ဝမ်ပေါင်နဲ့ ဒေသခံတို့ရဲ့ စီးချင်းတိုက်ပွဲ (သတင်းဆောင်းပါး)

ဝမ်ပေါင်နဲ့ ဒေသခံတို့ရဲ့ စီးချင်းတိုက်ပွဲ (သတင်းဆောင်းပါး)

လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကတည်းက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ဒေသခံတွေနဲ့ မကြာခဏ ပဋိပက္ခဖြစ်နေခဲ့တဲ့ မြန်မာဝမ်ပေါင်ယန်စီ ကြေးနီတူးဖော်ရေးစီမံကိန်းဟာ စစ်အာဏာသိမ်းပြီး ၂၀၂၃ အတွင်းမှာ အတင်းမာဆုံးအခြေအနေကို ရောက်သွားခဲ့ပါတယ်။  

၂၀၂၁ အာဏာသိမ်းစက ရပ်နားထားတဲ့ ဒီကြေးနီတူးဖော်ရေးစီမံကိန်းဝင်းကို စစ်တပ်က စစ်စခန်းသဖွယ် အသုံးချပြီး အနီးပတ်ချာလည်က ရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာနဲ့ စီမံကိန်း ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက လုံခြုံရေးပေးပြီး အပြင်းအထန်ကြိုးစားနေတာကြောင့် ဒေသခံတွေကြား မကျေနပ်မှု ရေချိန် အမြင့်ဆုံးရောက်သွားကြတာပါ။ 

 

စစ်တပ်က စစ်စခန်းသဖွယ်အသုံးချနေ 

စစ်အာဏာသိမ်းပြီးနောက် ဒီစီမံကိန်းပတ်ချာလည်က မြရိပ်ရွာ၊ ဆယ်ထန်းတောကြီးရွာ၊ ကျေးစာကျရွာ၊ မိုးကြိုးပြင်ရွာ၊ တယ်ပင်ကန်ရွာ၊ ဝါးတန်းရွာနဲ့ တုံရွာအပါအဝင် ရွာပေါင်း ၁၅ ရွာက အိမ်ခြေ ၆၀၀ ကျော်ကို စစ်တပ်ကလှည့်လည် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာက ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်ကော်မတီတွေပူးပေါင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်းအနီးက မီးရှို့ခံထားရတဲ့ ရွာတွေရဲ့ တည်နေရာကို မြေပုံထောက်ပြီးဖော်ပြခဲ့ပါတယ်။ 

မြေပုံအရ မီးရှို့ခံထားရတဲ့ ရွာတွေဟာ စီမံကိန်းတည်ရာ လက်ပံတောင်းတောင်ရဲ့ ၅ မိုင်ပတ်ချာလည်အတွင်းက ရွာတွေဖြစ်ပါတယ်။  

မုံရွာမြို့က အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းဟာ ချင်းတွင်းမြစ်ခြားပြီး ၁၀ မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။ 

ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း မကြာသေးခင်ကမှ CDM လုပ်လာတဲ့ ရဲတပ်သား ကျော်လင်းအောင်ဆိုသူက စီမံကိန်းခြံဝန်းထဲမှာ ရဲနဲ့ စစ်သားအင်အား ၂၅၀ ဝန်းကျင် တပ်စွဲ ထားပြီး စစ်သားအင်အား ၁၀၀ ဝန်းကျင်ဟာ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ပုံမှန်လှည့်လည် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။ 

သူတာဝန်ထမ်းဆောင်ခဲ့တဲ့ တနှစ်အတွင်းမှာ ဒီစီမံကိန်းကို တရုတ်နိုင်ငံသားတွေ လာရောက်တဲ့ အသွားအပြန် ခရီးစဉ် ၃ ကြိမ် လိုက်ပါပြီးလုံခြုံရေးယူပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

ရဲတပ်သားကျော်လင်းအောင်ဟာ အမှတ် ၂၈ ရဲတပ်ရင်းကဖြစ်ပြီး ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ ၂၀၂၂ က လုံခြုံရေးတာဝန်စကျခဲ့ပြီး တနှစ်အကြာ ၂၀၂၃ ဩဂုတ်မှာ သေနတ် ၂ လက်နဲ့အတူ  ပြည်သူ့ကာကွယ်ရေးတပ်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ ဆီကို ထွက်ပြေးလာခဲ့သူဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ဝမ်ပေါင်ကြေးနီစီမံကိန်း ဝန်းထဲမှာ တပ်စွဲပြီး အနီးပတ်ချာလည်က ရွာတွေကို စစ်ကြောင်းထိုး လူနေအိမ်ရာပေါင်းများစွာကို ဖျက်ဆီးနေတဲ့အပြင် အရပ်သားတွေကိုလည်း အကြမ်းဖက်သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းကတည်းကနေ ၂၀၂၃ စက်တင်ဘာအထိ စီမံကိန်းအနီးဝန်းကျင်က ဒေသခံ အမျိုးသား ၂၆ ယောက်ကို စစ်ကောင်စီတပ်က သတ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဓာတ်ပုံနဲ့တကွ စာရင်းတွေကို ဖော်ပြခဲ့ပါတယ်။  

