NUG က အညာဒေသအတွက် လိုနေတာလား ပိုနေတာလား

NUG က အညာဒေသအတွက် လိုနေတာလား ပိုနေတာလား

ဒီတပတ်အတွင်း အညာဒေသမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြားသိပြီးတဲ့နောက် စာရေးသူဟာ ဒီမေးခွန်းကို အားမနာတမ်း မေးမိတယ်။ NUG ဟာ အညာဒေသအတွက် လိုအပ်နေတာလား၊ အပိုကြီးဖြစ်နေတာလားလို့။ ပေါ့ချင်လို့ ကြောင်ရုပ်ထိုးမှ ဆေးအတွက်လေးရတဲ့အဖြစ်ကိုလည်း တွေးမိတယ်။ တဆက်တည်းမှာပဲ အညာဒေသအပါအဝင် မြန်မာပြည်အနှံ့မှာ တော်လှန်ရေးလက်နက်ကိုင်တွေ ပေါ်လာပြီးမှ NUG ပေါ်လာတာလား၊ NUG ပေါ်လာပြီးမှ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်လာကြတာလား အဲဒီ မေးခွန်းတွေကိုပါ ကိုယ့်ဘာသာတွေးပြီး မေးနေ မိတယ်။ 

ပြီးတော့ စာရေးသူ သိမြင်သလောက် NUG က တော်လှန်ရေးကြီးကို ဦးဆောင်မှုပေးနေတဲ့တပ်ဦး၊ အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသူတွေ အားလုံးရဲ့  တော်လှန်ရေးအစိုးရတရပ်။ အဲဒီလို နှလုံးသွင်းထားပေမယ့် အညာဒေသမှာ NUG ဟာ အဲဒီတာဝန်တွေကို ကျေပွန်ရဲ့လား၊ အညာသူအညာသား တော်လှန်ရေးအင်အားစုတွေရဲ့ အားကိုးအားထားရာရော ဖြစ်ရဲ့လား။

ဒီလို မေးလိုက်တဲ့အခါ နားခါးစရာတော့ဖြစ်မယ်။ တော်လှန်ရေးအတွက် သွေးခွဲတာလားလို့ တွေးစရာရှိမယ်။ ဒါပေမဲ့ မနေ့ညက ဗိုလ်နဂါးရဲ့စကားကို ငှားသုံးရမယ်ဆိုရင် "အားနည်းချက်ကို ပြင်ဖို့ပြောတာနဲ့ စိတ်ဓာတ်ကျဖို့လည်း မကြိုးစားကြပါနဲ့။ အမှားတွေကို ဝိုင်းဖုံးတတ်တဲ့ အကျင့်တွေကိုလည်း ပြင်ပါ။ ဒီအတိုင်းထားလို့ မပြင်ရင်တော့ ပျက်သွားလိမ့်မယ်”  ဆိုတဲ့ စကားအတိုင်း စာရေးသူကိုယ်တိုင်ကလည်း ကောင်းစေချင်တဲ့ဆန္ဒနဲ့ မေးတယ်လို့ မှတ်ပါ။ 

ပြီးတော့ လစဉ်၊ လတိုင်း ရာချီအသက်ပေးနေရတဲ့ အညာဒေသက ပြည်သူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တွေရဲ့ မျက်နှာတွေကို ထောက်ထားပြီး ဒီစာကိုရေးရတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်း အညာဒေသက တော်လှန်ရေးလက်ကိုင်အဖွဲ့တွေမှာ ယေဘုယျ အားဖြင့် ၂ မျိုးရှိတယ်။ အဲ့ဒါက NUG၊ MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ NUG၊ MOD လက်အောက်ခံ မဟုတ်တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (LPDF) ဆိုတာပါ။ (လက်အောက်ခံ မဟုတ်ပေမယ့်လည်း မြေပြင်မှာတော့ လက်နက်ကိုင်အဖွဲ့အချင်းအချင်း ညီညီညွတ်ညွတ် ပူးပေါင်းတိုက်ပွဲဝင်နေကြတာ အများကြီးပါ။)

