြေဖျောက်မယ်။ သြဇာသီးတွေလှိုင်လိူင်သီးပါစေ။ တောသူမကြီးတွေကျန်းမာရေးကောင်းပါစေ။ ပျော်ရွှင်ကြပါစေ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10