ဒီထဲမှာ ကုမ္ပဏီဝန်ထမ်း ၃ ယောက်နဲ့ ၉ နှစ်အရွယ် ကလေးတယောက် ပါဝင်ပါတယ်။ ၂ ယောက်ကတော့ စီမံကိန်းခြံဝန်းရဲ့ လုံခြုံရေးကင်းတဲထဲကနေ သေနတ်နဲ့လှမ်းပစ်တာကို ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတွေရဲ့ ပြောပြချက်အရ မြန်မာဝမ်ပေါင်ယန်စီကုမ္ပဏီ ကြေးနီစီမံကိန်းခြံဝန်းရဲ့ ပတ်ပတ်လည်မှာ အာဏာသိမ်းပြီးနောက် လုံခြုံရေးကင်းတဲတွေ အများအပြား တိုးဆောက်လာပါတယ်။ 

CDM ရဲတပ်သားကျောင်လင်းအောင်က သူတာဝန်ကျစဉ်က အဲ့ဒီကင်းတဲတွေပေါ်မှာ လှည့်ပတ်တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်ပြီး “မည်းမည်းမြင်တာနဲ့ အရင်ဆုံးသတင်းပို့။ နည်းနည်း ထူးခြားမှုရှိလာပြီဆို ပစ်ထုတ် ပစ်” ဆိုပြီး မှာကြားခံထားရတယ်လို့ ပြောပါတယ်။  

 

အပြင်းအထန်ကန့်ကွက်ခံနေရတဲ့ စီမံကိန်း 

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအကျယ် ဧက ၇,၀၀၀ ရှိပြီး ဘေးကပ်လျက်က စံပယ်တောင်နဲ့ ကြေးစင်တောင်သတ္တုတွင်း စီမံကိန်းအကျယ်က ဧက ၆,၀၀၀ ရှိပါတယ်။  

စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင်တို့ကနေ တနှစ်ကို ကြေးနီတန်ချိန် ၁၃၉,ဝဝဝ ထုတ်ဖို့ စာချုပ်ချုပ်ဆိုထားတယ်လို့ ၂၀၁၃ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာမှာပါဝင်ပါတယ်။ 

စာချုပ်အရ မြန်မာ-ဝမ်ပေါင်ရဲ့ အကျိုးအမြတ်ကို မြန်မာနိုင်ငံအစိုးရက ၅၁ ရာခိုင်နှုန်းနဲ့ ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်းရရှိပါတယ်။ မြန်မာ-ယန်စီကုမ္ပဏီရဲ့ အကျိုးအမြတ်ကို မြန်မာအစိုးရက မြေရှင်ခ ၄ ရာခိုင်နှုန်းနဲ့ ဦးပိုင်ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ရရှိပါတယ် 

၂၀၁၈ မှာ ကြေးနီတန်ချိန် ၁၀၀,၀၀၀ ကျော် တူးဖော်ထုတ်နိုင်ရာကနေ ၂၀၁၉ မှာ ကြေးနီတန်ချိန် ၁၂၀,၀၀၀ အထိ တူးဖော်ထုတ်နိုင်ခဲ့တယ်လို့ SOHU ဆိုတဲ့ တရုတ်သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ 

 စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာတော့  မြန်မာ-ဝမ်ပေါင်ကုမ္ပဏီကနေ အစိုးရရရော ဦးပိုင်ကုမ္ပဏီကရောရမယ့် အကျိုးအမြတ်ခွဲတမ်းနှစ်ခုစာ ၇၀ ရာခိုင်နှုန်းကို စစ်တပ်က ရသွားမှာဖြစ်ပါတယ်။ အလားတူ  မြန်မာ-ယန်စီကုမ္ပဏီကနေ အကျိုးအမြတ်ခွဲတမ်းနှစ်ခုစာ  ၅၄ ရာခိုင်နှုန်းကိုလည်း စစ်တပ်ကရမှာဖြစ်ပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းစမှာ မြန်မာနိုင်ငံသားဝန်ထမ်း ၇,၀၀၀ ရှိတဲ့ ဒီစီမံကိန်းကနေ ဝန်ထမ်း ထောင်နဲ့ချီပြီး CDM လုပ်ခဲ့တာကြောင့် ကြေးနီထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရပါတယ်။  