တကယ်တော့ အဲ့ဒီလက်နက်ကိုင်အဖွဲ့အားလုံးနီးပါးဟာ ကိုယ့်ပိုက်ဆံ ကိုယ်ရှာ၊ ကိုယ်သေနတ် ကိုယ်လုပ်ပြီး အာဏာရှင်ကိုတိုက်ခဲ့ကြတဲ့ ကိုယ့်ဒူးကိုယ်ချွန် တော်လှန်ရေးသမားတွေချည်းပါပဲ။  

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန NUG၊ MOD ပေါ်လာပြီးတဲ့နောက်မှသာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ ၂ မျိုး ၂ စားကွဲသွားကြတာပါ။ ဒီလိုပြောရတဲ့အတွက် NUG၊ MOD က တမင် ကွဲပြားအောင်လုပ်တယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေကို စုစည်းနိုင်ဖို့၊ စနစ်တကျကိုင်တွယ် စီမံခန့်ခွဲ ထောက်ပံ့ပေးနိုင်ဖို့အတွက် လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ အဲ့ဒီမူလ ရည်ရွယ်ချက်တွေကို မလွှမ်းခြုံနိုင်တဲ့အခါ၊ စနစ်တကျကိုင်တွယ် စီမံခန့်ခွဲမှု ထောက်ပံ့မှုတွေ မလုပ်နိုင်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ တချို့ ရှိလာတာတွေ့ရတယ်။

အညာဒေသမှာ အခြေအနေမတူကြတဲ့ လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့  ၂ ခုကြားမှာ ပွတ်တိုက်မှုတချို့ ရှိကြတာလည်း အားလုံးအသိပါ။ မြေပြင်မှာ စစ်အာဏာရှင်တပ်ဖွဲ့တွေကို အများစုက အတူတကွပူးပေါင်း တိုက်နေကြပေမယ့် တချို့တပ်ဖွဲ့တွေကြားမှာတော့ ပွတ်တိုက်မှုတွေက ရှိနေတာပါ။ ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ NUG၊ MOD ကို တင်ပြခဲ့ကြပေမယ့် ဖြေရှင်းပေးနိုင်တာမျိုး မရှိဘဲ ပြဿနာတွေသာ ပိုပြီးဆိုးရွားလာနေတာကို တွေ့ရပါတယ်။

ဥပမာအနေနဲ့ ပြောပြရရင် NUG၊ MOD လက်အောက်ခံ ခရိုင်တပ်ရင်းနဲ့ မြို့နယ်ပကဖ၊ ပအဖ အဖွဲ့တွေက သူတို့ခရိုင်နဲ့ မြို့နယ်ထဲမှာရှိတဲ့ တခြားသော ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်၊ လူအင်အားနဲ့ အနိုင်ကျင့် ဝင်ရောက်တိုက်ခိုက်တာမျိုးတွေရှိတယ်။ 

ဒီလိုကိစ္စတွေ ကြုံရတဲ့အဖွဲ့တွေက NUG၊ MOD ထံ တိုင်ကြားစာတွေ ပို့ကြပေမယ့် စာရေးသူ သိရသလောက် တာဝန်ယူမဖြေရှင်းပေးတာက အများစုပါ။ နောက်ဆုံးမှာ ခံရတဲ့အဖွဲ့တွေကသာ အဲဒီအဖွဲ့တွေနဲ့ ထိပ်တိုက် မတွေ့အောင်နေ၊ ဒါမှမဟုတ် တခြားနယ်မြေကို ထွက်သွား။ ဒီလိုပဲ လုပ်လိုက်ရတဲ့အဖြစ်တွေ ရှိပါတယ်။ 

ဒီလိုကိစ္စတွေဟာ အရင်နှစ်တွေကလည်း ရှိခဲ့သလို အခုနှစ်ဆန်းပိုင်းတွေမှာလည်း တော်တော်များများ ဖြစ်ခဲ့ပါတယ်။ လက်ရှိအထိလည်း ဖြစ်နေဆဲပါ။

