အာဏာရှင်စနစ် အမြန်ဆုံး နိဂုံးချုပ်ချင်သလား (အတွေးအမြင်)

အာဏာရှင်စနစ် အမြန်ဆုံး နိဂုံးချုပ်ချင်သလား (အတွေးအမြင်)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာခဲ့သည်။ ဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမည်ဖြစ်သည်။ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား ရှိသူအားလုံး စစ်မှုထမ်းရမည်ဖြစ်သည်။ 

အထက်ပါလုပ်ရပ်အပေါ် အချို့က စစ်ကောင်စီသည် တပ်ပျက်နေသည့်အတွက် ပြည်သူ့စစ်များစုဆောင်းနေရသည်၊ စစ်မှုထမ်းဟောင်းများကို ပြန်ခေါ်ယူနေရသည်၊ ယခုဆိုလျှင် စစ်မှုမထမ်းမနေရ ဥပဒေကိုတောင် ပြဌာန်းနေရပြီ၊ စစ်တပ်ကြီး တပ်ပျက်နေပြီး မကြာခင်ကျရှုံးရတော့မည်ဟု ရှုမြင်ကြသည်။ 

ဤရှုမြင်မှုသည် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအပေါ် အကောင်းမြင်ခြင်း၊ စိတ်အားတက်ကြွမှုဖြစ်စေမည့်ဘက်က ရှုမြင်ခြင်းဖြစ်သည်။ သို့သော် လက်တွေ့ မကျ။

အချို့ကလည်း အားလုံးစစ်မှုထမ်းကြပြီး လက်ထဲသို့ သေနတ်ရောက်ပါက သေနတ်ပြောင်းကို စစ်ကောင်စီ ဘက်လှည့်ကြမည့်အရေးကို ယုံကြည်မျှော်လင့်ကြသည်။ 

ရန်သူက ပြတ်သားသည်။ အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ရေးဆင်နွှဲခြင်း စသည့်ကိစ္စရပ်များကို ပြတ်ပြတ်သားသားလုပ်သည်။ မြေပြင်မှာ လက်တွေ့ ကျကျလုပ်သည့်နည်းတူ မီဒီယာဖြင့်လည်း ဝါဒဖြန့်မှုကို နည်းမျိုးစုံလုပ်သည်။ 

ယခုအခါ စစ်ကောင်စီဘက်မှ စစ်ရေးပြင်ဆင်မှုများကို လက်တွေ့ကျကျရှေ့သို့ နောက်တလှမ်းတိုးလာခြင်း ဖြစ်သည်။ တော်လှန်ရေးအပေါ်အကောင်းမြင်သည့်ရှုထောင့်မှနေ၍ “တပ်ပျက်နေပြီ”“မကြာခင် စစ်အာဏာရှင် ကျရှုံးတော့မည်”“သေနတ်ပြောင်း မင်းအောင်လှိုင်ဘက်သို့ လှည့်လိမ့်မည်” ဟု ရှုမြင်ကြမည့်အစား စစ်ကောင်စီ၏ ဤစစ်ရေးပြင်ဆင်မှုကို မည်သို့ လက်တွေ့ကျကျ ရင်ဆိုင်မည်နည်းဟူသော ရှုထောင့်ကသာ ကြည့်ပြီး အလေးအနက် ကြိုတင်ပြင်ဆင်သင့်သည်။ 

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းထွက်ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိုမိုသတိပြုသင့်သည်။ မျှော်လင့်ချက် အမှားများပေးရမည့်အချိန် မဟုတ်၊ လှောင်ပြောင်စရာ လုပ်ရမည့်အချိန်မဟုတ်။  

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည် စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကပင် လက်နက်ကိုင် အဖွဲ့အစည်းများအဖြစ် အခိုင်အမာတည်ရှိထားပြီးဖြစ်သည်။ လက်နက်၊ လူအင်အား တောင့်တင်းသည်။

ရက္ခိုင့်တပ်တော်(AA) ဆိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မတိုင်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဦးဆောင်သည့် အစိုးရလက်ထက်ကတည်းကပင် မင်းအောင်လှိုင်စစ်တပ်ကို ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်နိုင်ခဲ့သည့် စွမ်းဆောင်ရည်ရှိထားပြီး ဖြစ်၏။ 

ထို့အပြင် အာဏာရှင်တော်လှန်ရေးကာလ ၂ နှစ်ကျော်လာပြီး တော်လှန်ရေးရေချိန် လေးဖင့်နေသည့်အချိန်၌ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့က ဦးဆောင်ပြီး ၁၀၂၇ စစ်ဆင်ရေးကိုဆင်နွှဲခဲ့သည်။ 

၂၀၂၃ အောက်တိုဘာ ၂၇ ရက် စစ်ဆင်ရေးစတင်ကတည်းက မင်းအောင်လှိုင်လက်အောက်ခံ စစ်တပ်များ ဆက်တိုက်ဆိုသလို အရေးနိမ့်ပြီး အများအပြားသေဆုံးခဲ့ကြသည်။ စစ်ဗိုလ်ချုပ်များကိုယ်တိုင် လက်နက်ချ အညံ့ခံခဲ့ရသည့်အထိဖြစ်သည်။ 

