အညာမြေမှာ ဘာ "ဟာ" နေလဲ

အညာမြေမှာ ဘာ "ဟာ" နေလဲ

အညာဒေသကို တမာမြေလို့တင်စားကြတယ်။ တမာပင်၊ ထနောင်းပင်တွေပေါက်တဲ့မြေ။ တမာရနံ့ သင်းသင်းမွှေးတဲ့ အညာမြေ။ အခုတော့ တမာရနံ့တွေအစား ပြာအနံ့တွေသာ တလှိုင်လှိုင်ပါ။ ဖြူစင်ရိုးသားပွင့်လင်းကြတဲ့ အညာသူ၊ အညာသားတွေဟာလည်း တော်လှန်ရေးကြီးမှာတော့ သတ္တိ၊ ဗျတ္တိတွေနဲ့ ရဲရင့်ပြလိုက်ကြတယ်။

တော်လှန်ရေးကြီးအတွက် အညာက လုံးဝ မညာခဲ့ဘူး။ မညှာခဲ့ဘူး။ အသက်တွေရင်းထားကြတယ်။ ဘဝတွေ ပုံအပ်ထားတယ်။ သူတို့အတွက် နားကပ်မလိုဘူး၊ သေနတ်ပဲ လိုတယ်။ အခုတော ချွတ်စရာ နားကပ်လည်းမရှိ၊ ပိုင်ဆိုင်ကြသမျှဟာ ပြာပုံအတိဖြစ်သွားခဲ့ပြီ။ 

သေနတ်ကိုင်ပြီး ဖြေရှင်းမှရတော့မယ့်အဆုံးမှာ အညာမြေဟာ ရှိသမျှရောင်းချလို့ ရရာလက်လုပ် တထောင့်ထိုးသေနတ်နဲ့ တော်လှန်ရေးကိုစခဲ့ကြတယ်။ အညာမြေရဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဒူးကိုယ်ချွန်ပဲ။ ဆယ်ဂဏန်းနဲ့စခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အခုတော့ ထောင်ချီကျော်လို့ သောင်းချီလာခဲ့ကြပြီ။ 

အာဏာရှင်မင်းအောင်လှိုင်ရဲ့ ဂုတ်ကျား၊ အောင်နက်တပ်ဖွဲ့တွေဟာ အညာတော်လှန်ရေးသမားတွေရဲ့ လက်ချက်မှာ တဖြုတ်ဖြုတ်သေ၊ တဖြည်းဖြည်းကုန်လေတော့၊ PDF မနိုင်၊ ပြည်သူအိမ်မီးရှို့တာတွေ လုပ်လာကြတယ်။ 

ဒါကြောင့် ဂုတ်ကျား၊ အောင်နက်တို့ နေ့စဉ်သေနေရသလို ပြည်သူတွေရဲ့ နေအိမ်တွေလည်း နေ့စဉ်မီးလောင်ပြာကျ ခံနေရတယ်။ ခိုလှုံစရာနေအိမ်မရှိတော့တဲ့ အညာပြည်သူတွေအတွက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရင်ခွင်ဟာ ခိုလှုံစရာအိမ်ကြီးတခုဖြစ်လာတယ်။ စစ်ရှောင်နေရတဲ့ ပြည်သူတွေ၊ နေစရာ၊ စားစရာမရှိတော့တဲ့ ပြည်သူတွေအတွက် အညာတော်လှန်ရေးတပ်ဖွဲ့တွေဟာ နောက်ဆုံး ခံတပ်ကြီးဖြစ်လာတယ်။ 

တော်လှန်ရေးမှာ ပြည်သူကပါ၊ ပြည်သူအတွက် တော်လှန်ရေးသမားတွေက ကာပေးရင်း တော်လှန်ရေးနဲ့ပြည်သူဟာ တသားတည်းဖြစ်သွားကြတယ်။ အညာဒေသရဲ့ ပြည်သူ့တော်လှန်ရေးစစ်စစ် ဖြစ်လာခဲ့တယ်။ 