ဒါပေမဲ့ ၂၀၂၂ ဧပြီလထဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်ကိုသွားခဲ့တဲ့ ခရီးစဉ်မှာ တရုတ်အစိုးရက ကြေးနီစီမံကိန်းအပါအဝင် မြန်မာနိုင်ငံထဲက တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ 

အဲ့ဒီလိုထုတ်ဖော်ပြောပြီး ၂ ပတ်အကြာမှာပဲ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့က မြန်မာ-ဝမ်ပေါင်-ယန်စီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်ပါက နည်းပေါင်းစုံနဲ့ တိုက်ခိုက်သွားမယ်လို့ သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီကတော့ အကျိုးအမြတ်ဝေစုရဲ့ ထက်ဝက်ကျော်ကိုရရှိမယ့် ဒီကြေးနီစီမံကိန်းကို ပြန်လည် လည်ပတ်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။

အနောက်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံခြားဝင်ငွေရှားပါးနေတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ တရုတ်နိုင်ငံနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်တဲ့ ဒီကြေးနီစီမံကိန်း လည်ပတ်နိုင်ရင် လိုအပ်နေတဲ့ နိုင်ငံခြားဝင်ငွေရရှိမှာဖြစ်ပါတယ်။  

ဒါကြောင့်လည်း နိုင်ငံခြားငွေအသည်းအသန်လိုအပ်နေတဲ့ စစ်ကောင်စီဟာ ဒီကြေးနီစီမံကိန်းပြန်လည် လည်ပတ်နိုင်ဖို့ လုံခြုံရေးအပြည့်ယူပြီး ကြိုးစားနေတာကိုလည်း ဒေသခံတွေက အပြင်းအထန်ကန့်ကွက် ဆန္ဒပြနေခဲ့ကြပါတယ်။  

လုပ်ငန်းပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီဟာ ရပ်နီးရပ်ဝေးက စားဝတ်နေရေးမပြေလည်သူတွေကို စည်းရုံးအလုပ်ပေးပြီး လုပ်ငန်းခွင်ထဲကနေ အပြင်ထွက်ခွင့်ကို တင်းကျပ်ထားတာ တွေ့ခဲ့ရတယ်လို့ ရဲတပ်သားကျော်လင်းအောင်က ဆိုပါတယ်။ 

“ရွာတရွာကို သူတို့ဝင်သွားပြီဆိုရင် အလုပ်အကိုင် အဆင်မပြေတဲ့သူတွေကို လိုက်ရှာစည်းရုံးတယ်။ လစာ ဘယ်လောက်ပေးမယ်ပြောပြီး။ တကယ်တမ်း သူတို့ပြောသလောက် အဲ့ဒီဝန်ထမ်းတွေက မရကြဘူး” လို့ သူက ပြောပါတယ်။ 

ကြေးနီစီမံကိန်းကို ပြန်စနိုင်ဖို့ သြဂုတ်မှာ စစ်တပ်က ဝက်မှေး၊ ကန်တော၊ မိုးကြိုးပြင်၊ ဆည်တဲ၊ ဇီးတောစတဲ့ ကျေးရွာဟောင်းမြေနေရာတွေကို စီမံကိန်းအတွက် ခြံစည်းရိုးတိုးချဲ့ခတ်ခဲ့ပါသေးတယ်။ ဒီလုပ်ရပ်အပေါ် ဒေသခံတွေက ပိုမို ဒေါသထွက်ခဲ့ကြပါတယ်။ 

ဒါ့အပြင် သြဂုတ်မှာပဲ ကြေးနီထုတ်ဖို့နဲ့ ရိက္ခာပို့ဖို့ရည်ရွယ်ပြီး ဝမ်ပေါင်ကုမ္ပဏီကနေ ညောင်ပင်ကြီး ဆိပ်ကမ်းအထိ လမ်းအသစ်ဖောက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်ပြီး ထွက်လာတဲ့ကုန်ကားတွေကို စစ်ကောင်စီက လုံခြုံရေးပေး လေ့ရှိပြီး အဲ့ဒီယာဉ်တန်းတွေကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မြေလတ်အသံက ရေးသားဖော်ပြခဲ့ပါသေးတယ်။