၁၀၂၇ စစ်ဆင်ရေးကြောင့် အာဏာရှင်လက်နက်ကိုင်တော်လှန်ရေးခရီးသည် တကြော့ပြန်ဦးမော့လာခဲ့ သည်။ စစ်ဆင်ရေးစတင်ပြီး ၄ လ မပြည့်ခင်မှာပင် ရှမ်းပြည်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့တွင် မြို့ပေါင်း ၄၀ ကျော်ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြသည်။ 

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စုစည်းညီညွတ်မှု၊ တောင့်တင်းခိုင်မာမှု၊ တိုက်ခိုက်ရည် ပြည့်ဝမှုများက မင်းအောင်လှိုင်စစ်တပ်ကို ခြိမ်းခြောက်ထားနိုင်ပြီ​ ဖြစ်သည်။

သို့သော် စစ်တပ်အာဏာသိမ်းမှုအလွန်မှာ ပေါ်ပေါက်လာသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း အတွင်းက လက်နက်ကိုင်တော်လှန်ရေးအင်အားစုများတွင်က လိုအပ်ချက်များစွာ ရှိနေသေးသည်ဟု ဆိုရမည်။ 

အဆိုပါ လိုအပ်ချက်သည် စွန့်လွှတ်၊ စွန့်စားချင်သည့် ရဲဘော်များမဟုတ်၊ ၎င်းတို့ တိုက်ပွဲဝင်အသုံးပြုနေရသည့် လက်နက်ခဲယမ်းများဖြစ်သည်။ 

တော်လှန်ရေးကာလ ၃ နှစ်ပြည့်လာသည့်အချိန်ထိ စစ်ကိုင်း၊ မကွေး နှင့် ပဲခူးတိုင်းအတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များစွာသည် တတောင့်ထိုးလက်လုပ်သေနတ်များသာ ကိုင်နေရဆဲဖြစ်သည်။ တချို့ဆိုလျှင် လက်လုပ်သေနတ်ကိုပင် လူစေ့အောင် မကိုင်နိုင်ကြ။

တော်လှန်ရေးစတင်ကတည်းက ကိုယ်ထူကိုယ်ထ တပ်ဆင်ထားသည့် လက်နက်များနှင့် တော်လှန်ရေးခရီးကို ဆက်လက်ချီတက်နေရဆဲဖြစ်သည်။ စစ်ရေးမစ်ရှင်လုပ်နိုင်ရန် ရန်ပုံငွေရှာရသည်။ အလှူခံနေရသည်။ စစ်ကောင်စီစစ်ကြောင်းကိုများ တွေ့မြင်နေရသည့်တိုင် လက်နက်ခဲယမ်းမရှိသဖြင့် စစ်ရေးမစ်ရှင်များကို မဖော်နိုင်သည့် အခြေအနေများပင်ရှိသည်။ 

ထို့ကြောင့်လည်း ၁၀၂၇ စစ်ဆင်းရေးစတင်ပြီးသည့်နောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ စိတ်ရှိတိုင်း မဖော်ဆောင်နိုင်ခဲ့။ 

စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများဆင်နွှဲပြီး ကောလင်း၊ ရွှေပြည်အေး၊ ခမ်းပတ်နှင့် မော်လူးမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။ မြို့သိမ်းထားခြင်း ၃ လကျော်ကြာလာသည့်အခါ စစ်တပ်က ကောလင်းမြို့ကို ပြန်သိမ်းဖို့ ကြိုးစားနေသည်။

ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ဗျူဟာကုန်းများ၊ တပ်ရင်းများ၊ မြို့များကို တစ်ခုပြီးတစ်ခု ဆက်တိုက်သိမ်းပိုက်အောင်ပွဲခံနေချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကောလင်းမြို့ ပြန်လည်အသိမ်းခံနေရသည့်သဘော ဖြစ်သည်။ 

စစ်ကောင်စီတပ်များသည် ကောလင်းမြို့ထဲသို့ပင် ဝင်ရောက်နေကြပြီဖြစ်သည်။ ဖေဖော်ဝါရီ ၁၁ အထိ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်၏။ 

ကောလင်းမြို့သည် စစ်ကိုင်းအတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ ပထမဆုံးမြို့သိမ်းနိုင်ခဲ့သည့် အောင်မြင်မှုဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ကောလင်းမြို့ကို လွယ်လွယ်ကူကူဖြင့် လက်လွှတ်ခံမည်မဟုတ်။ 