အညာဒေသရဲ့ ဒီလိုအခင်းအကျင်းမှာ ဂုတ်ကျားတို့၊ အောင်နက်တို့အတွက်တော့ ကျားသနားမှ နွားချမ်းသာရမယ့်အဖြစ်။ လမ်းဘေးမုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးလေး တပွဲတောင် ထိုင်မစားရဲတဲ့အဖြစ်။ ဒါတောင် ဂုတ်ကျား၊ အောင်နက်အသွင်အပြင်နဲ့မဟုတ်ဘူး ပြည်သူရုပ်ဆင်ထားတာ။ 

လူကြားထဲ "ဂိန်" လို့ တခွန်း မထွက်ရဲဘူး။  ဝပ်ကျင်းအရှေ့က ကွမ်းယာဆိုင်မှာ ကွမ်းတယာထွက်မဝယ်ရဲဘူး။ ချေးတွင်း(ချီးတွင်း)ထဲမှာ 'လေ' တချက် မလည်ရဲဘူး။  တခါတလေ သူတို့ဟာ ခွေးလား ကြွက်လားတောင် မသဲကွဲဘူး။

စစ်ကြောင်းထိုး၊ လေကြောင်းလာမှ အမြီးနန့်၊ ခေါင်းပြူလုပ်ရဲကြတာ။ ဒီအခါမှ ဂုတ်ကျား၊ အောင်နက်တို့ အစွယ်ထုတ်ပြရဲတာ။ အညာဒေသမှာ မင်းအောင်လှိုင်နောက်လိုက်တွေအတွက် နေစရာဆိုတာ ရက်စက်နိုင်၊ ယုတ်မာနိုင်၊ သတ်ဖြတ်နိုင်မှ လူးလွန့်ရုံသာရှိတာပါ။ 

သူတို့ဟာ စစ်ကြောင်းထိုးတဲ့အချိန်မှာ ရွာတွေဝင်မယ်၊ ပစ္စည်းတွေယူမယ်၊ အိမ်မီးရှို့မယ်။ တွေ့ရာလူကို ဖမ်းပြီး သတ်ဖြတ်ပြမယ်။ ကိုယ်ချင်စားတရားဆိုတာ မွှေးညင်းတပင်လောက်တောင်မရှိတဲ့၊ လူစိတ်ပျောက်နေတဲ့ တိရစ္ဆာန်တွေရဲ့ ရက်စက်မှုမျိုးနဲ့။ 

ပြီးရင် လေယာဉ်တွေနဲ့ ဗုံးကြဲမယ်။ ပစ်မှတ်ကတော့ မှန်ချင်ရာမှန်ပဲ။ ကိုယ်ဝန်ဆောင်သည်လည်းမချန်၊ ကလေးလည်းမကျန် အကုန်မှန်အောင်ပစ်နိုင်တယ်။ သူတို့ရဲ့  ကမ္ဘာကျော် မဟာဗျူဟာကြီးတွေလေ။

အညာဒေသမှာ သူတို့လုပ်နိုင်တာ ဒါပဲကျန်တော့တာလေ။ အိမ်တွေ မီးရှို့မယ်၊ ပြည်သူကို သတ်ပြမယ်၊ လေကြောင်းက ဗုံးကြဲမယ်။ ဒါတွေကလွဲလို့ သူတို့ စွမ်းတာ ဘာမှမကျန်တော့ဘူး။ PDF ကသာ စစ်ကောင်စီစခန်းတွေကို တစခန်းပြီး တစခန်း အသိမ်းကြမ်းနေတာ။ 

အခုရက်ပိုင်းပဲ မုံရွာမြို့တဖက်ကမ်း၊ ဆားလင်းကြီးက ညောင်ပင်ကြီးရဲစခန်းမှာ PDF ဝင်ကြမ်းလိုက်ကြသေးတယ်။ စခန်းသိမ်းတိုက်ပွဲဆိုတဲ့အတိုင်း မိနစ်ပိုင်းအတွင်းမှာ စခန်းထဲအထိ ဝင်နိုင်ခဲ့တယ်။ လေကြောင်းလာလို့ ပြန်ဆုတ်ခဲ့တယ်။ ဒါပေမဲ့ ဂုတ်ကျား၊ အောင်နက်တို့ အတုံးအရုံးကျ၊ PDF တွေ  သေနတ်တွေရပြီး ပြန်ခဲ့ကြတယ်။ 