ဇူလိုင်လ နောက်ဆုံးအပတ်ထဲမှာဆိုရင် ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံးရဲ့ ညွန်ကြားချက်အရ လို့ ဆိုပြီး စာတစောင်ထွက်လာပါတယ်။ ထုတ်ပြန်ချက်စာရဲ့ ခေါင်းစဉ်ပါအကြောင်းအရာက NUG အစိုးရရဲ့ ညွန်ကြားချက်အောက်မှာမရှိတဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆက်သွယ်ခြင်း၊ ဝင်ရောက်နေထိုင်ခွင့်မပြုရန်ဆိုပြီး ဖော်ပြထားပါတယ်။ 

ပြီးတော့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခု (LPDF) ကိုလည်း ဒေသတွင်းမှာ အခြေချမနေထိုင်ဖို့နဲ့ လှုပ်ရှားခွင့်မပြုဖို့ပါ ညွန်ကြားထားပါသေးတယ်။ ဒီသဘောထားဟာ အောက်ခြေအဖွဲ့တွေဆီက ထွက်လာတာမျိုးမဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေ ထွက်လာတဲ့ သဘောထားတခုပါ။ ဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့ ဘယ်သူက ဘာကြောင့်ထုတ်ပြန်တယ် ဆိုတာကတော့ တိတိပပထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရပါဘူး။

ဒီထုတ်ပြန်ချက်စာမှာ ဘာကြောင့် အခုလိုလုပ်ရတယ်ဆိုတဲ့ ရည်ရွက်ချက်ကို မဖော်ပြထားပေမယ့် စာရေးသူကတော့ ဘာကြောင့် အခုလိုလုပ်ရတာလဲ၊ အားလုံးလက်နက်ကိုင်ထားတာဟာ ဘုံရန်သူ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ မဟုတ်ဘူးလား စတဲ့ မေးခွန်းတွေထွက်လာတယ်။ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေဟာ NUG၊ MOD အတွက် ရှိပေးနေရုံသပ်သပ်ပဲလား။ 

အားလုံးပြောနေတဲ့ ကွပ်ကွဲမှုအားကောင်းအောင် (Chain of Command- COC) လုပ်ဖို့အတွက် အခုလို လုပ်ရတာလို့ဆိုရင်လည်း အခု မြေပြင်က တပ်ရင်း၊ တပ်ဖွဲ့တွေအကြား ဖြစ်နေတဲ့ ပြဿနာတွေကိုရော ကိုင်တွယ် ဖြေရှင်းပေးနိုင်သလားလို့ မေးခွန်းထုတ်ရမှာပါ။ 

ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ NUG ဖြေရှင်းပေးတာမျိုး မလုပ်ကြလားလို့ နီးစပ်ရာအသိုင်းအဝိုင်းကို မေးကြည့်တဲ့အခါ တိုင်စာတွေကို လက်ခံရရှိပြီး ကြိတ်ပြီးရှင်းနေကြတယ်၊ လျှိုဝှက် ကိုင်တွယ်ဖြေရှင်းနေကြတယ်လို့ သိရတယ်။ ဒီလိုကြားသိရတဲ့အခါမှာ အားတက်မိတယ်၊ အပြစ်တင်စောမိတဲ့ ကိုယ့်ကိုယ်ကိုတောင် အပြစ်တင်မိလိုက်တယ်။

အဲဒီမေးခွန်းမေးတဲ့အချိန်ဟာ ချောင်းဦးမြို့နယ်မှာ ကလေးနဲ့ အမျိုးသမီး ၄ ဦးအပါအဝင် လူ ၇ ဦးကို ရပ်ကျေးပကဖက အဓမ္မပြုကျင့်ပြီး သတ်ပစ်လိုက်ကြတဲ့အချိန်ပါ။ 

ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ အဲဒီအမှုကို ပြန်စုံစမ်းကြည့်မိတဲ့အခါ ပြစ်မှုကျူးလွန်ထားတဲ့ ပကဖရပ်ကျေးခေါင်းဆောင်ဟာ ချောင်းဦးမြို့နယ်ပလဖ အချုပ်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရတယ်။

ပြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီး ၁ နှစ်နီးပါးကြာလာခဲ့ပေမယ့် တကြိမ်သာ ရုံးချိန်းယူခဲ့ပြီး နောက်ထပ် ရုံးချိန်းတွေ ထပ်ခေါ်တာမျိုးမရှိဘဲ အမှုက ဒီတိုင်းပဲရှိနေသေးတယ်လို့ သိရပါတယ်။ ဒါက ပြဿနာပေါင်းများစွာထဲက ပြဿနာတခုပါ။ 

အခုရက်ပိုင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့က မြင်းခြံ အခြေစိုက် MG6 ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တဦးကို  ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျဆုံးခဲ့ရတယ်။ ပြီးတော့ MG6 ပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ သေဆုံးသူခေါင်းဆောင်ရဲ့ မိသားစုဝင်တွေ အဖမ်းခံထားရပါတယ်။ 

ဒီကိစ္စကိုရော NUGက ကြိတ်ပြီး ဖြေရှင်းပေးနေလား၊ ဖြေရှင်းပေးပါစေလို့ ဆုတောင်းတယ်။ တကယ်တော့ ဖြစ်သွားတဲ့ကိစ္စဟာ လူမှုရေးကိစ္စတခုလောက်သာဖြစ်ပြီး ပြဿနာဖြစ်သွားပြီးမှ အမှုကြီးအောင်လုပ်နေရတဲ့သဘော ရှိတာကို တွေ့ရတယ်။

အခုရက်ပိုင်းမှာပဲ NUG၊ MOD လက်အောက်ခံလို့သိရတဲ့ ယင်းမာပင်မြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းက တပ်ရင်း ၂ ခုကြား ပြဿနာဖြစ်ပြီး ဒုတပ်ခွဲမှူးတဦး ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။ ပြီးတော့ ပုလဲမြို့နယ်အတွင်းက ရပ်ကျေးပကဖ ဒုခေါင်းဆောင်တဦးကို မျက်နှာဖုံးစွပ်ထားတဲ့ လူ ၂ ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ NUG၊ MOD လက်အောက်ခံတပ်ရင်းတခုက LPDF ကလုပ်သလိုမျိုး ဖြေထားတယ်။

ပြီးတော့ ဒီဩဂုတ်လ ပထမအပတ်ထဲမှာပဲ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပကဖနဲ့ ပအဖ အဖွဲ့တာဝန်ခံတွေကို အလိုမရှိကြောင်း ဒေသခံ ၂၀၀ ကျော် ဆန္ဒပြခဲ့ကြတယ်။ အဓိက ပြဿနာက မြေပြင်မှာမရှိတဲ့ NUG ကခန့်အပ်ထားတဲ့ အဖွဲ့ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့၊ ဒေသခံလူထုက သူတို့ကြိုက်နှစ်သက်တဲ့ မြေပြင်မှာ တကယ်အလုပ်လုပ်တဲ့ ခေါင်းဆောင်ကို ခန့်အပ်ချင်လို့ ဆိုတဲ့ အချက်တွေကြောင့်ပါပဲ။ 

လက်နက်ကိုင်အဖွဲ့တွေမှာလည်း အလားတူ အမြီးအမောက်မတည့်တဲ့ ပြဿနာတွေ များစွာရှိပါတယ်။ 

နောက်ဆုံးကတော့ အားလုံးသိကြတဲ့ မုံရွာမြို့က နေ့စေ့၊လစေ့ ကိုယ်ဝန်ဆောင်တဦး အသတ်ခံရတဲ့ကိစ္စ။ ပြစ်မှုကျူးလွန်သူတွေကို PDF တပ်ဖွဲ့ တခုရဲ့ ခေါင်းဆောင်ဆိုသူက ဖမ်းဆီးပြီး လူသိရှင်ကြား ဆိုရှယ်မီဒီယာမှာ စစ်ဆေးအပြစ်ပေးတယ်။

ပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုဟာ တော်တော်လွှဲချော်နေသလို လူထုအထင်သေးကဲ့ရဲ့စရာ၊ လူထုအယုံအကြည်မဲ့စရာ ဖြစ်စေတယ်လို့ မြင်မိတယ်။ ဒီကိစ္စကို NUG လုပ်တာ မဟုတ်တာတော့ ကျိန်းသေတယ်။ ဒါပေမဲ့ NUG မှာ လုံးလုံးတာဝန် မရှိဘူးလား၊ ဒီနေရာမှာ အပြစ်မဟုတ်ဘဲ မစ်ရှင်ဖြစ်နေရင်ရော ဘယ်လိုသဘောထားမလဲ။ ဒါမှမဟုတ် NUG က ကြိတ်ပြီးတော့ ဖြေရှင်းပေးနေကြတာလား။ 

ဒါပေမဲ့ ကိုယ့်ဘက်က အမှားကြီးကတော့ ရန်သူရဲ့အကြိမ်ကြိမ် ထိုးနှက်စရာအဖြစ် ရရှိသွားပါပြီ။ 

ပြီးတော့ မနေ့ကပဲ NUG၊ MOD လက်အောက်မှာရှိတဲ့ မြန်မာ့တော်ဝင်နဂါတပ်တော်က တပ်ရင်း ၄ ရင်းကို NUG၊ MOD ထုတ်ပယ်လိုက်တဲ့အကြောင်း ဗိုလ်နဂါးက ပြည်သူကို အသိပေးလာပါတယ်။ ဘာကြောင့်ထုတ်ပယ်လဲလို့ ဗိုလ်နဂါးက မေးတဲ့အခါ MRDA ရှိနေတဲ့အတွက် သူတို့ (NUG၊ MOD) မလိုတော့ဘူးဆိုတဲ့ သဘောမျိုးပဲ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။ 

ဒီကိစ္စကို ဗိုလ်နဂါးက လူထုနဲ့အွန်လိုင်းက တွေ့ဆုံစကားပြောတဲ့ သူ့ရဲ့အစီအစဉ်မှာ ထည့်သွင်းပြောကြားသွားတယ်။ ဒါနဲ့ဆက်စပ်ပြီး ဗိုလ်နဂါးဟာ NUG၊ MOD ရဲ့ အားနည်းချက်တချို့ကို အချက်အလက် တော်တော်များများနဲ့ ထောက်ပြသွားခဲ့တယ်။ 

MRDA အနေနဲ့ NUG၊ MOD မရှိခင်ကတည်းက စစ်ရေးဖော်ဆောင်မှုတွေ လုပ်တဲ့အကြောင်း၊ နောက်ပိုင်း တပ်ရင်းတောင်းလို့ အားလုံးရဲ့ ဝိုင်းဝန်းအားပေးမှုနဲ့ NUG၊ MOD လက်အောက်ကို တပ်ရင်း ၄ ရင်း ပေးခဲ့ကြောင်း၊ အဲဒီတပ်ရင်းတွေကို NUG၊ MOD က လစဉ်ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးနေတယ်ဆိုပေမယ့် ထောက်ပံ့မှုရခဲ့တဲ့ လတွေမှာ အများဆုံး ၂၈ သိန်းသာ ရခဲ့ဖူးကြောင်း၊ တပ်ရင်း ၄ ရင်းစာအတွက် လက်နက် ၁၀၀ ရထားကြောင်း၊ အခုလို တပ်ရင်း ၄ ရင်း ထုတ်ပယ်ခံရတဲ့အချိန်မှာ အဲဒီသေနတ် အလတ် ၁၀၀ ကို တော်လှန်ရေးပြီးတဲ့အထိ တိုက်ပွဲတွေ တိုက်သွားဖို့အတွက် ငှားရမ်းထားလိုကြောင်း ပြောပြသွားပါတယ်။ 

တစင်ထောင်ချင်တာလားလို့ မေးမြန်းမှုအပေါ်မှာလည်း ဗိုလ်နဂါးက အခုလို ဆိုတယ်။

“တစင်ထောင်တာ မဟုတ်ဘူး။ NUG အနေနဲ့ ကောင်းကောင်းမွန်မွန် ဦးဆောင်ဖို့ပဲလိုတယ်” လို့ သူက ဆိုပါတယ်။