သို့သော် ဤနေရာတွင် အကန့်အသတ်တခုရှိသည်။ ယင်းက ထောက်ပို့ပေးနိုင်မှုဖြစ်သည်။ ရှေ့တန်းစစ် မြေပြင်၌ မည်သို့ပင် ရဲရင့်မှု၊ တိုက်ခိုက်ရေး စွမ်းရည်ပြည့်ဝမှု ရှိနေပါစေ နောက်တန်းမှ လိုအပ်သည့် ပံ့ပို့မှုများ မပေးနိုင်ပါက စစ်ရေးအောင်မြင်ဖို့က မသေချာနိုင်။ 

အညာဒေသရှိ လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့များ၌ ယင်းအချက်က ကြီးမားသည့် လိုအပ်ချက်တခုလိုဖြစ်နေသည်။ 

ထို့အပြင် တပ်ရင်း၊ တပ်ဖွဲ့များ၏ စုစည်း၊ ညီညွတ်မှုကလည်း မေးခွန်းထုတ်စရာတခုဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးခရီးစတွင် အညာတော်လှန်ရေးသမားများသည် ကိုယ်ထူကိုယ်ထဖြင့် တပ်ရင်း၊ တပ်ဖွဲ့ များကို ဖွဲ့စည်းခဲ့ကြသည်။ 

နောက်ပိုင်းတွင် တချို့သော လက်နက်ကိုင်အဖွဲ့များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအဖြစ် ဝင်ရောက်သွားကြသည်။ NUG အစိုးရ၏ အသိအမှတ်ပြုမှုနှင့် ထောက်ပံ့ကူညီမှုရရှိနိုင်ရန် ဝင်ရောက်သွားကြဟန်ရှိသည်။

NUG အစိုးရသည် ၎င်း၏လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များကို ထောက်ပံ့ပေးမှုများရှိသည်။ သို့သော် လောက်ငှပြည့်စုံမှု မရှိသည်ကို အဆိုပါ တပ်ရင်း၊ တပ်ဖွဲ့များ၏ အခြေအနေများက သက်သေခံနေသည်။ 

ထို့အပြင် အညာဒေသရှိ တပ်ရင်း၊ တပ်ဖွဲ့များကြား၌ ကွဲပြားခြားနားမှုများ ရှိသေးသည်။ ယင်းက NUG လက်အောက်ခံမဟုတ်သည့် ဒေသပြည်သူ့ကာကွယ်ရေးတပ် (LPDF)နှင့် NUG လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့ များကြားက ကွဲပြားနေမှုများဖြစ်သည်။ 

စစ်ကိုင်း၊ မကွေးတိုင်းအတွင်းရှိ ဒေသခံများ၏ ပြောကြားချက်အရ NUG လက်အောက်ခံ ပကဖ၊ ပအဖ၊ ပလဖနှင့် NUG/MOD လက်အောက်ခံ PDF တပ်ရင်း၊ တပ်ဖွဲ့များ ကြား၌ပင် ကွဲလွဲမှုများရှိနေသည်ဟု ဆိုသည်။ 

အထက်ပါ အချက်များသည် ဖုံးဖိကွယ်ဝှက်ထား၍ ကောင်းသော အရာများမဟုတ်။ လူမှုရေးအရ ဖြည့် တွေးနားလည်ပေး၍ ကောင်းသည့်အရာမဟုတ်။ အသက်များ၊ ဘဝများရင်းထားရသည်။ တိုင်းပြည်ကို ပုံအပ်ထားရခြင်းဖြစ်သည်။ 

ရန်သူက လက်နက်အင်အား တောင့်တင်းသည်၊ စုစည်းမှုအားကောင်းသည်။ လက်ရှိတွင် ပြည်သူ့စစ်မှု ထမ်းဥပဒေကို ပြဌာန်းပြီး စစ်ရေးကို ရှေ့တလှမ်းတိုးဖို့ ပြင်ဆင်နေသည်။ 

မင်းအောင်လှိုင်ဘက်သို့ သေနတ်ပြောင်း ပြန်လှည့်မည့်အရေးကို ထိုင်ပြီး မျှော်လင့်နေ၍ မရ။ ကဏ္ဍပေါင်းစုံက တော်လှန်ရေးအင်အားစုများအားလုံး မိမိကိုယ်ကိုမိမိ မညှာမတာဘဲ မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ဖို့  လိုအပ်နေပြီဖြစ်သည်။ 

လက်တွေ့ကျသည့် ပြင်ဆင်မှု၊ ပံ့ပိုးမှုများ လိုအပ်နေပြီ ဖြစ်သည်။ တော်လှန်ရေးသည်သာ ပထမ၊ တော်လှန်ရေးသည်သာ ဒုတိယ၊ တော်လှန်ရေးသည်သာ တတိယဟု နှလုံးသွင်းပြီး တခုတည်းသော စိတ်ဖြင့် ရှေ့ဆက်မှသာလျှင် အာဏာရှင်စနစ်အမြန်ဆုံးနိဂုံးချုပ် မည်သာဖြစ်သည်။ 

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #အာဏာရှင်စနစ် #နိဂုံးချုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10