အညာတော်လှန်ရေးသမားတွေအတွက် စစ်ကောင်စီစခန်းကို သိမ်းလိုက်တာက လွယ်တယ်၊ ခက်နေတာက လူထုမျက်နှာ။ အခုလို စခန်းသိမ်းခံလိုက်ရပြီဆို ဂုတ်ကျားတို့က ထုံးစံအတိုင်း PDF မနိုင်၊ ပြည်သူအိမ် မီးရှို့တာ။ အခုဆိုရင် အိမ်ခြေထောင်ချီရှိတဲ့ ညောင်ပင်ကြီးရွာ မီးရှို့ခံနေရပြီ။ 

သခင်မျက်နှာကလွဲလို့ ဘယ်သူ့မှ ထောက်ထားမညှာတာတဲ့ ဂုတ်ကျားတသိုက်အတွက် ပက်ပက်စက်စက် လုပ်ရက်ပေမယ့် PDF အတွက် ငဲ့ကွက်နေရတယ်၊ ထည့်တွက်ရတာတွေရှိတယ်။ 

ဒီရက်ပိုင်းမှာပဲ မြင်းမူ၊ တောချောင်းက ဂုတ်ကျားစခန်းတခု အသိမ်းခံရသေးတယ်။ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေအပါ တော်တော်များများ မြေဩဇာဖြစ်သွားတယ်။ ထုံးစံအတိုင်း လေကြောင်းလာမှ ဂုတ်ကျားတို့ သက်သာရာရကြတယ်။ PDF တွေ ပြန်ခဲ့ကြတယ်။ 

ဒီလိုစခန်းတွေ အသိမ်းခံရ၊ စစ်ကြောင်းတွေ အဝိုင်းခံရပြီဆိုရင် စစ်ကောင်စီရဲ့ တခုတည်းသော ထွက်ပေါက်ဟာ လေကြောင်းပါ။ လေကြောင်းဟာ တခုတည်းသော ထွက်ပေါက်၊ တခုတည်းသော ဗျူဟာမြောက်ပဲ။ 

ဒါကြောင့် ဒီလေကြောင်းကို ပြန်ခြောက်နိုင်ဖို့ အညာစစ်သည်တော်တွေ လိုအပ်နေတဲ့ တခုတည်းသောအရာကလည်း လေယာဉ်ပစ်သေနတ်။ လေယာဉ် ၁ စီး၊ ၂ စီးကိုသာ ပစ်ချပြ၊ ဂုတ်ကျားတို့ အောင်နက်တို့ "အောင်မလေးဗျ"လို့တောင် မအော်နိုင်ဘဲ ပြေးရမယ့်ဘဝ။ ဒီလက်နက်ကသာ အညာဒေသမှာ ဂုတ်ကျားတို့၊ အောင်နက်တို့ ကင်းစင်အောင်လုပ်ပေးနိုင်မှာ၊ တော်လှန်ရေးကြီး အဆုံးသတ်နိုင်မှာ။ 

ဒီလက်နက်ရမှာသာ လက်ယက်ကုန်းလို၊ အနန့်ပါလို၊ ပဇီကြီးလို အဖြစ်ဆိုးမျိုးနဲ့ ထပ်မကြုံရမှာ။ ဒီလက်နက်ရမှာသာ တော်လှန်ရေးရဲဘော်တွေရဲ့အသက်တွေ ထပ်မပေးရမှာ၊ အပြစ်မဲ့ပြည်သူတွေ ထပ်မသေရမှာ၊ လူနေအိမ်တွေ မီးရှို့မခံရမှာ။ 

လက်ရှိအညာဒေသရဲ့အဖြစ်က နယ်လှည့်ပတ်ကိုက်နေတဲ့ ခွေးရူးတကောင်ကို လက်ဗလာနဲ့ ဝိုင်းဖမ်းနေရသလိုမျိုး။ ချောင်ပိတ်ခံရတဲ့ခွေးရူးကလည်း ကြောက်ကြောက်နဲ့ မည်းမည်းမြင်ရာကိုက်။ ဖမ်းမယ့်သူကလည်း လက်ဗလာနဲ့ဖမ်းဖို့ကြိုးစား။ ဒါပေမဲ့ လိုနေတာတခုက ခွေးရူးကို တချက်တည်းရိုက်လို့ရမယ့်တုတ်။ ခွေးရိုက်မယ့် ဒီတုတ်ကို ခွေးရူးဖမ်းနေသူတွေ လက်ထဲ ထည့်ပေးရဖို့ပဲ။ 