NUG က မြေပြင်မှာ ခန့်အပ်တဲ့တာဝန်ပေးထားတဲ့ လူတွေနဲ့ပတ်သက်လို့လည်း သူက လူထုနဲ့ချစ်ကြည်ရင်းနှီးမှုရှိပြီး သန္ဓေမှန်တဲ့သူ၊ လူထုက ဆန္ဒပြုတဲ့သူကိုသာ ခန့်အပ်သင့်ပြီး နီးစပ်ရာ လက်ညိုးထိုးခန့်အပ်ပြီးမှ NUG က ပြဿနာတွေ မရှင်းနိုင်တာမျိုး မလုပ်သင့်ဘူးလို့လည်း ဆိုပါတယ်။ 

ဗိုလ်နဂါးဟာ ပြဿနာတွေချည်းပြောသွားတာ မဟုတ်ပါဘူး။ အဖြေလည်း ပေးသွားပါတယ်။ အမှားသိမြင်ပြီး အမှန်ကို လုပ်ရဲတဲ့သတ္တိရှိဖို့လိုတဲ့အကြောင်းကိုလည်း သူကပြောသွားပါသေးတယ်။

“လုပ်လို့ရတာ တခုရှိတယ်။ လုပ်ရဲဖို့လိုတယ်။ လုပ်ပေးချင်တဲ့ စေတနာလည်းလိုတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ဒေသတိုင်း၊ ဒေသတိုင်းကို Reform (ပြုပြင်ပြောင်းလဲရေး) ပြန်လုပ်ပေးဖို့လိုတယ်။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စစ်ရေး၊ ဘယ်အရေးပဲ ဖြစ်ဖြစ် စီမံခန့်ခွဲမှုလုပ်တဲ့အခါမှာ ဒေသနဲ့ ပူးပေါင်းပြီးတော့ တာဝန်ခန့်အပ်တာတွေ လုပ်ဖို့လိုလိမ့်မယ်။ ပကဖ၊ ပအဖတွေကို Reform (ပြုပြင်ပြောင်းလဲ) လုပ်သင့်တယ်။ မဟုတ်လို့ရှိရင် တော်လှန်ရေးကို ထိခိုက်လာတော့မယ်။ NUG ရဲ့ ဂုဏ်ပုဒ်ကိုပါ ထိခိုက်လာလိမ့်မယ်။” လို့ ဗိုလ်နဂါးက ဆိုတယ်။

ပြီးတော့ သူက တဆက်တည်းမှာပဲ “အားနည်းချက်ကို ပြင်ဖို့ပြောတာနဲ့ စိတ်ဓာတ်ကျဖို့လည်း မကြိုးစားကြပါနဲ့။ အမှားတွေကို ဝိုင်းဖုံးတတ်တဲ့အကျင့်တွေကိုလည်း ပြင်ပါ။ ဒီအတိုင်းထားလို့ မပြင်ရင်တော့ ပျက်သွားလိမ့်မယ်” လို့ ဗိုလ်နဂါးက သတိပေးပါသေးတယ်။ 

ဒါကြောင့် ဒီရက်ပိုင်းအတွင်း တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ အချင်းချင်းကြား ဖြစ်နေတဲ့ ပြဿနာတွေကို ကြည့်ပြီး ပြည်သူလူထု စိတ်ပျက်အားလျှော့ကာ တော်လှန်ရေးမျက်စီမလည်ခင်မှာ NUG ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုတယ်၊ မအောင်မြင်တဲ့ နည်းလမ်းကြီးကို လက်လွှတ်ပြီးတော့ နောက်ထပ် ကောင်းမွန်တဲ့အဖြေတခုကို ရှာဖွေရပါရတော့မယ်။ အဲ့ဒီလိုမှ မလုပ်နိုင်ရင်တော့ NUG ဟာ အညာဒေသအတွက် လိုနေတာလား၊ ပိုနေတာလားလို့ မေးရတော့မှာပါ။ 

#မြေလတ်အသံ 

#ဆောင်းပါး #အတွေးအမြင် #အညာဒေသ #NUG #MOD

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10