မြင်းမူမှာ မိုင်းရှင်းတဲ့ယာဥ်တန်းနဲ့ ကြေးနီသယ်တဲ့ကားတွေမိုင်းဆွဲခံရ (ရုပ်/သံ)

 

စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်

ဒေသခံတွေကြားမှာ ဒီစီမံကိန်းရဲ့ လုပ်ရပ်တွေကြောင့် မကျေနပ်မှုအမြင့်ဆုံးရောက်လာတဲ့အခါ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင့်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေက ဒီကြေးနီစီမံကိန်း ဝန်းထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 

အခုနှစ် မတ်လ ၂၅ ရက်က မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းဝန်းထဲကို ဆားလင်းကြီး အထူးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၂ လုံးချကာ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ ဆက်လက်မပတ်သက်ဖို့ သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တာဝန်ခံ ကိုဖိုးဇေက ဆိုပါတယ်။

“ကုမ္မဏီအနေနဲ့ သီးသန့်ရပ်တည်နေမယ်ဆို တိုက်ခိုက်စရာအကြောင်းမရှိဘူး။ တိုက်ဖို့ဆန္ဒလည်း မရှိဘူးဗျ။ စစ်ကောင်စီကို အထောက်ပံ့ဖြစ်စေတဲ့ အရာတွေလုပ်နေလို့ တိုက်ခိုက်ရတာ။ ဝမ်ပေါင်ထဲက ထွက်ပြီး စစ်ကြောင်းထိုးတာ ၄ ခေါက်ရှိပြီ၊ အဲ့ဒီစစ်ကြောင်းတွေအတွက် ရိက္ခာလုပ်ပေးတယ်။ ရှေ့ ၃ ခေါက်‌က ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ဖောင်းကတာ ရွာတွေ မီးရှို့ခံရတယ်" လို့ သူက မြေလတ်အသံကို ပြောပါတယ်။ (စစ်ကောင်စီနဲ့ပတ်သက်လို့ ဝမ်ပေါင်ကြေးနီ ကုမ္ပဏီကို သတိပေးတိုက်ခိုက်

စီမံကိန်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်တပ်ကလည်း ဒေသကာကွယ်ရေးတပ်တွေကို လက်နက်ကြီးတွေနဲ့ ပြန်လည်တိုက်ခိုက်လေ့ရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။  

ဒေသကာကွယ်ရေးတပ်တွေ စီမံကိန်းကို တိုက်ခိုက်တာကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်လိုခြင်း မရှိကြောင်း ၂၀၂၂ ဇွန်မှာ ဝမ်ပေါင်ကုမ္ပဏီဘက်က စာထုတ်ပြန်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဇွန်မှာ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်အနီးက ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စခန်းသိမ်းနိုင်ကာနီးမှာ လေကြောင်းပစ်ကူရောက်လာတဲ့အပြင် ဝမ်ပေါင်ကြေးနီစီမံကိန်းဝန်းထဲကနေ စစ်တပ်က လက်နက်ကြီးနဲ့ပါ လှမ်းပစ်လို့ ပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ (ညောင်ပင်ကြီးရဲစခန်းတခုလုံးနီးပါး သိမ်းနိုင်ခဲ့ပြီး ရဲ ၂ ဦးဖမ်းမိ၊ လက်နက်တချို့ရ

ဒါ့အပြင် သြဂုတ်တုန်းက ပြည်သူ့စစ်သင်တန်းဆင်းလက်မှတ်ကိုင်ထားတဲ့ အမျိုးသား ၁၄ ဦးကို ဆားလင်းကြီး အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းတဲ့အခါ ဝမ်ပေါင်ကုမ္ပဏီမှာ လုံခြုံရေးလုပ်မယ့်သူတွေဖြစ်တဲ့အကြောင်း ထွက်ဆိုခဲ့တယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ (ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းဆင်း အမျိုးသား ၁၄ ဦး ဖမ်းမိ)

ဆားလင်းကြီးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုငြိမ်း‌မောင်ကတော့ သူတို့အနေနဲ့ ကုမ္ပဏီနဲ့ဝန်ထမ်းတွေကို အထိအခိုက်မရှိအောင်သတိထားပြီး စစ်တပ်ကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ စက်တင်ဘာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

တဆက်တည်းမှာပဲ  “နောက်ဆိုရင်တော့ အာမခံနိုင်ခြင်း မရှိပါဘူး” လို့ သူက ပြောပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး # သတင်းဆောင်းပါး #ဝမ်ပေါင် #လက်ပံတောင်းတောင် #ကြေးနီစီမံကိန်း #တရုတ် #စစ်တပ် #ဒေသခံ #စီးချင်းတိုက်ပွဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10