လက်ထဲရှိတာ ပေါင်နှံရောင်းချ၊ လက်လုပ်၊ တတောင့်ထိုးနဲ့ စခဲ့ကြတဲ့ အညာတော်လှန်ရေးသမားတွေ အခု တကယ်လိုအပ်နေတာက မောင်းပြန်သေနတ်လို၊ ရဟတ်ယာဉ်ပစ်ချလို့ရတဲ့ လက်နက်လို။

အဲဒီလက်နက်တွေလိုနေတာ၊ အညာတော်လှန်‌ရေးသမားတွေလက်ထဲ အဲဒီလက်နက်တွေ ထည့်ပေးလိုက်ရမှာ။ ဒါမှလည်း ဂုတ်ကျားတို့၊ အောင်နက်တို့ ကိစ္စပြတ်မှာ။

စစ်ကောင်စီရဲ့  'ဟာ'ကွက်ကိုသိတဲ့ ကရင်နီ(ကယား)ဒေသမှာတော့ ရဟတ်ယာဉ်ကို ပစ်ချဖို့အတွက် ပွိုင့်ဖိုက်လက်နက် အလှူခံကြတယ်။ ပွိုင်ဖိုက်ကမ်ပိန်း ဆင်နွှဲကြတယ်။ တိုင်းရင်းသားညီအစ်ကိုဒေသအတွက် ဝိုင်းလှူ၊ ဝိုင်းကူကြလေတော့ ပွိုင့်ဖိုက် ၃ လက်ရတယ်။ လူထုရဲ့ စေတနာ၊ လူထုရဲ့ မေတ္တာ။  

ဒီစေတနာ၊ ဒီမေတ္တာတွေကို အညာမြေ၊ ဗမာပြည်အတွက်လည်း ထပ်ဆက်ရမယ်။ အညာမြေကလည်း တောင်းဆိုနေတယ်။ 

ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်း၊ ရခိုင် စတဲ့ပြည်နယ်က တိုင်းရင်းသားညီအစ်ကိုတွေဟာ တိုက်ရည်ခိုက်ရည် ကောင်းကြတယ်။ အတွေ့အကြုံရင့်သန်ကြတယ်။ တိုက်ရည်ခိုက်ရည်ပြည့်ဝနေတဲ့ တော်လှန်ရေးသမားတွေရှိတယ်။ လက်နက်အင်အား အထိုက်အလျောက် တောင့်တင်းကြတယ်။ 

အာဏာရှင်ကို အမြစ်ဖြတ်ဖို့ဖြစ်လာတဲ့အခါ ဒီတိုင်းရင်းသား ပြည်နယ်အသီးသီးက ညီအစ်ကိုတွေဟာ ဗမာပြည်သူတွေကို အတတ်ပညာ၊ နည်းပညာအသိတွေ မျှဝေကြတယ်။ လက်နက်တွေ ကူညီပေးတယ်၊ ခိုလှုံစရာ နေရာတွေပေးတယ်။ တိုင်းရင်းသားညီအစ်ကိုတွေ ကျောချင်းကပ်၊ အတူရပ်ပေးကြတယ်။ 

ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ရေရှည်မှာတော့ တိုင်းရင်သားညီအစ်ကိုတွေရဲ့ လက်ကိုဆွဲကိုင်ရင်း ဗမာပြည်သူတွေ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ရမယ်။ ရှေ့ဆက် ကိုယ်ထူ၊ ကိုယ်ထရမယ်။ လက်ရှိမှာတော့ အညာမြေကဗမာတွေအတွက် ဗမာပြည်သူတွေအားလုံး လက်ချင်းဆက်၊ ရင်ချင်းအပ်ရမယ်။

အညာမြေ၊ ဗမာပြည်က တော်လှန်ရေးသမားတွေလိုအပ်နေတဲ့ မောင်းပြန်တွေ၊ လေယာဉ်ပစ်တွေ ဝိုင်းကူ၊ ဝိုင်းလှူကြရမယ်။ အညာမြေအတွက် တရက်ကြာရင် တရက်နာတယ်။  အညာမြေ၊ တမာမြေ၊ ဗမာပြည်ကို ဒို့ဗမာတွေ ဝန်းရံကြစို့ ။ ။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10