အညာခေါ်သံ (အသံလွှင့်ဆောင်းပါး)

(မြေလတ်အသံသတင်းဌာနမှာ ဇွန်လ ၁၄ ရက်၌ ဖော်ပြခဲ့သည့် “အညာမြေမှာ ဘာဟာနေလဲ” ဆောင်းပါးကို အသံလွှင့်ဆောင်းပါးအဖြစ် ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်)

အညာဒေသကို တမာမြေလို့တင်စားကြတယ်။ တမာပင်၊ ထနောင်းပင်တွေပေါက်တဲ့မြေ။ တမာရနံ့ သင်းသင်း မွှေးတဲ့ အညာမြေ။ အခုတော့ တမာရနံ့တွေအစား ပြာအနံ့တွေသာ တလှိုင်လှိုင်ပါ။ ဖြူစင်ရိုးသားပွင့်လင်းကြတဲ့ အညာသူ၊ အညာသားတွေဟာလည်း တော်လှန်ရေးကြီးမှာတော့ သတ္တိ၊ ဗျတ္တိတွေနဲ့ ရဲရင့်ပြလိုက်ကြတယ်။

တော်လှန်ရေးကြီးအတွက် အညာက လုံးဝ မညာခဲ့ဘူး။ မညှာခဲ့ဘူး။ အသက်တွေရင်းထားကြတယ်။ ဘဝတွေ ပုံအပ်ထားတယ်။ သူတို့အတွက် နားကပ်မလိုဘူး၊ သေနတ်ပဲ လိုတယ်။ အခုတော ချွတ်စရာ နားကပ်လည်းမရှိ၊ ပိုင်ဆိုင်ကြသမျှဟာ ပြာပုံအတိဖြစ်သွားခဲ့ပြီ။ 

သေနတ်ကိုင်ပြီး ဖြေရှင်းမှရတော့မယ့်အဆုံးမှာ အညာမြေဟာ ရှိသမျှရောင်းချလို့ ရရာလက်လုပ် တထောင့်ထိုး သေနတ်နဲ့ တော်လှန်ရေးကိုစခဲ့ကြတယ်။ အညာမြေရဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဒူးကိုယ်ချွန်ပဲ။ ဆယ်ဂဏန်းနဲ့စခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အခုတော့ ထောင်ချီကျော်လို့ သောင်းချီလာခဲ့ကြပြီ။ 

အာဏာရှင်မင်းအောင်လှိုင်ရဲ့ ဂုတ်ကျား၊ အောင်နက်တပ်ဖွဲ့တွေဟာ အညာတော်လှန်ရေးသမားတွေရဲ့ လက်ချက်မှာ တဖြုတ်ဖြုတ်သေ၊ တဖြည်းဖြည်းကုန်လေတော့၊ PDF မနိုင်၊ ပြည်သူအိမ်မီးရှို့တာတွေ လုပ်လာကြတယ်။ 

ဒါကြောင့် ဂုတ်ကျား၊ အောင်နက်တို့ နေ့စဉ်သေနေရသလို ပြည်သူတွေရဲ့ နေအိမ်တွေလည်း နေ့စဉ်မီးလောင် ပြာကျ ခံနေရတယ်။ ခိုလှုံစရာနေအိမ်မရှိတော့တဲ့ အညာပြည်သူတွေအတွက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရင်ခွင်ဟာ ခိုလှုံစရာအိမ်ကြီးတခုဖြစ်လာတယ်။ စစ်ရှောင်နေရတဲ့ ပြည်သူတွေ၊ နေစရာ၊ စားစရာမရှိတော့တဲ့ ပြည်သူတွေအတွက် အညာတော်လှန်ရေးတပ်ဖွဲ့တွေဟာ နောက်ဆုံး ခံတပ်ကြီးဖြစ်လာတယ်။ 

တော်လှန်ရေးမှာ ပြည်သူကပါ၊ ပြည်သူအတွက် တော်လှန်ရေးသမားတွေက ကာပေးရင်း တော်လှန်ရေးနဲ့ ပြည်သူဟာ တသားတည်းဖြစ်သွားကြတယ်။ အညာဒေသရဲ့ ပြည်သူ့တော်လှန်ရေးစစ်စစ် ဖြစ်လာခဲ့တယ်။ 

အညာဒေသရဲ့ ဒီလိုအခင်းအကျင်းမှာ ဂုတ်ကျားတို့၊ အောင်နက်တို့အတွက်တော့ ကျားသနားမှ နွားချမ်းသာရ မယ့်အဖြစ်။ လမ်းဘေးမုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးလေး တပွဲတောင် ထိုင်မစားရဲတဲ့အဖြစ်။ ဒါတောင် ဂုတ်ကျား၊ အောင်နက်အသွင်အပြင်နဲ့မဟုတ်ဘူး ပြည်သူရုပ်ဆင်ထားတာ။ 

လူကြားထဲ "ဂိန်" လို့ တခွန်း မထွက်ရဲဘူး။  ဝပ်ကျင်းအရှေ့က ကွမ်းယာဆိုင်မှာ ကွမ်းတယာထွက်မဝယ်ရဲဘူး။ ချေးတွင်း(ချီးတွင်း)ထဲမှာ 'လေ' တချက် မလည်ရဲဘူး။  တခါတလေ သူတို့ဟာ ခွေးလား ကြွက်လားတောင် မသဲကွဲဘူး။

စစ်ကြောင်းထိုး၊ လေကြောင်းလာမှ အမြီးနန့်၊ ခေါင်းပြူလုပ်ရဲကြတာ။ ဒီအခါမှ ဂုတ်ကျား၊ အောင်နက်တို့ အစွယ်ထုတ်ပြရဲတာ။ အညာဒေသမှာ မင်းအောင်လှိုင်နောက်လိုက်တွေအတွက် နေစရာဆိုတာ ရက်စက်နိုင်၊ ယုတ်မာနိုင်၊ သတ်ဖြတ်နိုင်မှ လူးလွန့်ရုံသာရှိတာပါ။

သူတို့ဟာ စစ်ကြောင်းထိုးတဲ့အချိန်မှာ ရွာတွေဝင်မယ်၊ ပစ္စည်းတွေယူမယ်၊ အိမ်မီးရှို့မယ်။ တွေ့ရာလူကို ဖမ်းပြီး သတ်ဖြတ်ပြမယ်။ ကိုယ်ချင်စားတရားဆိုတာ မွှေးညင်းတပင်လောက်တောင်မရှိတဲ့၊ လူစိတ်ပျောက်နေတဲ့ တိရစ္ဆာန်တွေရဲ့ ရက်စက်မှုမျိုးနဲ့။ 

တည်းဖြတ်-လင်းဇေ

#မြေလတ်အသံ 

#ဆောင်းပါး #အညာမြေ #တမာမြေ #ရဟတ်ယာဉ် #PDF #အညာခေါ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10